25 C
Yangon

ကော့ကရိတ်မြို့အနီးတွင် Lion Battalion ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်ပြီး စစ်တပ်နှင့် BGF ဘက်မှ ၂၄ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးတွင် အကြမ်းဖက်စစ်တပ်၊ BGF ပူးပေါင်းတပ်နှင့် Lion Battalion ပူးပေါင်းတပ်ဖွဲ့များကြား နိုဝင်ဘာလ ၁ ရက်နေ့ ယမန်နေ့၌ အနီးကပ်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂၄ ဦးခန့် သေဆုံးကာ Lion Battalion ပူးပေါင်းအဖွဲ့ဘက်မှ ၁ ဦး ကျဆုံးကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ကော့ကရိတ်မြို့အနီးကို စိုးမိုးထားသော ဗိုလ်အယ်စေးဝါးဦးဆောင်သည့် Lion Battalion နှင့် ပူးပေါင်းတပ်များကို စစ်တပ်၊ BGF က ထိုးစစ်ဆင်လာပြီး အနီးကပ် ထိတွေ့တိုက်ပွဲပုံစံ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်နှင့် BGF ဘက်မှ ၂၄ ဦး သေဆုံးခဲ့ကြောင်း Lion Battalion Commando စစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“တိုက်ပွဲက အနီးကပ်ကိုဖြစ်တာ။ သူတို့ကို ဒီဘက်က ဒရုန်းတွေနဲ့ တိုက်ထားတော့ အထိနာပြီး အလုံးအရင်းနဲ့ကို ထိုးစစ်ဆင်တာ။ ကျနော်တို့ဘက်ကလည်း ပူးပေါင်းတပ်တွေအားလုံးက ပြန်တိုက်ခိုက်တယ်။ ဘယ်လောက် နီးကပ်လဲဆိုရင် တစ်ဖက်နဲ့ တစ်ဖက် ပေ ၂၀ လောက်ပဲ ကွာမယ်ထင်တယ်။ အဲဒါ စစ်တပ်ဘက်ကလည်း ၂၀ ကျော်လောက်သေတယ်။ နောက်ပြီး ဒီနေ့ မဲဆောက်ဘက်ကို BGF စစ်သားတွေ ထိခိုက်ဒဏ်ရာရတွေ လာပို့တာမှာ လမ်းမှာ တင် ၃ ဦး၊ ၄ ဦးလောက် ထပ်သေတယ်လို့ သိရပါတယ်။ သေစာရင်းဆိုရင် ၂၄ ဦးလောက်တော့ ရှိမယ်ခင်ဗျ။ ဒီနေ့တော့ သူတို့ဘက်က ငြိမ်နေတယ်” ဟု Lion Battalion Commando – ဗျူဟာစစ်ကြောင်းမှ ပြန်ကြားရေး တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

အောက်တိုဘာလ ၂၁ တွင် ကော့ကရိတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့များ စခန်းချရာ ခရိုင်ရဲရုံးနှင့် ထွေအုပ်ရုံးများကို Lion Battalion၊ KNLA ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲသည် ၈ နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်သားနှင့် ရဲ အများအပြား သေဆုံးခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ အလွန်အကျွံ အသုံးပြုခဲ့သည်။

မြို့သိမ်းတိုက်ပွဲများ ဖြစ်လာမည့် သတင်းများကြောင့် စစ်ကောင်စီတပ်သည် KNU တပ်မဟာ ၆ နယ်မြေအတွင်း၌ အင်အားအများအပြား ဖြည့်တင်းနေသလို မြဝတီမြို့၌လည်း အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ လက်ပါးစေ BGF တပ်ဖွဲ့ဝင်များ အင်အားအများအပြားဖြင့် ကင်းလှည့်ခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင်း အကြမ်းဖက်စစ်တပ်နှင့် ကော်သူးလေတပ်မတော် Lion Battalion၊ KNLA ပူးပေါင်းတပ်ဖွဲ့ကြား စစ်ရေးတင်းမာနေကာ နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ စစ်ကောင်စီ၏ ရှေ့တန်းစခန်းနှင့် ရဲစခန်း အနည်းဆုံး ၃ ခုကို KNLA ပူးပေါင်းတပ်ဖွဲ့က အောက်တိုဘာလအတွင်း၌ တိုက်ခိုက်သိမ်းပိုက်ထားခဲ့သည်။

ဓါတ်ပုံ – ကော်သူးလေတပ်မတော် Lion Battalion တပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article