30 C
Yangon

စစ်တပ်နှင့်ရဲများက ခရီးသွားပြည်သူနှင့်ကားများကို ခြိမ်းခြောက် ငွေတောင်း၊ စစ်ကိုင်းတွင် စစ်တပ်နှင့် ရဲများက ကုန်ကားနှင့်ဆီကားများထံမှ ဆက်ကြေး ငွေ ၃ သိန်းမှ ၈ သိန်းအထိ တောင်းနေ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

မြန်မာတစ်နိုင်ငံလုံးတွင် စစ်တပ်နှင့်ရဲများက ခရီးသွားပြည်သူများ၊ ခရီးသွားကားများကို အကြောင်းအမျိုးမျိုးပြ ခြိမ်းခြောက် ငွေတောင်းယူမှုများ မြင့်တက်နေပြီး စစ်ကိုင်းတိုင်းတွင် ကုန်ကားနှင့်ဆီဘောက်ဆာများကို စစ်တပ်နှင့် ရဲက တစ်စီးလျှင် ငွေကျပ် ၃ သိန်းမှ ၈ သိန်းအထိ တောင်းခံနေ၍ စစ်ကောင်စီထံ လုပ်ငန်းရှင်များက တိုင်ကြား ကြကြောင်း သိရှိရသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန် စစ်ကိုင်းတိုင်းစစ်ကောင်စီရုံး အစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်သော တိုင်းဒေသကြီးအတွင်းရှိ ကလေး၊ ရွှေဘို၊ စစ်ကိုင်း၊ မုံရွာခရိုင်များမှစက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ရေနံလုပ်ငန်းရှင်များအသင်းက စစ်တပ်နှင့်ရဲဂိတ်များတွင် ဆီဘောက်ဆာကားတစ်စီးလျှင် ငွေကျပ် ၃ သိန်းမှ ၈ သိန်းအထိ ပေးနေရကြောင်း တိုင်ကြားကြသည်။

စစ်ကိုင်းတိုင်း ကုန်စည်သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများတွင် ကုန်တင်ယာဉ်များ၊ဆီသယ်ယာဉ်များနှင့် အခြားယာဉ်များကို စစ်တပ်နှင့်ရဲက ငွေကြေးကောက်ခံရာတွင် လုပ်ငန်းရှင်များဘက်က လမ်းကြောင်းအလိုက်၊ စစ်နှင့် ရဲဂိတ်များကို‌ ငွေကျပ် အနည်းဆုံး ၃ သိန်းမှ ၈ သိန်းအထိ ပေးနေကြရကြောင်း ပြောဆိုကြသည်။

စစ်ကိုင်းတိုင်း၊ မုံရွာ-ရွှေဘို-ဖောင်းပြင်-နမ်တော-ဆယ်ဇင်းသွားကားလမ်းတွင်
(၁) ရွှေဘိုမြို့ အဝင်ဂိတ် (၃၀၀၀၀) ကျပ်
(၂) ရွှေဘိုမြို့ စက်မှုဇုန်လမ်းခွဲဂိတ် (၅၀၀၀၀ )ကျပ်
(၃) ကိုးပင် စစ်ဆေးရေးဂိတ် (၆၅၀၀၀) ကျပ်
(၄) ဇင်းဂိတ် (၂၀၀၀၀) ကျပ်
(၅) လှတောရဲစခန်းဂိတ် (၁၀၀၀၀၀) ကျပ် စုစုပေါင်း ၂၆၅၀၀၀ ကျပ် ပေးရကြောင်း လုပ်ငန်းရှင်များက တိုင်ကြားကြသည်။

ထို့အတူ စစ်ကိုင်းတိုင်း၊ မုံရွာ-နောင်ကြီးအိုင်-ဘုတလင်-ဒီပဲယင်း-ရေဦးသွားကားလမ်းတွင်
(၁) စိုင်ပြင်မြို့ဂိတ် (၅၀၀၀၀) ကျပ်
(၂) ဒီပဲရင်း ရဲဂိတ်(၂)ခုအနက်မှ တစ်ဂိတ်လျှင် (၁၀၀၀၀၀) ကျပ်နှုန်း
(၃) ဒီပဲယင်း တပ်ဂိတ်(၂)ခုအနက်မှ တစ်ဂိတ်လျှင် (၁၅၀၀၀၀)ကျပ်နှုန်း
(၄) ရေဦးမြို့ထဲ ဂိတ်ပေါင်းစုံ (၂၅၀၀၀၀) ကျပ်

စုစုပေါင်း ငွေကျပ် ၈ သိန်းပေးရကြောင်း လုပ်ငန်းရှင်များက စစ်ကိုင်စစ်ကောင်စီကိုတိုင်ကြားကြသည်။

အလားတူ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ ရန်ကုန်မြို့တွင်း၊ မန္တလေးမြို့တွင်းတွင် စစ်တပ်နှင့်ရဲများက ပုံစံအမျိုးမျိုးဖြင့် ခြိမ်းခြောက် ငွေညှစ်နေကြောင်း သိရှိရသည်။

“အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ ၆နာရီ၄၀မိနစ်အချိန် ရန်ကုန်မှ မန္တလေးသို့ အဲကွန်းတွေမှာထားလို့ သွားပို့တုန်း အင်းတကော်မြို့ ဝမ်းဘော်ဒက် ဂိတ်အရောက် စစ်သားသုံးဦးစစ်ဆေးပါတယ်။ ထိုသုံးဦးထဲမှ တပ်ကြပ်တစ်ဦးက ကားလိုင်စင်ဝှီးတက်များတောင်းပါတယ်။ အချက်အလက်မစုံပါကဒဏ်ကြေးဆောင်ရမယ်ုလိ့ပြောတယ်။ နောက်ထပ်ရဲဘော်တစ်ယောက်က သူကတပ်ရေးဗိုလ်တပည့်ဟုပြောပြီး သေနတ်မောင်းဆွဲကာချိန်ထားပါတယ်။ အနားမှာရှိသောအရပ်ဝတ်နှင့်တစ်ကောင်မှ ဒဏ်ကြေးများများတောင်းမှရမှာ။ ငါတို့ကတပ်နယ်မှူးကိုတစ်လ ၁၀ သိန်းပုံမှန်ပို့နေရတာလို့ ပြောတယ်။ ကားနဲပတ်သက်တဲ့စာရွက်စာတမ်းစုံတာတောင် အလှူငွေဆိုပြီး ၅၀၀၀ တောင်းတယ်” ဟု ရန်ကုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၁ ရက်နေ့ အင်းတကော်မြို့ ဂိတ်တွင် လိုင်စင်တောင်းသူ တပ်ကြပ်ရင်ခိုင် (မော်တော်ယဥ် အုပ်စု)၊တပ်ကြပ်ကြီးနိုင်လင်းအောင်တို့ ဦးဆောင်တောင်းခံကြခြင်းဖြစ်သည်ဟု သိရှိရသည်။

မန္တလေးတိုင်း၊ ဧရာ၀တီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာ ရီတိုင်းတို့တွင် လည်း စစ်တပ်နှင့်ရဲများက ဂိတ်များဖွင့်လှစ်ပြီး ပြည်သူများထံမှ ငွေကြေး အဆမတန် ခြိမ်းခြောက်တောင်းခံနေကြ သည်ဟု သိရှိရသည်။

ထို့ပြင် ပြည်သူများ စီးနင်းသည့် ဆိုင်ကယ်များကိုလည်း တစ်နိုင်ငံလုံးတွင် စစ်တပ်နှင့်ရဲက လုယက် ဖမ်းဆီး ပြီး ငွေဖြင့် ပြန်ရွေးခိုင်းမှုများ၊ ဖမ်းဆီးရမိသော ဆိုင်ကယ်များကို စစ်တပ်နှင့်ရဲများက ရောင်းစားမှုများ အများအပြား ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်.။

ဓာတ်ပုံ- ရန်ကုန်မြို့တွင် ယမန်နှစ် အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များက ပြည်သူများ၏ ဆိုင်ကယ်များကို အဓမ္မ လုယက်နေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article