28 C
Yangon

ပအိုဝ်းပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေးတွင် ပူးပေါင်းပါဝင်ကြရန် ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) တိုက်တွန်း

Must read

ရန်ကုန်၊ ဒီဇင်ဘာလ ၁၁

ပအိုဝ်းပြည်သူများအနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးတွင် ပူးပေါင်းပါဝင်ကြရန် ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ(PNFC)က ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျရောက်သော (၇၃) နှစ်မြောက် ပအိုဝ်းတော်လှန်ရေး နေ့၌ ကြေညာချက် ထုတ်ပြန်ကာ တိုက်တွန်းလိုက်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် စစ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော လူထု အရေးတော်ပုံကြီးမှ စတင်ခဲ့သည့် တော်လှန်ရေးကြီးတွင် ပအိုဝ်း လူငယ်မျိုးဆက်သစ်များနှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်မှုတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲနေခဲ့ကြသူများ ပူးပေါင်းပြီး ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ကျင်းပခဲ့ကြောင်း၊ ယင်းညီလာခံမှ ဖွဲ့စည်းပေးခဲ့သော ပအိုဝ်းအမျိုးသားဖက်ဒရယ် ကောင်စီသည် လက်နက်ကိုင်လမ်းစဉ် အပါအဝင် နည်းပေါင်းစုံဖြင့် နွေဦးတော်လှန်ရေးတွင် ပူးပေါင်းပါဝင်ခဲ့ကြောင်း ယင်းကြေညာချက်တွင်ဖော်ပြထားသည်။

ယခု နွေဦးတော်လှန်ရေးသည် လှည်းနေလှေအောင်းမြင်း ဇောင်းမကျန် ပြည်သူလူထုတစ်ရပ်လုံးပါဝင် ဆင်နွှဲနေပြီး စစ်အာဏာရှင် စနစ်ဆိုးကို ဖျက်သိမ်းကာ ဖက်ဒရယ်ပြည်ထောင် စု တည်ဆောက်ရေး အလား အလာကောင်းများကို တွေ့နေရကြောင်း၊ အထောက်အပံ့ကောင်းများကိုလည်း ရရှိနေပြီဖြစ် ကြောင်း၊ ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်နေပြီး စစ်အာဏာရှင်စနစ်သည် ပဋိပက္ခ ပေါင်းစုံဖြင့် ပြိုကွဲလုနီးနီးဖြစ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထား သည်။

အကြမ်းဖက်စစ်ကောင်စီသည် အုပ်ချုပ်ရေးယန္တရားကို အပြည့်အဝ ကိုင်တွယ်နိုင်စွမ်းမရှိတော့ကြောင်း၊ လေကြောင်းအင်အား လက်နက်ကြီးအင်အား စသည့် သာလွန်အင်အားတို့ကို သုံး၍ ပြည်သူ လူထုအပေါ် ရက်ရက်စက်စက်ဖိနှိပ်နေသော်လည်း စစ်ရေးအရ ဆက်တိုက်ရှုံးနိမ့်နေကြောင်း၊ တိုင်းပြည်၏ စီးပွားရေးယန္တရားတစ်ရပ်လုံးလည်း ရပ်တန့်လုနီးပါး ဖြစ်နေကြောင်း၊ နိုင်ငံတကာ ဆက်ဆံရေး၌ လည်း လက်တစ်ဆုပ်စာနိုင်ငံများကလွဲ၍ စစ်အုပ်စု၏ ကိုယ်စားပြုပိုင်ခွင့်သည် သုည(၀)အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ထောက်ပြထားသည်။

အာစီယံအဖွဲ့ကြီးကလည်း နွေဦးတော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ဆက်ဆံ၍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံမှလည်း ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ထူထောင်နိုင်ရေးကို ဦးတည်လှုပ်ရှားနေသည့် နွေဦးတော်လှန်ရေး အင်အားစုများ ကို ထောက်ပံ့ပေးရန် ၎င်း၏ အမျိုးသားကာကွယ်ရေး ဥပဒေ (NDAA)ကို အောက်လွှတ်တော်က အတည်ပြု ဆုံးဖြတ်ထားခဲ့သလို အထက်လွှတ်တော်ကလည်း သဘောတူထားပြီးဖြစ် သည်ဟု ဆိုသည်။

သို့ဖြစ်ပါ၍ ပအိုဝ်းပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၊ စစ်အာဏာရှင် စနစ် အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေး တိုက်ပွဲတို့တွင် ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)နှင့်အတူ ဆထက်ထမ်းပိုး လက်တွဲ၍ တိုက်ပွဲဝင်ကြရန် တိုက် တွန်းထားသည်။

Photo- PNFC (ပအိုဝ်းဖက်ဒရယ်ကောင်စီ ဥက္ကဌ ဦးခွန်ထွန်းမြင့်နှင့် ရဲဘော်များ)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article