39 C
Yangon

ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူမြို့ရှိ သပြု သတ္တုမိုင်းလုပ်ကွက်ကို စစ်တပ်က တိုက်လေယာဉ် ဖြင့် ဗုံးကျဲချမှု တရုတ်နိုင်ငံသားများအပါအဝင် ၃ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရ

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၆

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့၊ သပြုကျေးရွာအနီးရှိ ခဲသတ္တုတူးဖော်သည့် မိုင်းလုပ်ကွက် တစ်ခုကို စစ်ကောင်စီက တိုက် လေ ယာဉ် ၂ စီးဖြင့် နိုဝင်ဘာလ ၁၆ ရက် ယနေ့ နံနက် အစောပိုင်းတွင် ဗုံးကျဲတိုက် ခိုက်မှုကြောင့် တရုတ်နိုင်ငံသားများ အပါအဝင် အနည်းဆုံး ၃ ဦး သေဆုံးကာ လူ ၈ ဦး ဒဏ်ရာရကြောင်း KNU သတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၁ နာရီ ၄၀ မိနစ်အချိန်တွင် တိုက်လေယာဉ်များဖြင့် အဆိုပါ မိုင်းတွင်းကို ဗုံးကျဲချသွားခြင်းဖြစ်ပြီး အဆိုပါ မိုင်းတွင်းသည် တ ရုတ် နိုင်ငံသားများနှင့် မြန်မာလုပ်ငန်းရှင်များ ပူးတွဲ လုပ်ကိုင်နေသော မိုင်းသတ္တုတွင်း လုပ်ကွက်များဖြစ်ကြောင်း သိရှိရသည်။

“အဲဒီမိုင်းတွင်းက KNU နဲ့မပတ်သက်ဘူး။ မြန်မာအစိုးရဆီမှာ လုပ်ကွက်ကို တရားဝင် တင်ပြပြီး လုပ်ရတဲ့ သတ္တုမိုင်းတွင်းတွေ။ တပ်မဟာ ၆ နယ်မြေထဲမှာ ရှိနေတာ။ ဘာတိုက်ပွဲမှ မရှိဘဲ ညက လေယာဉ်နဲ့လာပစ်သွားတာပါ။ အဲဒါ အရင် ခေတ်အဆက်ဆက် မြန်မာအစိုးရတွေဆီမှာ လုပ်ကွက်တင်ပြီး တူးဖော်ရတဲ့ သတ္တု တွင်း လုပ်ကွက်တွေပါ။ သေတဲ့အထဲမှာ တရုတ်နိုင်ငံသားတွေ ပါသွားတယ်” ဟု KNU သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသည့် ဒေသခံတစ်ဦးကလည်း ဘုရားသုံးဆူနယ်စပ်မြို့နှင့် ၁၈ မိုင်အကွာအဝေးတွင်ရှိသော သပြု ခဲသတ္တုမိုင်းအမှတ် ၆ လုပ် ကွက်တစ်ခုကို ယနေ့ နံနက် ၁ နာရီ ၄၀ မိနစ်အချိန် စစ်ကောင်စီ က ဖိုက်တာဂျက်လေယဥ်ဖြင့် ဗုံးကျဲပစ်ခတ်သဖြင့် မိုင်းလုပ်ကွက်တစ်ခုလုံးပေါက်ကွဲသွားကြောင်း၊ တရုတ်နိုင်ငံသား ၃ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၈ ဦးစိုးရိမ်ဒဏ်ရာအပြင်း အထန်ရရှိသဖြင့် ဘုရားသုံးဆူပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားကြောင်း​ ပြောဆိုသည်။

ဗုံးကျဲခံရသည့် အမှတ် ၆ သတ္တုတူးဖော်ရေးမိုင်းလုပ်ကွက်သည် မကြာသေးမီကပင် အသစ် ထပ်မံပြုပြင်၍ လုပ်ငန်းလည်ပတ်နေခြင်းဖြစ်ပြီး လုပ်ငန်း ပြန်လည်စ တင်မှု ရက်ပိုင်းခန့်သာရှိသေးကြောင်း၊ ဒေသတိုင်းရင်းသားလုပ်ငန်းရှင်များနှင့် တရုတ်နိုင်ငံသားများ ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ဘုရားသုံးဆူမြို့၊ သပြုသတ္တုမိုင်းတွင်းလုပ်ကွက်များသည် စစ်ကောင်စီ၏ ခွင့်ပြု ချက်ဖြင့် လုပ် ကိုင်နေသော မိုင်းတွင်းဖြစ်သည်ဟု စစ်ကောင်စီသတင်းရင်းမြစ်ကလည်း အတည်ပြုသည်။

ဗုံးကျဲတိုက်ခိုက်ခဲ့သော တိုက်လေယာဉ်များသည် မှော်ဘီလေတပ်စခန်းမှဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။

ဘုရားသုံးဆူမြို့အနီး၊ သပြုသတ္တုမိုင်းတွင်းလုပ်ကွက်များကို နိုင်ငံခြား ကုမ္ပဏီများ၊ ဒေသလုပ်ငန်းရှင်များက လုပ်ကိုင်ကြပြီး ခနောက်စိမ်း၊ ခဲသတ္တုများ တူးဖော်ကြခြင်းဖြစ်ကြောင်း၊ ၂၀၀၃ -၂၀၀၄ ခုနှစ်မှစတင်ပြီး ဘုရားသုံးဆူမြို့တွင် အောင်မြေ၊ သပြု၊ မြသန်း၊ အောင်ရွှေ၊ နဝရတ်၊ သုဇနပွင့် စသည့် ကုမ္ပဏီများကို သတ္တုတွင်း ဝန်ကြီးဌာနက ခဲသတ္တုများကို တူးဖော်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် စတင်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆၊ ဒူးပလာ ယာခရိုင် အုပ်ချုပ်နယ်မြေအတွင်း တည်ရှိပြီး လက်ရှိတွင် အကြမ်းဖက်စစ်တပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယနေ့ နံနက်ပိုင်း စစ်တပ်၏ ဗုံးကျဲမှုကြောင့် ပျက်စီးသွားသော သပြု သတ္တုတူးဖော်ရေးလုပ်ကွက်တစ်ခု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article