37 C
Yangon

နိုဝင်ဘာလတွင် စစ်တပ်ဘက်မှ ဗိုလ်မှူးကြီး ၁ ဦး ၊ ဒုဗိုလ်မှူးကြီးနှင့်ဗိုလ်မှူး ၁၀ ဦး၊ ဗိုလ်ကြီး ၄ ဦးနှင့် ရဲစခန်းမှူး ၂ ဦးတို့ သေဆုံး

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၃

မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ဗျူဟာမှူး ဗိုလ်မှူးကြီး ၁ ဦး၊ ဒုဗိုလ်မှူးကြီးနှင့် ဗိုလ်မှူး ၁၀ ဦး၊ ဗိုလ်ကြီး ၄ ဦးနှင့် ရဲစခန်းမှူး ၂ ဦးတို့ကို ကာကွယ်ရေး တပ်ဖွဲ့များ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ကြောင်း ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

ထီးလင်း တိုက်ပွဲတွင် တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး ပစ်ခတ်ခံရပြီးသေဆုံး

မကွေးတိုင်း၊ ထီးလင်းမြို့နယ်အတွင်း ထိတွေ့တိုက်ပွဲ၌ အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် တပ်မ ၅၅ လက်အောက်ခံ ဂန့်ဂေါမြို့နယ် အခြေစိုက် တပ်ရင်း ခလရ ၅၀ မှ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ဦးဆောင်သည့် စစ်ကြောင်းကို ထီးလင်း မြို့နယ် အရှေ့မြောက်ဘက် ၄ မိုင်ခန့်အကွာ ပါးမျဉ်းရွာတွင် ဗျူဟာမှူး သခင် ဇော် ဦးဆောင်သည့် YDF ထီးလင်း အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့ပြီး ခါးကျည်ထိမှန်ကာ ထီးလင်းမြို့ ပြန်အရောက်တွင်သေဆုံးခဲ့ပြီး ရွှေထီးခန်းမဘေးတွင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

သထုံတွင် ဗိုလ်မှူး ချစ်ဝင်းသူ ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ်၊ သထုံမြို့တွင် ဗိုလ်မှူး ချစ်ဝင်းသူ မောင်းနှင်လာသောကားကို သထုံ ပကဖ အဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ချစ်ဝင်းသူ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် သထုံမြို့ အခြေစိုက် အမှတ် ၉ လေ့ကျင့်ရေးတပ်မှ ဗိုလ်မှူး ချစ်ဝင်းသူ ဦးဆောင်သော အကြမ်းဖက် စစ်တပ်က ဝင်းစိန်ရွာမှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ဦးမြင့်သိန်းကို အိမ်စီးကားဖြင့် ဖမ်းဆီး ခေါ်ဆောင်လာစဥ် သထုံ ပကဖ အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ဗိုလ်မှူး ချစ်ဝင်းသူသည် ဇွန်လအတွင်းက သထုံမြို့နယ် ထုံးဘိုလေးရွာကို စစ်တပ်က မီးရှို့ရာ၌ ဦးဆောင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။

စဥ့်ကူးတွင် တိုက်ပွဲဖြစ်ပွားပြီး ဗိုလ်မှူး ဇော်ထက်အောင် သေဆုံး

မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူး ဇော်ထက်အောင် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

နိုဝင်ဘာလ ၁၀ ရက်နေ့တွင် စဥ့်ကူးမြို့နယ် ဧရာဝတီ မြစ်ကမ်းဘေးရှိ အင်းဇော်ကြီးရွာ၌ သပိတ်ကျင်းမြို့နယ် တွင်းငယ်ကျေးရွာ အခြေစိုက် တန်းမြှင့်လေ့ကျင့်ရေးကျောင်း တကက ၁၃ မှ ဗိုလ်မှူး ဇော်ထက်အောင် ဦးဆောင်သော အဖွဲ့နှင့် ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ဗိုလ်လင်းယုန် တပ်ဖွဲ့တို့ အနီးကပ် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်မှူး ဇော်ထက်အောင်သည် ဆီးခုံကျည် ၂ ချက် ဖောက်ဝင် ဒဏ်ရာဖြင့် ကျောက်ကြီး (ပြင်ဦးလွင်) ဆေးရုံ၌ ကုသခံယူရင်းနေစဥ် သေဆုံးသွားကြောင်း သိရသည်။

ရွှေကျင်မြို့နယ်ရှိ စစ်တပ် တပ်စခန်း ၃ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး ဒုတပ်ရင်းမှူး ၁ ဦးသေဆုံး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် တပ်စခန်း ၃ ခုကို KNLA၊ PDF တပ်ပေါင်းစုက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ဒုတပ်ရင်းမှူး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ရွှေကျင်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ဘောကထစခန်း၊ တုံးတံတားစခန်းနှင့် သံဆိပ်စခန်းတို့ကို KNLA တပ်ရင်း(၉)နှင့် PDF တပ်ရင်း (၃၇၀၂) တို့ ပူးတွဲ တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်း ဒုတပ်ရင်းမှူး ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှုတွင် ရဲအုပ်လှကျော်ဦး သေဆုံး

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွ ရဲစခန်းကို KNLA၊ PDF တပ်ပေါင်းစု ဝင်ရောက် တိုက်ခိုက်မှု ရဲအုပ်လှကျော်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရဲစခန်းကို KNLA၊ PDF တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲအုပ် လှကျော်ဦး အပါအဝင် ရဲတပ်သား ၂ ဦးသေဆုံးပြီး ၄ ဦး အရှင် ဖမ်းမိခဲ့ကြောင်း သိရသည်။

မော်လမြိုင်-ဘီးလင်း လမ်းပိုင်းတွင် စစ်တပ် ယာဥ်တန်းကို ပစ်ခတ် တိုက်ခိုက်မှု ဗျူဟာမှူး ၁ ဦးသေဆုံး

မော်လမြိုင်-ဘီလင်း လမ်းပိုင်းတွင် အကြမ်းဖက် စစ်တပ် ယာဥ်တန်းကို KNLA တပ်ပေါင်းစုက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဗျူဟာမှူး ၁ ဦးအပါအဝင် ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၁ ရက်နေ့တွင် မော်လမြိုင်မှ ဘီးလင်းဘက်သို့ ထွက်ခွာလာသော စစ်ကား ၁၇ စီးနှင့် စစ်ကောင်စီ ယာဥ်တန်းကို ဘီးလင်း တိုးဂိတ်ဟောင်းအနီး KNLA ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ဗျူဟာမှူး အပါအဝင် ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ် တိုက်ပွဲတွင် ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းစံ သေဆုံး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့တွင် KIA၊ PDF တပ်ပေါင်းစုနှင့် အကြမ်းဖက် စစ်တပ်တို့ တိုက်ပွဲဖြစ်ပွားပြီး ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းစံ သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အင်းတော်မြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နှင့် KIA၊ PDF တပ်ပေါင်းစုတို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းစံ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

ဒုတိယ ဗိုလ်မှူးကြီး ထိန်လင်းစံသည် ဟိုပင် မြို့နယ် တဂွင်ရွာသား ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှ စတင်ပြီး (၅) နှစ်ကြာ မင်းအောင်လှိုင် မိသားစု ကိုယ်ရံတော် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် ဗိုလ်မှူး နေလင်းထွန်း သေဆုံး

နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံတွင် စစ်ရေးနှင့် စစ်ထောက်ချုပ် ဗိုလ်မှူး နေလင်းထွန်း နိုဝင်ဘာလ ၁၈ ရက်နေ့က သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသော ဗိုလ်မှူး နေလင်းထွန်း ရုပ်အလောင်းကို နိုဝင်ဘာလ ၂၀ ရက်နေ့တွင် နေပြည်တော် ကွေ့ကြီး သုဿန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

ရေးမြို့နယ်တွင် ဒုရဲမှူး လှဌေး ပစ်ခတ်ခံရပြီး သေဆုံး

မွန်ပြည်နယ် ရေးမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသော ယာဥ် ၁ စီးကို ရေးဘီလူးအဖွဲ့မှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဒုရဲမှူး လှဌေး အပါအဝင် ရဲ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၈ နာရီ ၂၀ မိနစ်တွင် ရေးမြို့မ ရဲစခန်းမှ စခန်းမှူးနှင့် အဖွဲ့ လိုက်ပါလာတဲ့ ကား ၁ စီးကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ရေးမြို့နယ် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ – ၁၉) အနီး၌ ရေးဘီလူးအဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စခန်းမှူး ဒုရဲမှူး လှဌေး အပါအဝင် ရဲ ၃ ဦး သေဆုံးကာ M-16 တစ်လက် သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ဒုရဲမှူး လှဌေး၏ သားဖြစ်သူသည် အကြမ်းဖက် စစ်တပ် နေပြည်တော် ကကလေ စစ်ရုံးချုပ် G3 တတိယတန်း စစ်ဦးစီးမှူး ဗိုလ်ကြီး ထက်အောင်ရှိုင်းဖြစ်ကြောင်းသိရသည်။

ရန်ကုန်၊ သင်္ဃန်းကျွန်း သုဝဏ္ဏ ဗိုလ်ချုပ်ရွာတွင် နေထိုင်သည့် ဗိုလ်မှူးကြီး (ငြိမ်း) ဇော်နိုင်ဝင်း ပစ်ခတ်ခံရ

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏ ဗိုလ်ချုပ်ရွာ ၂၃ ရပ်ကွက် ကံ့ကော်မြိုင်လမ်းနှင့် အင်ကြင်းမြိုင် လမ်းသွယ် ၄ ထောင့်ရှိ နေအိမ်ရှေ့တွင် ဗိုလ်မှူးကြီး (ငြိမ်း) ဇော်နိုင်ဝင်းသည် နိုဝင်ဘာလ ၂၄ ရက်နေ့၌ ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီး (ငြိမ်း) ဇော်နိုင်ဝင်းသည် (မဆလခေတ် ဝန်ကြီးတိုက်စိုး၏ သမက်) ဖြစ်ပြီး အငြိမ်းစား မယူမီ နည်းဗျူဟာမှူး တပ်မ (၇၇) လက်အောက်ခံ နည်းဗျူဟာ (၇၇၂)နှင့် ၂၀၀၉ ခုနှစ် တပ်ရင်းမှူးဟောင်း အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ လှိုင်းဘွဲ့ အခြေစိုက် ခမရ (၃၃၉) တို့တွင် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားသော တိုက်ပွဲများ အတွင်း တပ်မ ၃၃ မှ တပ်ရင်းမှူး ၁ ဦး သေဆုံး

ကချင်ပြည်နယ်တွင် နိုဝင်ဘာလ တတိယပတ်အတွင်း အကြမ်းဖက် စစ်တပ် တပ်မ ၃၃ နှင့် KIA၊ PDF ပူးပေါင်းတပ်တို့ တိုက်ပွဲများဖြစ်ပွားပြီး တပ်ရင်းမှူး ၁ ဦးအပါအဝင် ၄၀ ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

KIA တပ်မဟာ ၉ လက်အောက်ရှိ KIA၊ PDF ပူးပေါင်း တပ်များက စစ်ကောင်စီ တပ်၏ စစ်ရေး လှုပ်ရှားမှု စစ်ကြောင်းများကို ရှောင်တခင် ကြားဖြတ် တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် တိုက်ခိုက်ခြင်း၊ RPG များဖြင့် ဆက်တိုက် ပစ်ခတ်ခြင်းများကြောင့် စစ်တပ်ဘက်မှ တပ်ရင်းမှူး (ဒု-စစ်ကြောင်းမှူး) အပါအဝင် စစ်သား (၄၀)ဦးထက် မနည်းသေဆုံးကြောင်း ကချင်သတင်းရင်းမြစ်များ၏ အဆိုအရ သိရှိရသည်။

ပုလောတွင် ခရီးသည်ကားဖြင့် လိုက်ပါလာသော ဗိုလ်မှူး ဝင်ဌေးနိုင် ပစ်ခတ်ခံရပြီး သေဆုံး

ပုလောတွင် အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူး ဝင်းဌေးနိုင် ဖမ်းဆီးခံရပြီး ကာကွယ်ရေး တပ်ဖွဲ့များကို ခုခံ ထွက်ပြေးစဥ်ပစ်ခတိခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ပုလော တပ်ရင်းမှ ထားဝယ် တပ်ရင်း ဘက်သို့ တာဝန်ဖြင့် အရပ်သား အယောင် ဆောင် ပြောင်းရွှေ့လာသော ဗိုလ်မှူး ဝင်းဌေးနိုင် လိုက်ပါလာသော ကားတစ်စီးကို PDF တပ်ဖွဲ့က စစ်ဆေး ဖမ်းဆီးခဲ့ပြီး ဗိုလ်မှူး ဝင်းဌေးနိုင်က PDF ရဲဘော်ထံမှ သေနတ် လု ထွက်ပြေစဥ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်းဟသ် သည်။

မြဝတီ ဘလက်ဒိုရွာမှ စခန်းချနေသည့် စစ်တပ် ဗုံးသီးချ တိုက်ခိုက်ခံရပြီး ဗိုလ်မှူး ဇော်မျိုးအောင် ထိခိုက် ဒဏ်ရာရ

မြဝတီ-ဝေါလေ လမ်းပိုင်းရှိ ဘလက်ဒိုရွာ အနီး စခန်းချ နေစဥ် ကိုဘရာစစ်ကြောင်း ဦးဆောင်သည့် KNDO တပ်ရင်း(၈)၊ ရောင်နီ ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းတပ်ဖွဲ့က ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး ခမရ ၁၀၂ မှ တပ်ရင်းမှူး ဗိုလ်မှူး ဇော်မျိုးအောင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖားကန့်၊ မိတ္ထီလာ၊ လောပိတနှင့် ကျိုက်ထိုတို့တွင်လည်း ဗိုလ်ကြီး အဆင့်ရှိသူ ၄ ဦးသေဆုံး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် မှော်စီစာ ကျေးရွာရှိ SKY KTV လက်ပစ်ဗုံး ပစ်တိုက်ခိုက်ခံရပြီး စစ်ကိုင်း အခြေစိုက် တပ်မ (၃၃) ၊ နည်းဗျူဟာ (၃၃၁) လက်အောက်ခံ မန္တလေး – အုန်းချော အခြေစိုက် ခြေလျင် တပ်ရင်း (၇၆)မှ ဗိုလ်ကြီး ဝင်းလှိုင်းမိုး သေဆုံးခဲ့​ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ကျီတော်ကုန်း နယ်မြေ (၂) မိတ္တဗလ ရပ်ကွက်တွင်နေထိုင်၌ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဗိုလ်ကြီး ရှိုင်းသူအောင် သေဆုံးခဲ့ကြောင်း သိရသည်။

လွိုင်ကော်မြို့နယ် လောပိတမြို့၌ အကြမ်းဖက် စစ်တပ် ခြေကုပ်စခန်းကို နိုဝင်ဘာလ ၁၃ ရက်နေ့က အရပ်ဝတ်ဖြင့် ရိက္ခာလာပို့သည့် စစ်သားများကို KNDF B-10 က ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူ ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ တောင်ကလေး ရဲစခန်းကို KNLA ပူးပေါင်းတပ်က နိုဝင်ဘာလ ၂၁ ရက်နေ့တွင်တိုက်ခိုက်ခဲ့ပြီး တပ်မ ၂၂ လက်အောက်ခံ၊ ကျိုက်ထို မြို့နယ် အခြေစိုက် ခမရ (၂၀၈) တပ်ရင်းမှ ဗိုလ်ကြီး ဟိန်းစိုးထွန်းသေဆုံးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article