36 C
Yangon

အမေရိကန်၊ လော့စ်အိန်းဂျလိစ်တွင် မသောက်မိသော မိုးခါးရေ ရုပ်ရှင်ပြပွဲ ဒေါ်လာ လေးသောင်းကျော်ရရှိပြီး PDF များထံပေးပို့မည်

Must read

ရန်ကုန်၊ ​အောက်တိုဘာ ၃၁

အ​မေရိကန်၊ Los Angeles Organizers for Burma အဖွဲ့မှ ဦးဆောင်၍ Los Angeles အ‌ခြေစိုက် မြန်မာအသင်းအဖွဲ့ပေါင်းစုံတို့ ပူးပေါင်းစီစဉ်တင်ဆက်သော ဒါရိုက်တာ ကိုပေါက်ရိုက်ကူးသည့် “မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင်အထူးပွဲ ကို အမေရိကန်နိုင်ငံ လော့စ်အိန်းဂျလိစ်မြို့ Baldwin Park Performing Arts Center တွင် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီခွဲ မှ ည‌နေ ၆ နာရီအထိ ပွဲစဥ် ၂ ပွဲ ရုံပြည့် ပြသခဲ့ပါသည်။

တကယ့်ဖြစ်ရပ်မှန် ရုပ်ရှင်ဇာတ်လမ်းတိုကို ဒါရိုက်တာ ကိုပေါက်က မြန်မာနိုင်ငံနယ်စပ်တောတွင်း လွတ်မြောက်နယ်မြေများတွင် iPhone 11 ဖုံးကင်မရာဖြင့် ကိုယ်တိုင်စီစဥ်ညွှန်ကြားရိုက်ကူးခဲ့ခြင်းဖြစ်ပြီး CDM (Civil Disobedience Movement) စစ်ဗိုလ်တစ်ဦး၏ ဖြစ်ရပ်မှန်ကို အခြေခံ ရိုက်ကူးထားခြင်း ဖြစ်ပါသည်။

“မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင်အထူးပွဲ ကို လော့စ်အိန်းဂျလိစ်မြို့နှင့် အနီးတဝိုက်တွင် နေထိုင်ကြသော မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများ ၆၀၀ ကျော် နှင့် အမေရိကန်မိတ်ဆွေမိသားစုများက တခဲနက် တက်ရောက် အားပေးကြည့်ရှုခံစား ကြပါသည်။

ထူးခြားချက်မှာ- ၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၃ ရက် ည ၈ နာရီ အချိန်၌ အကြမ်းဖက်စစ်ကောင်စီလေယာဥ်ပျံများက ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါကျေးရွာတွင် အပြစ်မဲ့ပြည်သူများနှင့် ဂီတအနုပညာရှင်များကို ရက်စက်ကြမ်းကြုတ်စွာ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်သည့် ဝမ်းနည်း ကြေကွဲဖွယ်ရာ ဖြစ်ရပ်ကြောင့် မြန်မာပြည်ဖွားတိုင်းရင်းသားမိသားစုများက အစုလိုက်အပြုံလိုက်လူသတ်မှု နှင့် မတရားမှုတို့ကို ဆန့်ကျင်တော်လှန်သည့်အနေဖြင့် ရုပ်ရှင်ကြည့်ပရိသတ် ပိုမိုများပြားစွာ လာရောက်ကြကြောင်း သိရပါသည်။

“မသောက်မိသော မိုးခါးရေ” (The Road Not Taken) ရုပ်ရှင်အထူးပွဲကို အားပေးကြည့်ရှုကြသည့် မြန်မာရုပ်ရှင်ချစ်ပရိသတ်များသည် မိုးခါးရေ အမှတ်တရ တီရှပ်များဆင်တူများ ဝတ်ဆင်ကာ နွေဦးတော်လှန်ရေးစိတ်ဓာတ်တူညီစွာဖြင့် အားပေးကြည့်ရှုခံစားကြသဖြင့် မိုးခါးရေ အမှတ်တရ တီရှပ်များအထူးရောင်းကောင်းပြီး ရန်ပုံငွေနှင့်အလှူငွေများ ပိုမိုရရှိကြောင်း ပွဲစီစဥ်သူများက ဆိုသည်။

ရန်ပုံငွေ တီရှပ်များအပြင် ရန်ပုံငွေအစားသောက်စျေးရောင်းပွဲကိုပါ စီစဥ်ထားသဖြင့် အမေရိကန်ပွဲတော်များကို သွားရောက်အားပေးရသကဲ့သို့ ပြည့်စုံစုံလင်သော မြန်မာပွဲတော် All in one တခုကို ဂုဏ်ယူစဖွယ် တက်ရောက်ရသလို ခံစားမိကြောင်း ပွဲလာပရိသတ်များက ခံစားပြောဆိုကြပါသည်။

အထူးအစီအစဉ်အနေဖြင့် မော်တော်ကားမဲဖောက်ခြင်း အစီအစဥ်ကို ပွဲစဥ် ၂ ပွဲကြားတွင် တိက်ရိုက်ထုတ်လွှင့်ခြင်းအစီအစဥ်ဖြင့် စီစဥ်ပြသ သဖြင့် ရုပ်ရှင်ပွဲလာမြန်မာပြည်ဖွားပရိသတ်များ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်မျှော်အားပေးခဲ့ကြောင်း တွေ့ရပါသည်။

ရန်ပုံငွေစုစုပေါင်း ​ဒေါ်လာ ၄၀၀၀၀ ကျော်လက်ခံရရှိခဲ့ကြောင်း၊ ပွဲအောင်မြင်မှုသတင်းနားစွင့်ပြီး ပွဲမလာနိုင်သူ မြန်မာပြည်ဖွားမိသားစုများက မြန်မာ့နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေအလှူငွေများ ဆက်လက်လှူဒါန်းကြမည်ဖြစ်ကြောင်း ကြားသိရပါသည်။

ရန်ပုံငွေအလှူငွေများကို မြန်မာနိုင်ငံအနှံ့ အရေးပေါ် လိုအပ်နေသည့်မြို့ရွာများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွန်းလှန်တော်လှန်စစ် စတင်ဆင်နွှဲနေကြသော PDF တပ်ဖွဲ့တင်များထံ အမြန်ဆုံး‌ ပေးအပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article