25 C
Yangon

ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

Must read

ရန်ကုန်၊ မေ ၁

မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ရေစကြိုမြို့နယ်၊ ရွှေချောင်းရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် နေအိမ် ၁ လုံး ထိမှန်ပျက်စီးကာ အသက် ၅၁ နှစ်အရွယ် ဦးသန်းဇော်လင်း ဒဏ်ရာအပြင်းအထန် ရရှိပြီး ဆေးရုံသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ဧပြီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်ခန့်တွင် ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများက ရေစကြိုမြို့နယ်၊ ကျောမကြားရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၆၄ နှစ်အရွယ် ဒေါ်ခင်ဝင်းမြင့် ရင်ဘတ်တွင် ကျည်စ ထိမှန်ကာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဧပြီလ ၁၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရေစကြိုမြို့နယ်၊ ပေါက်တောရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အသက် ၅၄ နှစ်အရွယ် ကျောင်းဆရာမ ဒေါ်ခင်စိုးမာ နောက်ကျောတွင် လက်နက်ကြီးကျည်စ ထိမှန်ပြီး သေဆုံးခဲ့ပါကြောင်း၊ ကျောင်းဆရာမ ဒေါ်ခင်စိုးမာသည် ရေစကြိုမြို့နယ် ကမ္မတောကျေးရွာ မူလတန်းကျောင်းတွင် တာဝန်ကျပြီး သူမ၏ အမျိုးသားနေထိုင်သည့် ပေါက်တောကျေးရွာတွင် လိုက်ပါနေထိုင်နေသူတစ်ဦးဖြစ်ကြောင်း သိရှိရသည်။

ရေစကြိုမြို့ ရုံးပေါင်းစုံအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် မူးရူးသောက်စားကာ ညစဉ် မြို့ပေါ်လူနေ ရပ်ကွက်များ၊ မြို့အနီးဝန်းကျင်ရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် မကြာခဏ ရမ်းကားပစ်ခတ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧပြီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် ပေါက်တောကြီးရွာမှ ဆိုက်တွဲ မောင်းသူ ကိုဝေဖြိုးလျှံသည် ခရီးသွား ပြည်သူ ၂ ဦးကို ရေစကြိုမြို့ပေါ်ရှိ ကားဂိတ်သို့ လိုက်ပို့ပြီး အပြန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရုံးပေါင်းစုံအတွင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်တွင် ထွက်ပြေးသွားသည်ဟုဆိုက် အမှတ် ၂ ၊ စိတ္တသုခရပ် သမဆီ စက်ဝိုင်းထဲတွင် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့သည့် ကိုဝေဖြိုးလျှံ၏ ရုပ်အလောင်းကို လူမှုကူညီရေးကားဖြင့် ချက်ချင်း ယူဆောင်သွားပြီး မီးသင်းဂြိုဟ်ခဲ့ကြောင်း၊ ဧပြီလ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ကိုဝေဖြိုးလျှံ ၏ မိဘများက ဖမ်းဆီးခံရသည့် သတင်းကြား၍ ရုံးပေါင်းစုံ၌ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများထံ သွားရောက် မေးမြန်းစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထွက်ပြေး၍ ပစ်သတ်လိုက်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ကိုဝေဖြိုးလျှံ၏ ရုပ်အလောင်းကို အကြမ်းဖက် စစ်တပ်က မီးသင်းဂြိုဟ်ပြီးပြီဟု ပြောဆိုလိုက်သည့် အတွက် မိဘများက သားဖြစ်သူ၏ ရုပ်အလောင်းကို မမြင်မတွေ့ရဘဲ ငိုယိုကာ ပြန်သွားခဲ့ကြရကြောင်း၊ သဂြိုလ်သည့် ကိစ္စ ဆောင်ရွက်လုပ်ကိုင်ပေးသူများကိုလည်း သတင်း ပေါက်ကြားရင် သတ်ပစ်မယ်ဟု စစ်ကောင်စီ တပ်သားများက ကြိမ်းမောင်းဆိုခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article