31 C
Yangon

Must read

ကွယ်လွန်ခဲ့ပြီးဖြစ်သော KNU တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့နှင့် ဘီးလင်းအမတ် ဦးကျော်မျိုးမင်း တို့က ကျိုက်ထီးရိုးဘုရားဖူး တောင်တက်ဂိတ်ကို တိုက်ခိုက်ရန် အကွက်ချစီမံခဲ့ဟု စစ်တပ်က လိမ်လည် သတင်းထုတ်ပြန်

ရန်ကုန်၊ အောက်တိုဘာ ၃၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ကျိုက်ထီးရိုး ဘုရားဖူး ၃ ဦးကို စစ်တပ်က ပစ်သတ်ခဲ့သော်လည်း ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်ကို တိုက်ခိုက်မှုမှာ ယမန်နှစ် ကတည်းက ကွယ်လွန်ခဲ့သော KNU တပ်မဟာ ၁ မှူးနှင့် လွန်ခဲ့ သော ၄ လခန့်က စစ်တပ်၏ သတ်ဖြတ်မှုကြောင့် ကွယ်လွန်သူ ဘီးလင်းအမတ် ဦးကျော်မျိုးမင်းတို့က စီစဉ်အကွက်ချသူများအဖြစ် အကြမ်းဖက်စစ်ကောင်စီက ယနေ့ လိမ်လည်သတင်းထုတ်ပြန်သည်။

ယနေ့ အကြမ်းဖက်စစ်ကောင်စီက ထုတ်ပြန်သော သတင်းလိမ်ထုတ်ပြန်ချက်တွင် ကျိုက်ထီးရိုးဘုရားဖူး ၃ ဦးကို KNU နှင့် PDF က အကွက်ကျကျ စီမံတိုက်ခိုက်ခဲ့ကြောင်း ဇယားကွက်နှင့်တကွ ထုတ်ပြန်လာပြီး ယင်းဇယားကွက်တွင် ယမန်နှစ် ၂၀၂၁ ခုနှစ် ၊ ဩဂုတ်လ ၁၀ ရက်နေ့တွင် သွေးတိုးရောဂါဖြင့် ကွယ်လွန်ခဲ့သော KNU တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောပလေ့၊ ၂၀၂၂ ခုနှစ် ဇွန်လ ၂၂ ရက်နေ့ စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သော ဘီးလင်း မြို့နယ်မှ မွန်ပြည်နယ် လွှတ်တော်အမတ် ဦးကျော်မျိုးမင်းတို့ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ ကျိုက်ထီးရိုးတောင်တက်ဂိတ် တိုက်ခိုက်မှု၏ အကွက်ချ ကြံစည်သူများအဖြစ် လိမ်လည် သတင်းထုတ်ပြန်ထားခြင်းဖြစ် သည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှာလည်း စစ်အာဏာသိမ်းချိန်ကတည်းက စစ်တပ်က ဖမ်းဆီးထားခဲ့ခြင်းဖြစ်သော်လည်း စစ်ကောင်စီက ကျိုက်ထီးရိုးတောင်တက်ဂိတ် တိုက်ခိုက်မှု၏ စီစဉ်သူအဖြစ် ထည့်သွင်းဖော်ပြထားသည်။

” ဗိုလ်မှူးချုပ်စောပလေ့က မနှစ် ဩဂုတ် ၁၀ ရက်မှာ ကွယ်လွန်ခဲ့တာ KNU က သတင်းထုတ်ပြန်ပြီးသား။ ဘီးလင်း NLD ဥက္ကဋ္ဌ ဘီးလင်းအမတ် ဦးကျော်မျိုးမင်းကို စစ်တပ်က ဇွန်လ ၂၂ ရက်နေ့မှာ ဖမ်းဆီးပြီး သတ်ဖြတ်လိုက်တာ သတင်းတွေတက်ပြီးသား။ လွန်ခဲ့ ၁ နှစ်လောက်က ကွယ်လွန်ခဲ့တဲ့ သူနဲ့ လွန်ခဲ့တဲ့ ၄ လလောက်က စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လို့ ကွယ်လွန်ခဲ့သူတွေက အောက်တိုဘာ ၁၂ ရက် ကျိုက်ထီးရိုးဘုရားတောင်တက်ဂိတ်ကို ပစ်ခတ်ပြီး ဘုရားဖူး ၃ ဦးကို ပစ်သတ်တယ်လို့ သတင်းထုတ်ပြန်တာက စစ်တပ်က အတော်ကိုရယ်စရာကောင်းပါတယ်။ ဒီလူတွေ တကယ့်ကို ရူးကုန်ကြတာလား မသိဘူး။ တကယ့်ကို ရွံ့ရှာဖို့ကောင်းတယ်။ စစ်တပ်သတင်းပြန်ကြားရေး က လူတွေက တကယ့်ကို အာဏာအတွက် ရူးကုန်ကြပြီ။ ဟာသတွေပဲဗျ” ဟု ကျိုက်ထီးရိုးဘုရားဖူး ၃ ဦးကို စစ်တပ်က ပစ်ခတ်၍ သေဆုံးသည့်ဖြစ်စဉ်ကို သေချာသိရှိထားသော ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက ကျိုက်ထီးရိုးဘုရားဖူး ၃ ဦးကို ပစ်ခတ်သတ်ဖြတ်ပြီးနောက် KNU၊ PDF က သတ်ဖြတ်သည်ဟုဆိုကာ ဘာသာရေး ဆက်နွယ်အောင် ပြုလုပ်ပြီး စစ်အာဏာရှင် တော်လှန်ရေးကို အင်အား ချိနဲ့ စေရန်၊ ပြည်သူ ထောက်ခံမှု မရှိစေသည့်ပုံစံ၊ ဗုဒ္ဓဘာသာ တိုက်ခိုက်နေရသည့်ပုံစံဖြစ်အောင် မှိုင်းတိုက်လာခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာသူများက ပြောဆိုကြသည်။

ဓာတ်ပုံ- စစ်တပ်၏ ယနေ့ညနေပိုင်း လိမ်လည်သတင်းထုတ်ပြန်ချက်တွင် သေဆုံးသူများက အကွက်ချ စီမံခဲ့သူများအဖြစ် လိမ်လည်ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article