30 C
Yangon

စစ်ကိုင်း၊ ယင်းမာပင်နှင့်ပုလဲမြို့နယ်တွင် အောက်တိုဘာလအတွင်း စစ်တပ်က လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂ ကြိမ်ကျူးလွန်ခဲ့ပြီး စုစုပေါင်း လူ ၃၀ ဦးကျော်ကို ပစ်ခတ် မီးရှို့သတ်ဖြတ်

Must read

ရန်ကုန်၊ အောက်တိုဘာ ၃၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်တို့တွင် စစ်တပ်က အောက် တိုဘာလအတွင်း လူအစုလိုက်အပြုံ လိုက် သတ်ဖြတ်မှု ၂ ကြိမ်ကျူးလွန်ခဲ့ပြီး စုစုပေါင်း လူ ၃၀ ကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရွှေလှံရွာကျေးတွင် စစ်တပ်အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် အရပ်သားပြည်သူ ၃ ဉီးနှင့် PDF ကာကွယ်ရေးအဖွဲ့ဝင် ၁၂ ဦးကို အစု လိုက်အပြုံလိုက် ပစ်ခတ်ခြင်းနှင့်မီးရှို့ သတ် ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ရွှေလှံကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ များ၊ ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ စုစုပေါင်း ၁၅ ဦးကို မီးရှို့ သတ်ဖြတ်သွားကြောင်း၊ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းသို့ ဝင်ရောက် စီနင်းခဲ့ပြီး ကိုယ် ဝန်ဆောင်သည် အမျိုးသမီး ၁ ဦးနှင့် အဖွားအို ၁ ဦးကို ပစ်သတ်ပြီးနောက် PDF ရဲဘော်များကိုလည်း မီးရှို့ သတ်ဖြတ် သွားခဲ့ကြောင်း ယင်းမာပင်PDF ခေါင်း ဆောင် ဗိုလ်သံမဏိက ပြောဆိုသည်။

” ကိုယ်ဝန်သည်အမျိုးသမီးနဲ့ အဖွားက ပျားအိုရွာကပါ။ စစ်ခွေးတွေ ရွာထဲ ဝင်ဝင်လာချင်းကို ပစ်သတ်ခံရတာ PDF ရဲဘော် ၁၀ ဦးကိုလည်း မီးရှို့ သတ်ဖြတ်သွားတယ်” ဟု ဗိုလ်သံမဏိက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၀ လုံးနှင့် ဆိုင်ကယ် ၉ စီးကိုလည်း မီးရှို့ ဖျက်ဆီးသွား​ပြီး ညနေ ၂ နာရီ ၄၀ ခန့်တွင် MI 35 ၁ စီး၊ MI 17 ၂ စီးဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ပြန် လည် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်း အောက်တိုဘာလ ၂၅ ရက်နေ့က အကြမ်းဖက် စစ်တပ်က ပုလဲမြို့နယ် ပကဖ ရုံးချုပ်ကို ရဟတ်ယာဥ် ၅ စီးဖြင့် ဝင်ရောက် စီးနင်းပြီးနောက် PDF များက ဖမ်းဆီးထားသည့် အကျဥ်းသား ၁၂ ဦး၊ ၈ တန်းကျောင်းသား ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၃ ဦးကို စစ် တပ်က သတ်ဖြတ်သွားကြောင်း ဒေသခံများနှင့်ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရှိရသည်။

ပုလဲမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများသည် အောက်တိုဘာလ ၂၇ ရက်နေ့အ ထိ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်က ၃၀ ကျော်ထက်မနည်း သေဆုံးပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဆုတ်ခွာသွားပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့များ နယ် မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ပကဖ ရုံးတွင် ဖမ်းဆီးထားသည့် အကျဥ်းသား ၁၂ ဦးကို စစ်တပ်က သတ်ဖြတ်သွားပြီး သဲပြင်ကျယ်ရွာရှိ ပြည်သူပိုင် နေ အိမ် ၆ လုံးနှင့်အတူ အမည်မသိ ရုပ်အလောင်းများကိုလည်း မီးရှို့သွားခဲ့ကြောင်း သိရသည်။

စစ်တပ်က သတ်ဖြတ်သွားသူများတွင် ၈ တန်းကျောင်းသား တစ်ဦးအပါအဝင် ပြည်သူ ၃ ဦးပါ ပါဝင်ကြောင်း၊ စစ်တပ်က ဖလံပင်ကျေးရွာမှ နေအိမ် ၆ လုံး၊ သဲပြင်ကျယ်ကျေးရွာမှ အိမ် ၄ လုံး၊ ပရိုဘောက် ကားတစ်စီးတို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ငွေကျပ် သိန်း ၁၇၀၀ ကျပ်၊ လက်ပ်တော့၊ ပရင့်တာနှင့် အခြားအသုံးအဆောင်ပစ္စည်းများကို သိမ်းယူ ဖျက်ဆီးသွားကြောင်း၊ ဆုံးရှုံးမှု တန်ဖိုး သိန်း ၂၀၀၀ ကျပ်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယင်းမာပင်မြို့နယ်၊ ရွှေလှံကျေးရွာတွင် လူများကို ဖမ်းဆီးပြီးနောက် မီးရှို့သတ်ဖြတ်ထားမှုနှင့် ကျေးရွာကို မီးရှို့ထားသည့်မြင်ကွင်းများဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article