34 C
Yangon

စစ်တပ်အလိုကျ လူထုကို လိမ်လည်ရန် ကြိုးစား နေသည့် မီဒီယာ အမည် ခံများ၊ အစွန်းရောက် မဘသ နှင့်အမျိုးသား ရေး လော်ဘီများ၊ စစ်အုပ်စု၏ နောက်မြီးဆွဲများကို ဖော်ထုတ်ခြင်း

Must read

By ဘမောင်

မြန်မာနိုင်ငံကို စစ်တပ်မှ အာဏာသိမ်းလိုက်သည့် ဖေဖော်ဝါရီလ (၁) ရက် ၊ ၂၀၂၁ ခုနှစ်မှစ၍ မြန်မာ့မီဒီယာ အခင်း အကျင်းသည် ကျွမ်းထိုးမှောက်ခုံ ပြောင်း လဲသွားသည်။

ဆယ်စုနှစ်တစ်ခု ကြိုးပမ်းခဲ့ကြသော လွတ်လပ်သည့် ပုဂ္ဂလိက မီဒီယာများ ပေါ်ထွန်းရေး ရည်မှန်းချက်သည် တစစီ လွင့်ပြယ်သွား၍ စစ်တပ်အာဏာရရှိ ရေးနှင့် ပြည်သူသန်းပေါင်းများစွာ၏ ဘဝများကို ချနင်းနိုင်ရေးအတွက် ပြည်သူများအား ဦးနှောက်ဆေးရန် သက်သက် သတင်းမှား ၊ သတင်းလိမ် များကို သိက္ခာမဲ့ ဖြန့်ချိနိုင်ရန် စကစ၏ ပံ့ပိုးပေးမှုဖြင့် ထူထောင်ထားသော ဘီလူးရုပ်သေး ဝါဒဖြန့်ချီရေး သဘင်ခေတ် ဖြစ်လာသည်ကို မျက်မြင်ထင်ရှား တွေ့ရှိလာနေရသည်။

အာဏာသိမ်းကာစက ပုဂ္ဂလိက သတင်းမီဒီယာများ၏ အချိန်နှင့်တပြေးညီ တင်ပြမှုများ ကြောင့် ပြည်သူတစ်ရပ်လုံးက အာဏာသိမ်းမှုကို လက်မခံ ကြောင်း တကမ္ဘာလုံးက တွေ့မြင်ခဲ့ကြရသည်။ ထိုအခါ ၎င်းတို့၏ မဲမသမာမှု ဖြစ်၍ အာဏာ ထိန်းရပါသည် ဆိုသည့် ဆင်ခြေမှာ သဲထဲရေသွန်သကဲ့သို့ အရှက် တကွဲဖြစ်ရလေသည်။

ထို့ကြောင့် စစ်တပ်၏ ပထမဆုံးလုပ်ဆောင်သည့်လုပ်ငန်းများတွင် ပုဂ္ဂလိက မီဒီယာများ ကို လိုင်စင်ပိတ်သိမ်းခြင်း၊ ၊ ထက်မြက်သော သတင်းထောက်များ ၊ သတင်းသမား ၊ အယ်ဒီတာများကို ပစ်မှတ်ထား ဖမ်းဆီးခြင်း ပင်ဖြစ်သည်။

လွတ်လပ်သည့် ပုဂ္ဂလိက မီဒီယာများ ပြည်တွင်းတွင် သတင်းမီဒီယာ အလုပ်ကို လုပ်ဆောင်နိုင်ခြင်း မရှိတော့သည့်အခါ ၎င်းတို့ ပံ့ပိုးထားသည့် မီဒီယာများနှင့် အစား ထိုး၍ သတင်းတု၊ သတင်းမှားများ ဖြန့်ချီရန် ကြိုးစားကြသည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလသို့ ရောက်ရှိလာသည့်အချိန်တွင်မူ စစ်တပ်၏ သတင်း စာရှင်းလင်းပွဲဆိုသည်မှာ ယင်းတို့ကို ဆန့်ကျင်သူများ အား အမုန်းတရား အပြည့် ဖြင့် သွားပုပ်လေလွင့် ပြောဆိုရာ ၊ အလိမ်အညာတို့ကို ဖြန့်ချိရာ သာလာယံ ဇရပ် တစ်ခုသာ ဖြစ်နေလေတော့သည်။

စစ်တပ်သတင်းစာ ရှင်းလင်းပွဲကို ပုံမှန်တက်ရောက်လာကြသူများသည်လည်း သတင်းနှင့် စာနယ်ဇင်း ကျင့်ဝတ်ဆိုသည်မှာ ဂျိုနှင့်လားဟု မေးရလောက် အောင် ကိုယ်ကျိုးစီးပွားနှင့် မိမိတစ်ကိုယ်ရည် ကိုယ်ရည်သွေးသည့်သူများ ပြည့်နှက် နေလေသည်။

စစ်တပ်က ၎င်းတို့ကိုယ်ပိုင် ဝါဒဖြန့်ချီရေး လမ်းကြောင်များဖြစ်သော စစ်တပ် သတင်း ပြန်ကြားရေးဌာနများနှင့် လက်ဝါးကြီးအုပ်ထားသော အစိုးရပိုင် သတင်း စာများ၊ ရုပ်မြင်သံကြားအစီအစဥ်များသာမက ၎င်းတို့ကို ထောက်ခံသူ များကို ငွေကြေးထောက်ပံ့၍ သတင်းမီဒီယာများ ထူထောင်ကာ အများပြည်သူ သတင်းရရှိမှုကို အုပ်စီးရန် ကြိုးစားနေခဲ့သည်။

စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲသို့ ပုံမှန်တက်ရောက်သည့် သတင်းဌာနများ ၏ အွန်လိုင်းချန်နယ်များမှာ – ဖေ့ဘုတ် စာမျက်နှာ ၂၂ ခု ၊ တယ်လီဂရမ် ချန် နယ် ၁၁ ခု ၊ ယူကျု့ ချန်နယ် ၁၀ ခု ၊ ဝဘ်ဆိုဒ် ၆ ခု နှင့် vk အကောင့် ၂ ခု ဖြစ် ကြောင်း တွေ့ရှိရသည်။

ယင်းတို့ကို ဆန်းစစ်ကြည့်ရာတွင် –

၁- အမျိုးသားရေး အစွန်းရောက် မီဒီယာများ – ယခင် မဘသ အဖွဲ့ဝင် ဟောင်း များက တည်ထောင်ထား၍ အစွန်းရောက် အမျိုးသားရေး ဝါဒ ၊ စစ်အာဏာရှင် ဝါဒကို တွင်တွင်ကျယ်ကျယ် ဖြန့်ဖြူးနေကြသကဲ့သို့ ဗုဒ္ဓဘာသာ မဟုတ်သူများ ကို တိုက်ခိုက်နေကြသည့် မီဒီယာများ

၂- စစ်တပ်အလိုကျ ဝါဒဖြန့်ချီရေးကို ပေါ်ပေါ်ထင်ထင်လုပ်ဆောင်သည့် မီဒီယာများ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းမှ စတင် တည် ထောင် လာကြပြီး စစ်ကောင်စီ၏ သတင်းစာ ရှင်း လင်းပွဲ သတင်းများ ၊ စစ်တပ် သတင်း များကိုသာ ထပ်ဆင့်တင် ဆက်နေပြီး အခြား သတင်း တင်ဆက်မှုလုံးဝမရှိသည့် မီဒီယာများ

၃- သတင်းမှားများ စိစစ်သည့် မီဒီယာဟု အမည်ခံ၍ ပြည်သူတော်လှန်ရေး သတင်းများအား ပုံဖျက်ထားသည့် သတင်းမှားများကိုသာ ဖြန့်ချိသည့် မီဒီ ယာများ (၄) ကြားနေဟု နာမည်ခံထားသော်လည်း စစ်တပ်နှင့် နီးကပ်သည့် စီးပွားရေးဆက်နွယ်မှု ရှိသော မီဒီယာများ ဟူ၍ အကြမ်းဖျဥ်း ခွဲခြားနိုင်သည်။

အောက်တွင် ဖော်ပြထားသည့် သတင်းမီဒီယာအမည်ခံများမှာ စစ်ကောင်စီ၏ သတင်း စာရှင်းလင်းပွဲသို့ ပုံမှန်တက်ရောက်နေကြသည့် သတင်းမီဒီ ယာများ ဖြစ်သည်။

အမျိုးသားရေး အစွန်းရောက်အဖွဲ့များနှင့် ဆက်နွယ်သည့်မီဒီယာများ-

(၁) Myanmar National Post

သတင်းအေဂျင်စီကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့သည်။ အမျိုးသားရေးလှုပ်ရှားမှုများနှင့် တပ်မ‌တော် အပေါ်ထောက်ခံ သည့်အမြင် များပြန့်ပွားစေရန် ရည်ရွယ်ထုတ်လွှင့်သည့် သတင်းအေဂျင်စီတစ်ခုဖြစ်သည်။

Myanmar national post ၏ FB page များသည် မကြာခဏ ဖြုတ် ချခံ ရသောကြောင့် Telegram နှင့် ဦးစီးဆောင်ရွက်သူ နောင်တော်လေး၏ ကိုယ်ပိုင်အကောင့်တို့တွင် သတင်းဖော်ပြမှု ပိုမိုများပြားခဲ့သည်။

Telegram Channel တွင် Subscribers အရေအတွက် 12,974 ရှိပြီး စကစ၏ ဝါဒဖြန့်သတင်းများနှင့် NUG နှင့် PDF များအား အကြမ်းဖက် အဖွဲ့အစည်း များအဖြစ် သုံးနှုန်းဖော်ပြလျက်ရှိသည်။

Channel ကို ၂၀၂၁၊ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် စတင်ဖန်တီးခဲ့ကြောင်း တွေ့ရ သည်။ Telegram Channel အပြင် website တွင်လည်း စကစဝါဒဖြန့်သတင်း များကို ပုံမှန်ဖော်ပြလျက်ရှိသည်။

VK ပလက်ဖောင်းတွင်လည်း Channel ရှိပြီး နေ့စဥ်သတင်းများပုံမှန် တင်ဆင် လျက်ရှိသည်။ သတင်းတစ်ပုဒ်တွင် Viewer-1K ခန့်ထိ ရှိသည်။ Fact Check Facebook page မှဖော်ပြချက်များကိုလည်း ဖော်ပြထားသည်။

(၂) နိုင်ငံအကျိုးပြုသတင်းထောက်များအေဂျင်စီ

နိုင်ငံအကျိုးပြုသတင်းထောက်များ မီဒီယာကို စစ်တပ်နှင့် အလွန်နီးစပ်သော မဘသအဖွဲ့ဝင်များဖြင့်ဖွဲ့ စည်းထားသည်။ ၎င်းတို့သည် သတင်းစာ ရှင်းလင်းပွဲ များတွင် သတင်းမေးမြန်းမှုများ ပြုလုပ်သကဲ့သို့ အမျိုးသားရေး လှုပ်ရှားမှုများ တွင် ဦးဆောင်ပါဝင်သည်။

Telegram Channel ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့မှ စတင်ဖွင့် လှစ် ခဲ့ပြီး ၂၀၂၂၊ မတ်လထိ သတင်းဖော်ပြမှုများ ရှိသည်။ သတင်းဖော်ပြမှုများ တွင် MRTV, MWD တို့၏ ဝါဒဖြန့်သတင်းများကို ပြန်လည်ဖော်ပြကာ NUG, PDF များကို အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် သုံးနှုန်းရေးသားသည်။ ဥက္ကဌ စိုးမြင့်ဦးနှင့် အတွင်းရေးမှူးအဖြစ် နောင်တော်လေးမှ ဦးဆောင်တာ၀န်ယူ ထား သည်။

(၃) Myanmar Hard Talk

Myanmar Hard Talk သည် အမျိုးသားရေးသမားများနှင့် တပ်ထောက်ခံ သူများ ၏ ဝါဒဖြန့်ချိရေး channel တစ်ခုဖြစ်သည်။ ဦးစီးဆောင်ရွက်နေသည့် အောင်မင်းသည် နယ်သာလန်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့်တောင်း၍ နိုင်ငံ သားခံ ယူသူ၊ NLD အစိုးရကို ဆန့်ကျင်သည့် အမြင်ရှိသူဖြစ်သည်။

အမျိုးသား ရေးအဖွဲ့အစည်းများ၊ ၄င်းတို့နှင့် ဆက်စပ်နေသည့် နိုင်ငံရေးပါတီ များ (ကြံ့ခိုင်ရေးပါတီ)၊ အမျိုးသားရေး တက်ကြွ လှုပ်ရှားမှုများ၊ အွန်လိုင်း ဆွေးနွေး ပွဲများအား တိုက်ရိုက်ထုတ်လွှင့်ခြင်းများကို ဖော်ပြလျက်ရှိသည်။

Telegram Channel ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင်စတင်ဖွင့် လှစ်ထား ပြီး နေ့စဥ်သတင်းတင်ဆက်မှုအနေဖြင့် ၁၀ ပုဒ်အထက်ကို ဖော်ပြ လျက်ရှိသည်။ စကစ ထုတ်ပြန်သည့်သတင်းများကို အဓိကထားဖော်ပြပြီး PDF, NUG နှင့်ပတ်သက် သည့်ဖော်ပြမှုများတွင် အကြမ်းဖက်အဖွဲ့အစည်း များလို့ သုံးနှုန်းဖော်ပြသည်။

သတင်းတစ်ပုဒ်တွင် Viewers 2K ကျော်မှ 7K ကျော်ထိရှိသည်။ Telegram Subscribers 18,268 ရှိသည့် Channel တစ်ခုဖြစ်သည်။ သတင်းစာ ရှင်း လင်းပွဲ တက်ရောက် မေးမြန်းသူ – သတင်းထောက်ဥက္ကာ၊ သတင်းထောက် – ခိုင်ခိုင်ထွေးဖြစ်သည်။

(၄) တောင်ပေါ်သား

Facebook page တွင် မကြာခဏ ဖြုတ်ချခံရသောကြောင့် Telegram Channel တွင်သာ ပုံမှန်တင်ဆက်နေသည့် စကစ ဝါဒဖြန့်ချီရေးအတွက် အမျိုးသားရေးအင်အားစုများမှ လုပ်ဆောင်နေသည့် အွန်လိုင်းစာမျက်နှာ တစ်ခုဖြစ်သည်။

ဖော်ပြချက် များတွင် စစ်တပ်လော်ဘီ NP News မှ ကျော်မျိုးမင်း၏ ရုပ်သံဖိုင် များကိုလည်း ဖော်ပြလျက်ရှိသည်။

Telegram Channel ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှာ စတင်ခဲ့ ပြီး Subscribers 15,658 ရှိသည်။ နေ့စဥ်ဖော်ပြမှုများတွင် အပုဒ်ရေ ၈၀ ခန့်ဖော်ပြလျက်ရှိသည်။

သတင်းများမှာ MRTV, MWD, People Media, NP News အစရှိသည့် စကစဝါဒဖြန့် မီဒီယာများ၏ သတင်းများကို အဓိကဖော်ပြသည်။

မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာများကို download ပြုလုပ်နိုင်ရန် PDF ဖိုင်များကိုလည်း ပြန်လည်မျှဝေထားသည်။ သတင်းတစ်ပုဒ်တွင် Viewer 1K ခန့်ထိ ရှိသည်။

ဝါဒဖြန့်ချီရေး မီဒီယာများ

NP News

အယ်ဒီတာချုပ် ကျော်မျိုးမင်းက စတင်တည်ထောင်ထားသည်။ NP News Myanmar သည် Facebook စာမျက်နှာနှင့် Youtube Channel များတွင် မကြာခဏဖြုတ်ချခံရမှုများကြောင့် Telegram, Websites စာမျက်နှာများ တွင် သတင်းများတင်ဆက်သည်။ NP News App ကို ဒေါင်းလုတ်ပြု လုပ်နိုင်ပြီး လစဥ်ကြေးပေး သွင်းပြီး အသုံးပြုနိုင်သည်ဟုဆိုထားသည်။

NP News သည် နိုင်ငံတကာသတင်း၊ အားကစားသတင်း၊ ပြည်တွင်း သတင်း များနှင့် လူမှုကွန်ရက်ပေါ်တွင် လူစိတ်ဝင်စားမှုများသော စကစနှင့်ပတ်သက် သည့်သတင်းများကို ဗီဒီယိုဖိုင်များဖြင့် ပုံမှန် တင်ဆက်လေ့ရှိသည်။ Telegram Channel တွင် တနေ့လျှင် ရုပ်သံသတင်းများနှင့် သတင်းအပုဒ်ရေ (၃၀) ကျော်တင် ဆက်ပြီး သတင်းများကို Website တွင် ဖတ်ရှုနိုင်ရန် ဖော်ပြသည်။ သတင်းတစ်ပုဒ်တွင် Viewer 3K မှ 6K ကျော်ထိရှိသည်။ Subscribers 24,270 ရှိပြီး ၂၀၂၁ ခုနှစ်၊ မေလ ၁၈ ရက်မှာ စတင်ထားသည်။

NP News Talk Show အမည်ဖြင့် ကျော်မျိုးမင်းဓာတ်ပုံအသုံးပြုထားသော Telegram Channel တစ်ခုရှိပြီး သတင်များ ပုံမှန်တင်ဆက်ကာ Subscriber 5,071 ရှိသည်။

Channel ကို ၂၀၂၂ ခုနှစ်၊ ဧပြီ ၂၆ တွင် စတင်ထားသည်။ VK ပလက် ဖောင်းတွင်လည်း NP News Myanmar စာမျက်နှာရှိသည်။ နေ့စဥ်သတင်း များတင်ဆက်လျက်ရှိပြီး Viewers 100 ခန့်ရှိသည်။ ကျော်မျိုးမင်းသည် စကစ ၏ သတင်းစာရှင်းပွဲများကို သွားရောက်မေးမြန်းရလေ့ရှိပြီး ဇော်မင်းထွန်းနှင့် ၂၀၂၁ အာဏာသိမ်းမှု ခေါင်းစဉ်ဖြင့် အထူးတွေ့ဆုံမေးမြန်းခန်း (Exclusive Interview) ပြုခဲ့သည်။

ကျော်မျိုးမင်းသည် နွေဦးတော်လှန်ရေးတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့် ပတ်သက်၍ အမုန်းစကားများ နှင့် စစ်တပ်ဝါဒဖြန့်သည့် ဆွေးနွေးသုံးသပ်ချက် Live များနှင့် ဗွီဒီယိုဖိုင်များကို စဥ်ဆက်မပြတ် ဖြန့်ဝေနေသည့် ပေ့ချ်ပေါင်း ၁၀ ခုထက်မနည်း ရှိသည်။ ဖေ့ဘွတ်ခ်မှ မကြာခဏဖျက်ချမှုများရှိသော်လည်း နာမည်အမျိုးမျိုးအသုံးပြု၍ ဆက်လက်ဖြန့်ဝေနေဆဲဖြစ်သည်။

People Media

People Media ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ စတင် တည် ထောင် ခဲ့ သည်။ တည်ထောင်သူ ဦးမျိုးဇော်ဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ဖြင့် ရပ်တည်ကြောင်းသိရသည်။

People Media သည် Website, Telegram, youtube တို့တွင် စကစနှင့်ပတ်သက်သည် သတင်းများနှင့် NUG, PDF များကို အကြမ်းဖက် အဖွဲ့အစည်း များအဖြစ် ပုံဖော်တင်ဆက်နေသည့် သတင်းဌာနဖြစ်သည်။

Telegram channel တွင် နေ့စဥ်သတင်းအပုဒ်ရေ ၂၅ ပုဒ်ဝန်းကျင်ခန့် ဖော်ပြလျက်ရှိပြီး Viewer 5K မှ 9K ထိရှိသည်။ Subscribers 21,270 ရှိပြီး ၂၀၂၂၊ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ်ထားသည်။

၎င်း၏ Youtube Channelကို ၂၀၂၂၊ သြဂုတ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ကာ NUG, PDF နှင့်ပတ်သက်သည့် သတင်းများကို ကျော်စိုးဦးက ရုပ်သံဖိုင်များ တင်ဆက်လျှက်ရှိသည်။ Subscribers 11K ရှိသည်။

Myanmar Nations Voice

အယ်ဒီတာချုပ် ဝင်းမော်မှ တာ၀န်ယူထားသည်။ စစ်ကောင်စီမှ အသိအမှတ် ပြုအမှတ် – ၀၀၃၇၆ ရ သတင်းအေဂျင်စီ တစ်ခုဖြစ်သည်။ Facebook, Telegram, Youtube တို့တွင် သတင်းများတင်ဆက်ဖော်ပြလျက်ရှိသည်။ သတင်းဖော်ပြမှု များတွင် MRTV, MWD တို့မှ ထုတ်လွှင့်ဖော်ပြချက်များကို အဓိကထားဖော်ပြသည်။

Telegram Channel တွင် Subscribers 880 ရှိပြီး Channel ကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်နေ့တွင် စတင်ထားသည်။ Youtube Channel တွင် လည်း MRTV မှ တင်ဆက်နေသည့် သတင်းသမားပြောတဲ့ သတင်းစကား အစီအစဥ်တွင် Myanmar Hardtalk မှ အယ်ဒီတာချုပ် အောင်မင်း၊ Sky Daily News မှ အယ်ဒီတာချုပ် သော်တာဝင်းတို့နှင့် ပါဝင်ဆွေး‌‌နွေးမှုများကို တင် ဆက် လျက်ရှိသည်။ တင်ဆက်မှုများတွင် Viewer အနေဖြင့် 2 Kမှ 8K ထိ ရှိသည်။ သတင်းစာရှင်းလင်းပွဲတက်ရောက်မေးမြန်းသူ – သတင်းထောက် ဆွေဇင်ဦး ဖြစ်သည်။

News of Myanmar (NOM)

Facebook page နှင့် Telegram တွင် စကစဝါဒဖြန့်သတင်းများကို တင်ဆက် နေသည့် Channel တစ်ခုဖြစ်သည်။ NUG, PDF နှင့် တော်လှန်ရေး အင်အားစုများကို အကြမ်းဖက်အဖွဲ့အစည်းများဖြင့် သုံးနှုန်းရေးသားနေခြင်းဖြစ်သည်။

Facebook page ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂ ရက်နေ့တွင် ဖွင့်ထား ခြင်းဖြစ်သည်။ Likes – 2.1K နှင့် Followers – 2.5 Kရှိသည်။ သတင်း ဖော်ပြမှုတွင် နေ့စဥ် ၃ ပုဒ်မှ ၅ ပုဒ်ခန့်ဖော်ပြသည်။ Telegram Channel ကို ၂၀၂၂၊ ဖေဖော်ဝါရီ ၅ ရက်နေ့တွင် စတင်ထားသည်။ subscribers 4,379 ရှိကာ သတင်းဖော်ပြမှုများတွင် ကြည့်ရှုသူ ၇၀၀ မှ ၂၀၀၀ ကျော်ထိရှိသည်။

Fifty Two News

Telegram Channel တွင် စကစနှင့် သက်ဆိုင်သည့်သတင်းများကို အဓိက တင်ဆက်နေပြီး NUG, PDFနှင့် တော်လှန်ရေး အင်အားစုများကို အကြမ်းဖက် အဖွဲ့ အစည်းများအဖြစ် ပုံဖော်သုံးနှုန်းရေးသားနေခြင်းဖြစ်သည်။

Telegram ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် စတင်ထားပြီး Subscribers 22,359 ထိရှိသည်။ သတင်းဖော်ပြမှုတွင် နေ့စဥ် ၁၀ ပုဒ်ခန့်ဖော်ပြ လျက်ရှိသည်။ သတင်းတစ်ပုဒ်ကြည့်ရှုမှုနှုန်းသည် 5K မှ 10K ထိရှိသည့် ချန်နယ် တစ်ခုဖြစ် သည်။

Myanmar Update News

Telegram Channel တွင် စကစနှင့်သက်ဆိုင်သည့် ဝါဒဖြန့်သတင်းများကို အဓိကထားတင်ဆက်နေပြီး MRTV, MWD တို့မှ ရုပ်သံသတင်းများကို ပြန် လည်ဖော်ပြသည်။ Telegram ကို ၂၀၂၁၊ မတ်လ ၃၁ ရက်နေ့တွင် စတင်ထား ပြီး Subscribers 39,796 ထိရှိသည်။

သတင်းဖော်ပြမှုတွင် နေ့စဥ် သတင်းအပုဒ်ရေ ၁၀ ပုဒ်ခန့် ရှိသည်။ သတင်း ကြည့်ရှု မှု နှုန်း 7K မှ 10K ကြားရှိသည်။

The Five Media (TFM)

Telegram တွင် စကစဝါဒဖြန့်ချီရေးသတင်းများ တင်ဆက်နေသည့် Channel တစ်ခုဖြစ်သည်။ တင်ဆက်မှုများတွင် Ba Nyunt, ဖိုးစီ၊ People Media, အစရှိသည့် စကစဝါဒဖြန့်သူများ၏ ဖော်ပြချက်များကို ပြန်လည်ကူးယူးဖော်ပြ နေခြင်း ဖြစ်သည်။ Telegram Channel ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီမှာ စတင်ထားပြီး နေ့စဥ်ဖော်ပြမှု ၇၀ ခန့်ရှိသည်။ သတင်း ကြည့်ရှုမှုနှုန်း 1K မှ 2K ကြားရှိသည်။

ပုံစံအသစ်ဖြင့် ဝါဒဖြန့်ချိရေးလုပ်ဆောင်နေသည့် မီဒီယာများ

Fact Check

Facebook page, Telegram Channel တို့တွင် Mainstream Media (Khit Thit Media, မြေလတ်အသံ၊ Ayeyarwaddy Times, Mizzima media, DVB TV News, Niringara သတင်းဌာန) အစရှိသည့်သတင်းမီဒီယာများ၏ သတင်း ဖော်ပြချက် များကို မှားယွင်းသည့် ဖော်ပြချက်များဖြစ်ကြောင်း ပုံဖော်ရေး သားခြင်းဖြစ်သည်။

Facebook Page နှင့် Telegram Channel ကို ၂၀၂၂ ခုနှစ်၊ ဇန်န၀ါရီ ၁၇ တွင်စတင်ဖော်ပြထားသည်။ Facebook page တွင် Likes 5.4K နှင့် Followers 8.9 Kထိရှိပြီး Telegram တွင် Subscribers 15,724 ရှိသည်။ သတင်းဖော်ပြမှုများတွင် Viewer 1K ကျော်မှ 6K ကျော်ထိ ရှိသည်။ နေ့စဥ်အနေဖြင့် သတင်းအပုဒ်ရေ ၁၀ ပုဒ်‌ကျော်ဖော်ပြလျက်ရှိသည်။

လူငယ်စကားဝိုင်း -Youth Talk

၂၀၂၂၊ ဇန်န၀ါရီလ ၁၉ ရက်နေ့တွင် စတင်ထားသည်။ Likes 7.5K နှင့် Followers 9K ရှိသည့် Facebook page တစ်ခုဖြစ်သည်။ NUG, PDF, CDM များကို အကြမ်းဖက်အဖွဲ့အစည်းများဟု ရုပ်သံဖြင့် သုံးနှုန်း ဖော်ပြ နေခြင်းဖြစ်သည်။

Facebook စာမျက်နှာအပြင် Telegram channel နှင့် youtube Channel များတွင် ဖော်ပြတင်ဆက်သည်။ Telegram Channel တွင် လစဥ် ၂ ပုဒ်မှ ၃ ပုဒ်ခန့်ဖော်ပြပြီး Viewer 1K ကျော်မှ 8K ကျော်ထိရှိကာ Subscribers 4465 ထိရှိသည်။ Telegram Channel နှင့် Youtube Channel ကို ၂၀၂၂ ခုနှစ်၊ ဇန်န၀ါရီ ၂၄ ရက်နေ့တွင် စတင်ထားသည်။ Youtube Channel တွင် Subscribers 391 ရှိသည်။

Myanmar Public Press News Agency

(မြန်မာပြည်သူသတင်းထောက်များသတင်းအေဂျင်စီ)

အယ်ဒီတာချုပ် ဇော်မင်းနိုင်ဆိုသူမှ တာ၀န်ယူထားသည်။ စစ်ကောင်စီသတင်း စာ ရှင်းလင်းပွဲများတွင် တက်‌ရောက်မေးမြန်း မှုများ ရှိသည်။ စကစအလိုကျ ဖွဲ့စည်းထားပြီး မြို့နယ်သတင်းထောက်ဆိုသူ တိုးတိုးနိုင်၊ မြင့်နိုင်၊ တာ၀န်ခံ အယ်ဒီတာ စိန်မြင့်အောင်တို့နှင့် ဖွဲ့စည်းထားသည်။

သတင်းစာရှင်းလင်းပွဲ တက်ရောက်မေးမြန်းရာတွင် တာ၀န်ခံ အယ်ဒီတာ ဒေါက်တာ စိုးမြင့်ဦး (လွှတ်တော် ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် ပြည်သူ ဘဝမြင့်တက်ရေးအဖွဲ့ချုပ်) မှ တက်ရောက်မေးမြန်း သည်။ အွန်လိုင်း စာမျက်နှာ မျိုး မတွေ့ရဘဲ ဇော်မင်းနိုင်(မိုးနတ်သား)အကောင့်တစ်ခုသာ တွေ့ရသည်။

လူထုရင်ဖွင့်သံဂျာနယ်

လူထုရင်ဖွင့်သံဂျာနယ်သည် Facebook page အနေဖြင့် ‘လူထုရင်ဖွင့်သံ သတင်းနှင့်ပြန်ကြားရေး” ဆိုသည့် စာမျက်နှာရှိပြီး June လထိ သတင်း ဖော်ပြလျက်ရှိသည်။

ပြန်ကြားရေးဝန်ကြီးဌာနမှ တရားဝင်ခွင့်ပြုချက်ရ ဂျာနယ်တစ်စောင်ဖြစ်ပြီး 2022၊ စက်တင်ဘာ ၁၄ ရက်နေ့တွင် အတွဲ (၁)၊ အမှတ်(၁)ကို စတင်ထုတ် ဝေခဲ့ပြီး တစ်လ (၁)ကြိမ်ထုတ် ဖြစ်သည်။

စစ်ကောင်စီသတင်းစာရှင်းလင်းပွဲများကို တက်ရောက်မေးမြန်း ခြင်းများ ပြုလုပ်သည်။ ဂျာနယ်ရုံးကို ပဲခူးမြို့တွင်တည်ရှိပြီး အဲဒီတာချုပ်ဖြစ်သည့် ဦးမောင်မောင်သန်းဆောင်မှ ဦးဆောင် ဖွဲ့စည်းထားသည်။ စုပေါင်းစွမ်းအား များသတင်းအေဂျင်စီကို လည်း ၂၀၂၀ တွင် တာ၀န်ယူလုပ်ကိုင်ခဲ့သည်။

ခေတ်ပုံရိပ်သတင်းဂျာနယ်

ဂျာနယ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် အတွဲ(၁) အမှတ်(၄၅)ထိ ထွက်ရှိထားသည်။ ပဲခူးမြို့တွင်အခြေစိုက်ပြီး ၂၀၁၉ တွင် စတင်ထုတ်ဝေခဲ့သည်။ လက်ရှိတွင် စကစ၏ သတင်းစာရှင်းလင်းပွဲများတွင် တက်ရောက်မေးမြန်း သတင်း ယူလျက် ရှိပြီး Facebook စာမျက်နှာတွင် အာဏာမသိမ်းခင် ဇန်န၀ါရီ ၃၀ ထိ သတင်းတင်ဆက်မှု ရှိခဲ့ပြီး လက်ရှိတွင် တင်ဆက်မှု မရှိတော့ဘဲ တာ၀န်ခံအယ်ဒီတာ လှလှဝင်း(သန်လျင်)မှ လဝန်းမေ လဝန်းမေ အမည်ရှိ Facebook page မှ ဖော်ပြ လျက်ရှိသည်။

သတင်းစာရှင်းလင်းပွဲ တက်ရောက်မေးမြန်းသူ သတင်းထောက် ရဲရင့်မိုးမိတ်၊ မွန်ပြည်နယ်သတင်းတာ၀န်ခံ အေးလွင်။ သတင်းထောက် နေမင်း(သထုံ)၊

Trend Journal

Trend News Journal တစ်စောင်သည့် စစ်ကောင်စီ အာဏာသိမ်းပြီး (၁) နှစ်အကြာ (၂၀.၁.၂၀၂၂) ရက်နေ့တွင် အတွဲ (၁) အမှတ်(၁)ကို အပတ်စဥ် ကြာသပတေးနေ့တိုင်း ထုတ်ဝေသည့် ဂျာနယ်တစ်စောင်ဖြစ်သည်။

ဂျာနယ်ကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် အမြို့မြို့အနယ်နယ်ရှိ ဂျာနယ်အရောင်းဆိုင်များတွင် ဝယ်ယူဖတ်ရှုနိုင်ကြောင်း သိရသည်။ Facebook pages ကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်တွင် စတင်ထားပြီး စကစ နှင့်ပတ်သက်သည့် သတင်းများကို အဓိကထား ဖော်ပြသည်။

Likes – 8.2K နှင့် Followers 17K ရှိသည်။ လက်ရှိတွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ထုတ် အတွဲ(၁) အမှတ် (၄၁) ထိ ထွက်ရှိထားသည်။

လူထုကလောင်သတင်းအေဂျင်စီ

ဂျာနယ်ကို ၂၀၁၇၊ ဇန်နဝါရီလတွင် စတင်ထုတ်ဝေခဲ့ပြီး အမှတ်စဥ် (၄) ထိ ထုတ်ဝေခဲ့သည်။ နောက်ပိုင်းတွင် ထုတ်ဝေဖြန့်ချီခြင်း မတွေ့ရတော့ပေ။

ဂျာနယ်ကို သထုံမြို့တွင် အခြေစိုက်သည်။ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်း တွင် သတင်းအေဂျင်စီအဖြစ် ပြန်လည်ထွက်ပေါ်လာပြီး စစ် ကောင်စီသတင်းစာရှင်းလင်းပွဲများတွင် သတင်းမေးမြန်းမှုများ တွေ့ရသည်။ အွန်လိုင်းစာမျက်နှာများ မတွေ့ရှိရပေ။

Myanmar Insider သတင်းဂျာနယ်

ဂျာနယ်ကို ၂၀၁၃ ခုနှစ်မှာ စတင်ထုတ်ဝေခဲ့သည်။ တစ်လ (၁) ကြိမ်ထုတ် စီးပွားရေးဂျာနယ်တစ်စောင်ဖြစ်ပြီး အင်္ဂလိပ်စာဖြင့် ပုံနှိပ်ရိုက်နှိပ်ကာ တန်ဖိုး ၄၀၀၀ ကျပ်ဖြင့်ဖြန့်ချီသည်။

ထုတ်ဝေသူ ဒေါက်တာတင်မောင်သူဖြစ်ပြီး အကြီးတန်းအယ်ဒီတာ မင်းရဲကျော် မှ တာ၀န်ယူလုပ်ကိုင်သည်။ Facebook pages တွင် Likes – 33K, Followers – 34K ရှိသည်။ စကစ သတင်းစာရှင်းလင်းပွဲများတွင် တက်ရောက် သတင်း‌ မေးမြန်း မှုရှိသည်။

ဂျာနယ်ကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလအထိ အတွဲ (၉)၊ အမှတ် (၁၀၃) ထိ ထုတ်ဝေထားသည်။ သတင်းစာရှင်းလင်းပွဲကို အေးချမ်းဆိုသူက တက်ရောက် သည်။

Top Phoenix သတင်းအေဂျင်စီ

၂၀၁၈ ခုနှစ်၊ ဧပြီလမှာ စတင်ခဲ့သည့် သတင်းအေဂျင်စီတစ်ခုဖြစ်သည်။ တည် ထောင် သူ မောင်သူခိုင်ဖြစ်သည်။ Facebook page တွင် သတင်းများ ပုံမှန်တင်ဆက်လျက်ရှိသည်။ နေ့စဥ်သတင်းအပုဒ်ရေ (၅) ပုဒ်ခန့်တင် ဆက် သည်။ Facebook pages တွင် Likes – 123,297, followers -188,635 ရှိသည်။ စကစသတင်းစာရှင်းလင်းပွဲများတွင် တက်ရောက်သတင်းမေးမြန်းမှု ရှိသည်။ တက်ရောက်မေးမြန်းသူ – အကြီးတန်းသတင်းထောက် သန်းဝင်းဦး (ဧရာ) ဖြစ်သည်။

WH) News Agency

သတင်းအေဂျင်စီကို ၂၀၁၉ ခုနှစ်၊ မတ်လမှာ စတင်တည်ထောင်ထားသည်။ တည်ထောင်သူ ဦးဟိန်းထက်ဌေးလွင် ဖြစ်ပြီး နေပြည်တော်၌ အခြေစိုက်သည်။ Facebook စာမျက်နှာတွင် သတင်းများပုံမှန်တင်ဆက်လျက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ထိ သတင်းတင်ဆက်မှုရှိသည်။ Facebook page တွင် Likes – 30838, Followers – 35,880 ရှိသည်။ စကစသတင်းစာရှင်းလင်းပွဲများတွင် တက်ရောက်သတင်းမေးမြန်းမှု ရှိသည်။
သတင်းတက်ရောက်မေးမြန်းသူ – သတင်းထောက် ကျော်ဝဏ္ဏဖြစ်သည်။

တဲ့ပြောသတင်းဌာန

တဲ့ပြောသတင်းအေဂျင်စီသည် ကရင်ပြည်နယ်၊ ဘားအံ့မြို့အခြေစိုက်သည့် မီဒီယာတစ်ခုဖြစ်သည်။ ၂၀၂၀၊ ဧပြီလတွင် “မြဝတီတွင် ကိုဗစ်လူနာ သေဆုံး သွား ပြီ”ဟု သတင်းအမှားတင်ခဲ့သည့်အတွက် အယ်ဒီတာချုပ် ဇော်မင်းဦး(ခ) ဇော်ရဲထက်ကို ၂၀၂၀၊ မေလ ၂၀ တွင် ပုဒ်မ (၅၀၅) နဲ့ ဘားအံ့မြို့နယ်တရားရုံမှ ထောင်ဒဏ် ၂ ချမှတ်ခဲ့သည်။

၄င်းသတင်းအေဂျင်စီသည် လက်ရှိတွင် စစ်ကောင်စီသတင်းစာရှင်းလင်း ပွဲများတွင် တက်ရောက်သတင်းမေးမြန်းမှုများ ရှိသည်။ အွန်လိုင်းစာမျက်နှာကို ၂၀၂၀၊ ဧပြီလနောက်ဆုံးဖော်ပြထားရှိကာ တခြား Channel များ မတွေ့ရှိရပါ။ အယ်ဒီတာချုပ် ဇော်မင်းဦးသည် ၂၀၂၂ ခုနှစ် ၊ နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် (၂၁) ကြိမ်မြောက် စစ်တပ်သတင်းစာရှင်းလင်းပွဲတွင် KUN နှင့် စစ်တပ်အကြား အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်ခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်။

News History for People (NHP) သတင်းဌာန

၂၀၁၉ ခုနှစ်၊ ဇွန်လမှာ စတင်ခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တရားဝင်အသိ အမှတ်ပြု မီဒီယာတစ်ခုဖြစ်သည်။ အယ်ဒီတာချုပ် ဝင်းဦးမှ တာ၀န်ယူ ထား သည်။

Facebook Page, Telegram, Youtube Channel တို့တွင် သတင်းဖော်ပြမှု များရှိသည်။ Telegram တွင် အောက်တိုဘာလ နောက်ဆုံး သတင်း ဖော်ပြမှု တွေ့ရပြီး Subscribers 16 သာ ရှိသည်။

Facebook page တွင် ပုံမှန်တင်ဆက်မှုရှိသည်။ Likes – 105 နှင့် Followers – 149 သာ ရှိသည့် သတင်းပေခ့်တစ်ခုဖြစ်သည်။ သတင်းဖော်ပြရာတွင် စကစထုတ်ပြန်သည့် သတင်းများကို အဓိကထား ဖော်ပြသည်။ Youtube Channel တွင်လည်း MRTV, MWD မှ ရုပ်သံသတင်းများကိုသာ အဓိကထား ဖော်ပြသည်။ Subscribers 1.2K ရှိသည့် Channel တစ်ခုဖြစ်သည်။

အယ်ဒီတာချုပ် ဝင်းဦးသည် နိုဝင်ဘာ ၁၈ ရက်တွင် ပြုလုပ်ခဲ့သည့် (၂၁) ကြိမ်မြောက် စစ်တပ်သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အမေစု ဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး ပြန်လည် လွတ်ပေးရန် တောင်းဆိုခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရသည်ဟု နိုဝင်ဘာ၊ ၂၄ ရက်နေ့တွင် သတင်းမီဒီယာများတွင် ဖော်ပြလာသည်။

အထူးဟစ်တိုင်သတင်းဌာန

SH (အထူးဟစ်တိုင်သတင်းဌာန) Page သည် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ တွင် Nay Pyi Taw Hot News နာမည်ဖြင့် ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၂၄ တွင် SH အထူးဟစ်တိုင်အမည်ကို ပြောင်းလဲခဲ့သည်။ SH Media ကို အယ်ဒီတာချုပ် ဦးသက်နိုင်ဦး (ခ) ဦးသက်(ရွှေမိုးသောက်)ဖြင့် ဦးဆောင်ဖွဲ့ စည်းထားပြီး ဒုအယ်ဒီတာချုပ် ဦးအောင်ကျော်ဦးနှင့် သတင်းထောက်ချုပ် ဦးဇော်မျိုးလွင်တို့ ပါဝင်သည်(အဖွဲ့ဝင်ဟောင်း ဒုအယ်ဒီတာချုပ် ဦးမောင်ဗိုလ်၊ ဒုတိယ သတင်းထောက်ချုပ် ဦးချစ်စမ်းမောင်)။

အယ်ဒီတာချုပ် ဦးသက်နိုင်ဦးသည် မြန်မာနိုင်ငံသတင်း မီဒီယာ ကောင်စီ၏ တွဲဖက်အတွင်းရေးမှူး၊ မြန်မာနိုင်ငံစာရေးဆရာများအသင်း-အဖွဲ့ဝင်၊ မြန်မာ နိုင်ငံမူးယစ်ဆေး ဝါး ဆန့်ကျင်ရေးအသင်း-အဖွဲ့ဝင်၊ အမှန်တရား သတင်းဂျာနယ်၊ မှုခင်းနှင့်ရှုထောင့်သတင်းဂျာနယ်တို့တွင် ပါဝင် လှုပ်ရှားလျက်ရှိသည်။

SH Media မှ ရှုထောင့်သတင်းစုံဂျာနယ်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလထဲတွင် ပြန်လည် ထုတ်ဝေမည်ဖြစ်ကြောင်း အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ SH Media သည် တနိုင်ငံလုံးရှိ ရဲသတင်းပေးနှင့် ဖွဲ့စည်းထားသည်။ SH Media ပေ့ချ်သည် Like 42K နှင့် Follower 44K ရှိပြီး ပုံမှန်သတင်းတင်ဆက်နေသည်။

နေပြည်တော်အွန်လိုင်းသတင်းဌာန

CEO မင်းမောင်ဆိုသူမှ တာ၀န်ယူထားသည့် သတင်းဌာနဖြစ်သည်။စစ်ကောင် စီ ၏ သတင်းစာရှင်းလင်းပွဲများတွင် တက်ရောက် သတင်းယူမေးမြန်းမှုများ ပြုလုပ်သည်။ တက်ရောက်မေးမြန်းသူ – လက်ထောက်အယ်ဒီတာ ဝင်းနို င်ဖြစ်သည်။

နေပြည်တော်ဟစ်တိုင်သတင်းစုံ

CEO သက်နိုင်ထွန်းဆိုသူမှ တာ၀န်ယူထားသည့် သတင်းဌာနဖြစ်သည်။ စစ်ကောင် စီ၏ သတင်းစာရှင်းလင်းပွဲများတွင် တက်ရောက်သတင်းယူ မေးမြန်းမှုများ ပြလုပ်သည်။

Telegram Channel နှင့် Facebook စာမျက်နှာတို့တွင် သတင်း တင်ဆက် မှုများ ရှိသည်။ Telegram ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် စတင်ထားသည်။ တင်ဆက်မှု များအနေဖြင့် MRTV, MWD တို့ သတင်း ထုတ်ပြန်ချက် ရုပ်သံဖိုင်များ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

၂၀၂၂၊ ဇူလိုင်လထိ သတင်းပုံမှန်တင်ဆက်မှု ရှိခဲ့ပြီး သြဂုတ်လမှစတင်၍ တစ်လ သတင်းအပုဒ်ရေ ၂ ပုဒ်၊ ၃ ပုဒ်လောက်သာ ဖော်ပြထားသည်။ Facebook page တွင်လည်း စကစ ထုတ်ပြန်သည့်သတင်းများသာ အဓိက ထား ဖော်ပြသည်။

Queen for peace news agency

အယ်ဒီတာချုပ် မျိုးပပဖြိုးဝေလွင်ဆိုသူမှ တာ၀န်ယူလုပ်ကိုင်သည်။ စစ်ကောင် စီ သတင်းစာရှင်းလင်းပွဲများတွင် တက်ရောက် သတင်းမေးမြန်းမှုများ ပြုလုပ် သည်။ အွန်လိုင်းစာမျက်နှာတွင် မတွေ့ရှိရဘဲ သတင်းစာရှင်းလင်းပွဲရှိသည့် အခါမျိုး တက်ရောက်မေးမြန်းသည်ကို တွေ့ရသည်။

နိုင်ငံသစ္စာသတင်းဌာန

အယ်ဒီတာချုပ် အောင်ကျော်ဦးဆိုသူမှ တည်ထောင်ထားသည်။ Facebook page တွင် သတင်းပုံမှန်တင်ဆက်လျက် ရှိသည်။ စစ်ကောင်စီ သတင်းစာ ရှင်းလင်းပွဲများတွင် တက်ရောက်သတင်းယူမေးမြန်းမှု ပြုလုပ်သည်။

အွန်လိုင်းစာမျက်နှာကို ၂၀၂၁၊ သြဂုတ်လတွင် စတင်ထားသည်။ သတင်းပြန့် နှံ့မှုမှာ Likes ဆယ်ဂဏန်းမျှသာ ရှိသည်။

Golden Hand Journal

Golden Hand ဂျာနယ်သည် ကြံ့ခိုင်ရေး ကိုယ်စားလှယ်ဟောင်း ဘူးလက် လှဆွေ ထုတ်ဝေသော်ဘူးလက် ဂျာနယ်ကို အမည်ပြောင်း၍ ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၂၄) ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သောဂျာနယ် ဖြစ်သည်။

ဘူးလက်လှဆွေ အား နိုင်ငံတော် အကြည်ညို ပျက်စေမှုဖြင့် ဖမ်းဝရမ်း ထုတ် ထား သောကြောင့် ဦးလှဝင်းမောင်အမည်ဖြင့် ပြောင်းလဲထုတ်ဝေ ခဲ့သည်။

Golden Hand ဂျာနယ်နှင့် ဘူးလက်ဂျာနယ် တို့တွင် ပါဝင်သော ကြော်ငြာ အများစုမှာ စစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းများ ဖြစ်သည်။ Golden Hand ဂျာနယ်သည် NUG အစိုးရနှင့် PDFတပ်ဖွဲ့ဝင်များအား ဝေဖန်မှုသတင်း ဆောင်း ပါးများ၊ ဦးဝီရသူ၏ ဆောင်းပါး များအား အလေးပေး ရေးသား ဖော်ပြ ခဲ့သည်။

ဂျာနယ်၏ အဓိကကြော်ငြာတွင် တပ်မတော် စီးပွားရေးလုပ်ငန်း ကြော်ငြာများ အစဉ်တစိုက်ထည့်သွင်းခဲ့သည်။ အပတ်စဉ်ကြာသပတေးနေ့တိုင်းထုတ်ဝေပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် အတွဲ (၄) – အမှတ် (၃၅) ထိထုတ်ဝေပြီး ဖြစ်သည်။

၂၀၂၂၊ နိုဝင်ဘာလ ၃ ရက်နေ့တွင် ထုတ်ဝေခဲ့သော အတွဲ(၄)၊ အမှတ် (၃၅)တွင် ခေါင်းစီးမျက်နှာဖုံးတွင် စစ်တပ်မှ ကေအိုင်အိုဌာနရှိ အနန့်ပါ လေကြောင်း ဖြင့်ဗုံးကျဲတိုက်ခိုက်ခံရမှုအပေါ် “မငိုပါနဲ့ ကေအိုင်အို”ဆိုသည့် ခေါင်းစဥ်ဖြင့် ဖော်ပြထားသည်ကို တွေ့ရသည်။

မြန်မာသံတော်ဆင့်ဂျာနယ်

ဂျာနယ်ကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလတွင် စတင်ထုတ်ဝေခဲ့သည့် ဂျာနယ် ဖြစ်သည်။ ထုတ်ဝေသူအဖြစ် အယ်ဒီတာချုပ် ကျော်စွာဝင်းမှ တာ၀န်ယူ ထားသည်။ ၂၀၂၀ ခုနှစ်မှ ဂျာနယ်ထုတ်ဝေမှု ရပ်နားခဲ့သည်။ စစ်တပ် အာဏာ သိမ်းပြီးနောက်တွင် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲများတွင် တက်ရောက် သတင်းယူမေးမြန်မှုများ တွေ့ရသည်။

သတင်းစာရှင်းလင်းပွဲ တက်ရောက်မေးမြန်းမှုများကို တာ၀န်ခံအယ်ဒီတာ ကိုကိုကြီးမှ မေးမြန်းသည်ကိုလည်း တွေ့ရသည်။ ဂျာနယ်ကို ၂၀၂၂ ခုနှစ်တွင် ပြန်လည် ထုတ်ဝေလျှက်ရှိသည်။

သူရိယနေဝန်းဂျာနယ်

၂၀၁၃၊ အောက်တိုဘာ ၂၆ တွင် စတင်ထုတ်ဝေသည်။ မိုးဟိန်း (CEO) အဖြစ် တာ၀န်ယူ ဆောင်ရွက်သည့် သူရိယအလင်း ဂျာနယ်ကို ထုတ်ဝေသူ က ရပ်နားလိုက်သည့်အတွက် သူရိယနေ၀န်းဂျာနယ်အား အပတ်စဥ် စနေ နေ့တိုင်း အစားထိုး ထုတ်ဝေခဲ့သည်။ ထုတ်ဝေသူမှာ ဦးခင်အေးဖြစ်ပြီး အယ်ဒီ တာ ချုပ် မိုးဟိန်းမှ ဦးစီးလုပ်ကိုင်သည်။

စတင်ထုတ်စဥ်ကပင် ပုဂ္ဂိုလ်ရေးထိုးနှက်တိုက်ခိုက်မှုများ၊ စီးပွားရေး သမား များ ၏ အရှုပ်တော်ပုံများကို ငွေကြေးအကျိုးအမြတ်အတွက် ရေးသားခြင်း၊ လက်ရှိအစိုးရကို ထိခိုက်စေသည့် ရေးသားဖော်ပြချက်များ ပါရှိသည့်အတွက် ဖတ်ရှုသုံးသပ်၍ လိုအပ်သလို အရေးယူဆောင်ရွက်ပေးရန် ပြန်ကြားရေးဝန် ကြီး ဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီသို့ တိုင်ကြားခဲ့သည်။

၂၀၂၀ခုနှစ် ဇန်နဝါရီလတွင် မီဒီယာကျင့်ဝတ်နှင့် မလျှော်ညီဘဲ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့၏ မိသားစုပုံများကို ဖော်ပြ၍ “ခွေးသားရေပေါ်မှာ ရေးမှတ် ထားရမယ့်ငွေကြောင့် မြန်မာပြည်အား သစ္စာဖောက်ကြသူများ” ဆောင်ပါး ရေးသား ဖော်ပြခဲ့ ခြင်းကြောင့် သတင်း မီဒီယာကောင်စီက သူရိယနေဝန်းဂျာ နယ်ကို တောင်းပန်စာ အမြန်ဆုံး ရေးသားဖော်ပြရန် နှင့် နောက်နောင် ယခုကဲ့ သို့ မပြုလုပ်တော့ပါကြောင်း ဝန်ခံကတိ လက်မှတ်ရေးထိုးရန် အရေးယူခဲ့သည်။

လက်ရှိတွင် အယ်ဒီတာချုပ် မိုးဟိန်းသည် စစ်တပ်ပိုင် မြဝတီမှ ထုတ်လွှင့်သည့် အင်တာဗျူး အစီအစဥ်တွင် အပတ်စဥ်တိုင်းအမေးအဖြေကဏ္ဏတွင် ပါဝင် ဖြေ ကြား နေပြီး စကစ သတင်းစာရှင်းလင်းပွဲများတွင် သတင်းမေးမြန်းမှုများ ရှိ သည်။ သတင်းတက်ရောက်မေးမြန်းသူ – မိုးဟိန်း၊ သဇင်ဦးတို့ဖြစ်သည်။

97 Media

97 Media ကို 2018 သြဂုတ်လမှ စ၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ခွင့်ပြုချက် အမှတ်ဖြင့် ဖော်ပြတင်ဆက်နေသည့် မီဒီယာတစ်ခုဖြစ်သည်။ အယ်ဒီတာချုပ် နန္ဒလင်း(ထားဝယ်)မှ တာ၀န်ယူလုပ်ကိုင်သည်။

97 Media သည် Facebook page တွင် မကြာခဏဖြုတ်ချခံရလျက်ရှိပြီး Page အမည်များပြောင်းလဲကာ တင်ဆက်ဖော်ပြလျက်ရှိသည်။ စကစမှ ထုတ်ပြန် သည့်ဝါဒဖြန့်ချီရေးသတင်းများကို အဓိကထား ဖော်ပြကာ NUG, PDF များကို အကြမ်းဖက်အဖွဲ့အစည်းများ အဖြစ် ပုံဖော် တင်ဆက်သည်။

Telegram Channel ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့တွင် စတင်ခဲ့ပြီး Subscribers 1,270 ရှိသည့် Channel တစ်ခုဖြစ်သည်။ သတင်း ဖော်ပြမှု များအနေဖြင့် တစ်နေ့လျှင် သတင်းအပုဒ်ရေ (၂၀) ကျော်ခန့်ဖော်ပြပြီး MRTV, MWD တို့မှ ဖော်ပြသည့် သတင်း များကို အဓိကထား ဖော်ပြသည်။ သတင်း များဖော်ပြမှုများတွင် Viewer အနေဖြင့် ၅၀ မှ ၁၀၀ ကြားတွင် ရှိသည်။

အကျိုးစီးပွားဆက်စပ်နေသော မီဒီယာများ

Eleven Media Group

Eleven သတင်းစာကို ၂၀၁၃၊ မေလ ၃ တွင် စတင်ထုတ်ဝေခဲ့ပြီး ၎င်းအပြင် သတင်းဂျာနယ်၊ အားကစား ဂျာနယ် များကိုပါ အပတ်စဥ်ထုတ်ဝေ လျက်ရှိ သည်။ ပိုင်ရှင်မှာ ဒေါက်တာသန်းထွဋ်အောင် ဖြစ်ပြီး ၂၀၁၀ နောက်ပိုင်း တွင် မြစ်ဆုံဆက်လက်မလုပ်ဆောင်နိုင်ရန် ကန့်ကွက်ခဲ့ကြသည့် ပညာရှင်များ၏ ဆောင်ပါးများကို ၎င်းမီဒီယာမှ ထည့်သွင်းရေးသားဖော်ပြခဲ့သည့်အတွက် ပြည်သူလူထုအကြား အမည်ရရှိခဲ့သည်။

၂၀၁၆၊ နို၀င်ဘာလ ၉ ရက်နေ့ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ဒေါ်လာတစ်သိန်းဝန်းကျင်တန် Patek Phillipe နာရီအား လာဘ်စားသည်ဟု ဆောင်းပါးရေးသားခဲ့သည့်အတွက် Eleven Media နှင့် ဒေါက်တာသန်းထွဋ် အောင်ကို ၆၆ (ဃ)ဖြင့် အမှုဖွင့်ခြင်းခံခဲ့ရသည်။ထို့နောက် ၂၀၁၈ အောက်တိုဘာ ၁၀ ရက်နေ့တွင် လွှတ်တော်အမတ်များကို ဝေဖန်သည့် ဆောင်ပါးရေးခြင်း ကြောင့် Eleven အယ်ဒီတာချုပ် ကျော်ဇောလင်း ၊ တာဝန်ခံ အယ်ဒီတာ နရီမင်း နှင့် သတင်းထောက်ချုပ် ဖြိုးဝေတို့ကို (၅၀၅ – ခ) ဖြင့် တရားစွဲ ဆိုခြင်းခံခဲ့ရသည်။

စစ်တပ်အာဏာသိမ်း ပြီးနောက်ပိုင်းတွင် စကစသတင်းစာရှင်းလင်းပွဲများတွင် တက်ရောက်သတင်းမေးမြန်းလေ့ပြီး သတင်းစာ၊ ဂျာနယ်များတွင် စကစ နှင့်ပတ်သက်သည့်သတင်းများကို အဓိကထားရေးသားလျက်ရှိသည်။ စစ်တပ်သတင်းစာရှင်းလင်းပွဲ တက်ရောက်မေးမြန်းသူများမှာ သတင်းထောက် အောင်မင်းသိန်း၊ ဒုတိယသတင်းထောက်ချုပ် မျိုးနိုင်စိုးတို့ဖြစ်သည်။

Popular News Journal

ပေါ်ပြူလာ ဂျာနယ်ကို ၁၉၉၇ ခုနှစ် ဇွန်လကပင် ထုတ်ဝေခဲ့သည်။ ပိုင်ရှင်မှာ ယခင်သန်းရွှေလက်ထက် အတွင်းရေးမှူး ၃ ဗိုလ်ချုပ်ဝင်းမြင့်၏ သမီး ဒေါ်နန်း ကလျာ ဝင်းဖြစ်သည်။

ယင်း ဂျာနယ် တွင် တက်ကြွစွာ လုပ်ကိုင်နေသူ မြတ်ခိုင်မှာ စစ်တပ် ၊ ယခင် ထောက်လှမ်းရေးတို့နှင့် နီးစပ်သော ဆက်ဆံရေး ရှိသူဟု လူသိများသည်။

ပေါ်ပြူလာဂျာနယ်သည် ဖြော်ဖြေရေး အသွင်ယူထားသော ဂျာနယ် တစ်စောင် ဖြစ်သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ၏ သတင်း စာရှင်းလင်းပွဲသတင်းများ ၊ စစ်တပ်နှင့်သက်ဆိုင်သော သတင်းများကို အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သတင်းများကို အသားပေး ဖော်ပြနေခဲ့သည်။

One News Online

၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှ ပြန်ကြားရေးဝန်ကြီးဌာနမှ ခွင့်ပြုချက်ရ သတင်း အေဂျင်စီတစ်ခုဖြစ်သည်။ Sky Net ရဲ့ သတင်းဌာနခွဲတစ်ခုဖြစ်သည်။ CNN ရုပ်သံဌာနရဲ့ မိတ်ဖက်ရုပ်သံဌာနတစ်ခုဖြစ်သည်။ Facebook , Website, Youtube တို့တွင် သတင်းများပုံမှန်တင်ဆက်နေခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက်ပိုင်း ဝန်ထမ်းအများအပြား ထွက်သွားခဲ့ပြီး မူဝါဒအပြောင်းအလဲများ ဖြစ်ခဲ့သည်။ ထို့နောက် စစ်ကောင်စီသတင်းစာ ရှင်းလင်းပွဲ များတွင် သတင်းတက်ရောက်မေး မြန်းမှုများ ပြုလုပ်လျက်ရှိသည်။

နိုင်ငံတကာသတင်း၊ အာကစား၊ ပြည်တွင်းသတင်း၊ တိုက်ရိုက်ထုတ်လွှင့်မှုများ တင်ဆက် သည်။ Facebook page တွင် Likes – 1.2M, Followers – 1.9M ထိရှိသည်။ Youtube Channel တွင်လည်း သတင်း ထုတ်လွှင့်များ တင်ဆက် လျက် ရှိပြီး Subscribers – 57.3K ရှိသည်။ သတင်းစာရှင်းလင်းပွဲ တက်ရောက် မေးမြန်းသူ – သတင်းထောက်သွန်းထူးအောင်ဖြစ်သည်။

အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲသို့ တက် ရောက်ခွင့်ရသူများ ၊ တက်ရောက်နေသည့် သတင်းမီဒီယာများသည် ၎င်းတို့ အလိုကျ ရေးသားသူများ ၊ ၎င်းတို့ကို ထောက်ခံသူများသာဖြစ်ကြပြီး ၎င်းတို့ကို ဆန့်ကျင်သူများအကြောင်း လေသံများ မကြားလိုသူများ ၊ မကြား ရဲသူ များသာ ဖြစ်နေကြသည်။

လူမှုကွန်ရက်မီဒီယာတွင် နည်းလမ်းမျိုးစုံ ၊ အမည်မျိုးစုံဖြင့် ဝါဒဖြန့်ချီရေးကို တွင်တွင်ကျယ်ကျယ် လုပ်နေကြသူများဖြစ်ပြီး Facebook ၏ community standard နှင့်ညိ၍ အကောင့်ဖျက်သိမ်းခံရမှုများ ရှိသော်လည်း နာမည်ပေါင်းစုံ ဖြင့် ပြန်လာနေကြသူများလဲဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း နာမည်ဆိုး ဖြင့် ကျော်ကြားလာခဲ့သည့် စစ်လော်ဘီ ဝါဒဖြန့် ချိရေးသမားများအကြောင်း ဆက် လက်တင်ပြပါဦးမည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article