37 C
Yangon

မြန်မာပြည်သူများအား အကူအညီပေးနေသည့် လုပ်ငန်းများတွင် ဘေးဒုက္ခကြီးကျရောက်လာနိုင်ဟု ကျွမ်းကျင်သူများသတိပေး

Must read

By Emanuel Stoakes

စစ်ကောင်စီ၏ အာဏာသိမ်းမှုအား အသိအမှတ်ပြုရာ ရောက်မည်ကို စိုးရိမ်နေသော ပြည်တွင်းနှင့် နိုင်ငံတကာအကူအညီပေးရေး အေဂျင်စီများအနေဖြင့် တရားမဝင်လုပ်ငန်း လည်ပတ်မည့် လမ်းကြောင်းနှင့် စစ်ကောင်စီထံတွင် မှတ်ပုံတင်ဆောင်ရွက်မည့် လမ်းကြောင်းတို့အကြား လွန်ဆွဲမှုများဖြစ်ပေါ်လျက်ရှိသည်။

အကူအညီ ခွဲဝေဖြန့်ဖြူးမှုများအပေါ် အပြည့်အဝ ချုပ်ကိုင်ခွင့်ရယူထားသည့် ဥပဒေတစ်ရပ်ကို မြန်မာစစ်ကောင်စီက ပြဋ္ဌာန်းလိုက်အပြီး အတိဒုက္ခရောက်နေသောမြန်မာလူထုအား အကူအညီပေးအပ်နေသည့် လုပ်ငန်းများအပေါ် “ကပ်ဘေးကြီးတစ်ခု” ကျရောက်နိုင်သည်ဟု သတိပေးချက်များ ပေါ်ထွက်လာခဲ့သည်။

ပြဋ္ဌာန်းလိုက်သည့် စည်းမျဉ်းအသစ်များက ဆင်းရဲဒုက္ခရောက်နေသော လူထုအသိုင်းအဝန်းများထံသို့ အကူအညီ လက်လှမ်းမီနိုင်စွမ်းကို ဆိုးဆိုးဝါးဝါး ထိခိုက်စေလျက်ရှိပြီး အချို့အစီအစဉ်များကို အလုံးအရင်းဖြင့် ပိတ်သိမ်းလာရနိုင်ချေရှိသည်ဟု ရန်ကုန်ရှိ အကူအညီအေဂျင်စီ သတင်းရင်းမြစ်များက ၎င်းတို့၏အမည်ကိုမဖော်ပြရန် မေတ္တာရပ်ခံလျက် Guardianသတင်းဌာနကို ပြောကြားသည်။

ပြီးခဲ့သည့်လ၊ လကုန်ပိုင်းက အတည်ပြုထုတ်ပြန်ခဲ့သော “အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ” အရ စစ်ကောင်စီက အမည်ပျက်စာရင်း သွင်းထားသောအုပ်စုများနှင့် အကူအညီပေးသူများအကြား “တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ” မည်သည့်ဆက်သွယ်မှုမျိုးကိုမဆို ပိတ်ပင်တားမြစ်ထားသည်။ ထိုသို့ အမည်ပျက်စာရင်း သွင်းခံထားရသူများတွင် ဒေသအချို့မှ ဆင်းရဲချို့တဲ့သူများထံသို့ အကူအညီ ပေးအပ်ရာ၌ ဂိတ်မှူးများသဖွယ် ဆောင်ရွက်ပေးနေသည့် နိုင်ငံရေးအဖွဲ့အစည်းများလည်း ပါဝင်နေသည်။

ယင်းဥပဒေသည် Oxfam ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများအပြင် ပြည်တွင်း အရပ်ဖက်အဖွဲ့အစည်းများ (CSO)ဟု ခေါ်ဆိုသည့် နိုင်ငံအတွင်းရှိ အကူအညီပေးရေး အုပ်စုများအပေါ်တွင်လည်း အကျုံးဝင် သက်ရောက်မှုရှိသည်။

အဆိုပါဥပဒေအရ ပြည်တွင်း၊ ပြည်ပအကူအညီပေးရေးအဖွဲ့များသည် နွမ်းပါးသည့်ရပ်ရွာလူထုနှင့် တရားဝင် ပူးပေါင်းအလုပ်လုပ်ကိုင်နိုင်ရေးအတွက် စစ်ကောင်စီက ထုတ်ပေးသည့် အသိအမှတ်ပြု လက်မှတ်များ ရယူထားရန်လိုအပ်သည်။ သို့ရာတွင် CSOs အများစုကမူ စစ်ကောင်စီထံ၌ မှတ်ပုံတင်ရန် ငြင်းဆိုကြမည်ဟု ယုံကြည်မျှော်လင့်ရပြီး လက်ရှိအကူအညီပေးရေး ကွန်ရက်များသည် တရားဝင် ဆက်လက်လုပ်ကိုင်နိုင်ဖွယ် မရှိတော့ကြောင်း ရန်ကုန်ရှိလူသားချင်း စာနာမှုဆိုင်ရာ အရာရှိများက ပြောကြားသည်။

ဒီမိုကရေစီ နည်းလမ်းတကျ ရွေးကောက်ထားသည့် အစိုးရကို ယမန်နှစ်ဖေဖော်ဝါရီက ဖြုတ်ချခဲ့အပြီး ဖြစ်ပွားလာသော နိုင်ငံတစ်ဝှမ်းဆူပူဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်နှိမ်နှင်းခဲ့သည်။ စစ်တပ်က အာဏာရယူပြီးသည့်အချိန်မှစတင်၍ လူပေါင်း ၅ သိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီးဖြစ်သည်ဟု ကုလသမဂ္ဂလူသားချင်း စာနာမှုအကူအညီပေးရေးအဖွဲ့ OCHA က ပြောဆိုထားပြီး နောက်ထပ်လူဦးရေ ၁၅ သန်းခန့်မှာလည်း အသင့်အတင့်မှသည် ပြင်းထန်သော စားနပ်ရိက္ခာမဖူလုံမှုနှင့် ရင်ဆိုင်နေရသည်။

စည်းမျဉ်းအသစ်များသည် မြန်မာနိုင်ငံ၌ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ပုံစံကို အခြေခံကျကျ ပြောင်းလဲသွားစေမည်ဖြစ်သလို အကူအညီ လက်ခံရရှိသူများအပေါ်တွင် ဆိုးကျိုးကြီးမားစွာ သက်ရောက်စေမည့် နည်းလမ်းများ ကျင့်သုံးလာမည်ကို စိုးရိမ်ပူပန်မိကြောင်း ရန်ကုန်ရှိ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတစ်ခုမှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။

“CSO အများစုရဲ့အမြင်အရတော့ မှတ်ပုံတင်လိုက်ရင်(စစ်ကောင်စီနဲ့) အာဏာသိမ်းမှုကို တရားဝင် အသိအမှတ်ပြုရာ ရောက်သွားမှာဖြစ်တဲ့အတွက် ဥပဒေကိုလိုက်နာပြီး မှတ်ပုံတင်ဖို့ကို သူတို့ငြင်းဆန်ကြလိမ့်မယ်။ အဲဒီတော့ ဒီအဖွဲ့အစည်းတွေဟာ “အလွန်ကြီးမားတဲ့အန္တရာယ်” တွေနဲ့ ထိတွေ့လာရလိမ့်မယ် ဆိုတဲ့အဓိပ္ပာယ်ပါပဲ။

နိုင်ငံတကာ အကူအညီပေးရေးအေဂျင်စီတွေဟာ မှတ်ပုံမတင်ထားတဲ့ CSO တွေနဲ့ပဲ ဆက်ပြီး အလုပ်လုပ်မလား၊ အကူအညီပေးအပ်တဲ့ပုံစံအပေါ် ထိခိုက်မှုရှိလာနိုင်မယ့် မှတ်ပုံတင်ထားတဲ့ အဖွဲ့တွေနဲ့ပဲဆက်ပြီး အလုပ်လုပ်မလား၊ ဒီလိုမှမဟုတ် လုပ်ငန်းတွေကို လျှော့ချသွားမလားဆိုတာ ရွေးချယ်ဖို့ဖြစ်လာတယ်။ အများစုကတော့ အကူအညီတွေလျှော့ချသွားမှာ ရှင်းလင်းထင်ရှားပါတယ်” ဟု ၎င်းတို့က ပြောဆိုသည်။

လူသားချင်းစာနာမှု အေဂျင်စီများမှ အခြားအရာရှိများကလည်း Guardian သတင်းဌာနသို့ အလားတူ ထင်မြင်ချက်များကိုတင်ပြခဲ့သည်။ အန္တရာယ်ကြီးမားလာလင့်ကစား “CSO အများအပြားသည် ၎င်းတို့ လုပ်ငန်းစတင်စဉ်ကတည်းက မှတ်ပုံမတင်ထားကြသလို (ယခုနေမြဲအတိုင်းသာ) ဆက်လက် လုပ်ကိုင်လိုကြသည်” ဟု မြန်မာအခြေစိုက် အခြားအရာရှိတစ်ဦးကလည်း အမည်မဖော်ပြရန် တောင်းဆိုလျက် မှတ်ချက်ပေးသည်။

“ယနေ့ အစီအစဉ်အများစုမှာ လုပ်ငန်းရဲ့အဓိကကျောရိုးဖြစ်နေတဲ့ CSO တွေအတွက် ဒီအချက်က အတော့်ကို ဆိုးဝါးလှပါတယ်” ဟု ရန်ကုန်အခြေစိုက် လူသားချင်းစာနာမှု လုပ်ငန်းဆိုင်ရာ အခြားအဖွဲ့အစည်းတစ်ခုမှ အရာရှိတစ်ဉီးကဆိုသည်။ တားမြစ်ထားသည့်အဖွဲ့များနှင့် ဆက်သွယ်မှုကို ပိတ်ပင်ခြင်းသည် ဝင်ထွက်သွားလာနိုင်မှုအပေါ် အမှန်တကယ် ထိခိုက်စေမည်ဖြစ်ကာ အချို့ အစီအစဉ်များအတွက်ဆိုလျှင် ဆောင်ရွက်ရန် လုံးဝမဖြစ်နိုင်တော့ကြောင်း ၎င်းတို့က ပြောကြားသည်။

Guardian သတင်းဌာနက ဆက်သွယ်ခဲ့သော်လည်း ရန်ကုန်ရှိ ကုလသမဂ္ဂအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များက မှတ်ချက်ပေးရန် ငြင်းဆိုသည်။ ထို့အတူ အီးမေးလ်ဖြင့် ဆက်သွယ် မေးမြန်းထားမှုများကိုလည်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

(The Guardian သတင်းစာပါ Emanuel Stoakes ၏ “Myanmar could face aid ‘catastrophe’, experts warn, after junta law change” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article