29.6 C
Yangon

စစ်တပ် အာဏာသိမ်းလိုက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်ပြယ်ပြီဖြစ်ပြီး ၂၀၂၃ ရွေးကောက် ပွဲက အာဏာ ရှင် စနစ်ကို အသက်သွင်းခြင်းဖြစ်၍ လက်မခံဟု KNU က လူထုကို ရှင်းပြ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းလိုက်၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပျက်ပြယ်ပြီဖြစ်ပြီး ၂၀၂၃ ရွေး ကောက်ပွဲသည် ပျက်စီးသွားသည့် ၂၀၀၈ အခြေခံဥပဒေကို အသက်သွင်းခြင်းသာဖြစ်၍ လက်မခံကြောင်း ကရင် အမျိုးသားအစည်းအရုံး (KNU) က လူထုကို ရှင်းလင်းပြောဆိုသည်။

နိုဝင်ဘာလ (၁၁) ရက်နေ့တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဦးဆောင်သော ကရင်လက်နက်ကိုင် စည်းလုံးညီညွတ်ရေးကော်မတီက လှိုင်းဘွဲမြို့နယ်၊ တကောကျေးရွာတွင် ကျင်းပသော လက်ရှိ နိုင်ငံရေးအခင်း အကျင်း နှင့် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ လူထုတွေ့ဆုံဆွေးနွေးပွဲ တွင် KNU ခေါင်းဆောင်များက အထက်ပါအတိုင်း လူထုကို အသိပေး ပြောဆိုခြင်းဖြစ်သည်။

“KNU အနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အစကတည်းက လက်မခံကြောင်း၊ စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာသိမ်းလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည်လည်း ပျက်သွားပြီးဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုနားလည် တတ်ကျွမ်းသည့် ပညာရှင်များတို့သည်လည်း တပ်မတော်မှ အာဏာသိမ်းလိုက်သည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပျက်စီးသွားခဲ့ပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲသည် အာဏာသိမ်း စစ်ကောင်စီမှ တရားဝင်မှုရရှိရေးအတွက်ကြိုးပမ်းခြင်းသာ ဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်လည်အသက်သွင်းခြင်းသာဖြစ်သောကြောင့် အာဏာရှင်ကို တရားဝင်ဖြစ်စေမည့် ဆောင်ရွက်မှုများတို့ကို အားမပေးကြောင်း” ဟု KNU ခေါင်းဆောင်ပိုင်းက လူထုတွေ့ဆုံပွဲတွင် တရားဝင်ကြေညာသည်။

ထို လူထုတွေ့ဆုံဆွေးနွေးပွဲသို့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက် အထွေထွေ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောဂျော်နီ၊ ဗဟိုအမြဲတမ်းကော်မတီဝင် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေး တို့တက်ရောက်ခဲ့ကြပြီး ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ တပ်မတော်မှ အာဏာသိမ်းယူပြီးအလွန် (၂) နှစ်နီးပါးကာလ လက်ရှိနိုင်ငံရေးအခင်းအကျင်းအောက်တွင် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ နိုင်ငံရေးရပ်တည်ချက်၊ ဦးတည်ချက်၊ နိုင်ငံရေးလမ်းစဉ်၊ လုပ်ငန်းစဉ်များ နှင့် နိုင်ငံရေးဆိုင်ရာ ချဉ်းကပ်မှု တို့ကို အသိပေးရှင်းလင်းဆွေးနွေးပေးခဲ့သွားခဲ့သည့် ပထမဆုံးအကြိမ် ပြန်လည်ပြုလုပ်သည့် လူထုတွေ့ဆုံဆွေးနွေးပွဲ ဖြစ်ကြောင်း သိရှိရသည်။

ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအနေဖြင့်လည်း ကေအဲန်ယူ၏ နိုင်ငံရေးဦးဆောင်မှုကို မဏ္ဍိုလ်ပြုလျက် ပြန်လည် ပူးပေါင်းလုပ်ဆောင်သွားရန် လမ်းညွှန်ပြောကြားခဲ့ကြောင်း၊ လူထုတွေ့ဆုံပွဲအခမ်းအနားသို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် KNU/KNLA PC မှ ဒုဥက္ကဌ ဗိုလ်ချုပ် ဒေါက်တာနော်ကပေါ်ထူး၊ BGF ဥက္ကဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ ဘာသာရေးခေါင်းဆောင်များဖြစ်ကြသော မဲဆမိတ် ကျောင်းတိုက် ဆရာတော် အရှင်စန္ဒာရ၊ နှစ်ခြင်းခရစ်ယာန်သိက္ခာတော်ရ ဆရာတော် စောဆာစေးဖေါ နှင့် ကရင် ဒီမိုကရက်တစ်ပါတီ ဥက္ကဌ မန်းအောင်ပြည်စိုး တို့မှလည်း သဘာပတိအဖွဲ့ဝင်များအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

လူထုတွေ့ဆုံပွဲသို့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများတို့မှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ ဘာသာရေး ခေါင်း ဆောင်များ၊ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်ရှိ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်၊ ထီလုံမြို့နယ်၊ ဒုံရင်းမြို့နယ်တို့မှ မြို့နယ်ခေါင်းဆောင်များ၊ ကျေးနယ်အုပ်စုမှူးများ၊ ရပ်မိရပ်ဖခေါင်းဆာင်များ နှင့် ပြည်သူလူထုများ စုစုပေါင်း (၁၅၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article