36 C
Yangon

မုန်းမြို့နယ်၊ တခေါ့ပွာကျေးရွာမှ အမျိုးသမီးတစ်ဦးကို စစ်တပ် ခမရ ၅၉၉ တပ်ဖွဲ့က အဓမ္မပြုကျင့် သတ်ဖြတ်ပြီး ရွှေငွေများ ခိုးယူသွား

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်၊ တခေါ့ပွာကျေးရွာရှိ ဒေသခံအမျိုးသမီးတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၉ က အဓမ္မပြုကျင့် သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

” ၂၂ ရက် မနက်ပိုင်းက မုန်းမြို့နယ် တုန်းတောကျေးရွာ တပ်ရင်း ခမရ ၅၉၉ က စစ်ခွေးတွေက လယ်ကွင်း ထဲမှာနေတဲ့ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ပါတယ်။ ဆွဲကြိုးတစ်ကုံး၊ နားကပ်၊ လက်စွပ်တွေ၊ ပိုက်ဆံအချို့လည်း ပျောက်ဆုံးနေပါတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

KNU တပ်မဟာ ၃ နယ်မြေ၊ မုန်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက်စစ်တပ်သည် အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းတွင် အောင်းလောင်းစိန်ကျေးရွာမှ ပြည်သူပိုင်နေအိမ် နှစ်လုံးနှင့် ကြံခင်းတစ်ခင်းကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် တခေါ့ပွာရွာသူ အမျိုးသမီးကိုပါ သတ်ဖြတ်သွားခဲ့ခြင်းဖြစ်သည်။

လက်ရှိ မုန်းမြို့နယ်အတွင်း၌ ဒေသခံပြည်သူများသည် တောတောင်တွင်း ပုန်းအောင်းနေကြရပြီး ရပ်ရွာများအတွင်း လူသူမရှိ ဖြစ်နေကြောင်း သတင်းရရှိသည်။

“ရွာတွေထဲမှာက ဘယ်သူမှ မကျန်တော့ဘူး၊ သူလည်း စပါး လာပြန်ရိတ်ရင်းနဲ့ လယ်ထဲက တဲမှာ အသတ်ခံရတာ” ဟု ဒေသခံက ဆက်ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ခြင်း၊ လက်နက်ကြီး ရမ်းသန်းပစ်ခတ်ခြင်းများ ပြုလုပ်နေပြီး အောက်တိုဘာလ ၂၈ ရက်နေ့ ညပိုင်းတွင် စစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်သည် သစ်ချဆိပ်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲကာ ပြည်သူတစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရကြောင်း ကရင်အမျိုးသားအစည်းအရုံးက သတင်းထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article