30 C
Yangon

ဒီပဲယင်း၊ နများနှင့် အရှေ့အင်ပင်ရွာကို စစ်တပ် စစ်ကြောင်း ၂ ခုခွဲ၍ ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးပြီး သံဃာ တော် တစ်ပါးနှင့် ပြည်သူ ၃၀ ခန့်ကို ဖမ်းဆီး၊ ဖမ်းဆီးခံရသူများ၏ အသက် အန္တရာယ် စိုးရိမ်ရ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၆

စစ်ကိုင်းတိုင်း ပဲယင်းမြို့နယ် နများကျေးရွာကို အကြမ်းဖက်စစ်ကောင်စီများ ဒီဇင်ဘာ ၆ ရက်တွင် ဝင်ရောက်၍ ပြည်သူ့နေအိမ်များကို အတန်းလိုက် မီးရှို့ဖျက်ဆီးနေပြီး နများကျေးရွာမှ ပြည်သူ ၃၀ ခန့်ကို ဖမ်းဆီးထားကြောင်း ဒေသခံများထံမှ သိရှိရသည်။

“နောက်ဆက်တွဲအခြေအနေမသိရသေးဘူးခင်ဗျ။ မနက် ၇ နာရီခွဲလောက်က ရွာကို ဝင်လာတယ်လို့ သိရတယ်။ အဖမ်းခံရတဲ့ သူတွေကတော့ ပထမအကြိမ်ဝင်ပြီးပြီမို့ မဝင်ဘူးထင်ပြီး ပြန်ဝင်ပုံရတယ်။ သူတို့အမှတ်မထင် ဝင်ရောက်လာတဲ့အတွက် အဖမ်းခံရတဲ့ အခြေအနေမျိုးပါ” ဟု ဒီပဲယင်းမြို့နယ် ညီနောင်များ မှ တာဝန်ရှိသူတစ်ဦးက မြေပြင်အခြေအနေနဲ့ ပတ်သက်၍ ရန်ကုန်ခေတ်သစ်သို့‌ ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီဝင်များသည် အရှေ့အင်ပင်ရွာသို့လည်း စစ်ကြောင်း တစ်ကြောင်း ခွဲကာ ရောက်ရှိနေပြီး အင်ပင်ကျေးရွာကိုလည်း လက်ရှိအချိန်တွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောကြားသည်။

“အခုလေးတင်ပဲ အင်ပင်ကျေးရွာလည်း မီးရှို့နေပါပြီ။ စစ်ကြောင်းနှစ်ကြောင်းခွဲရှို့နေတာဗျ။ အခု စစ်ကြောင်းက အင်ပင်ဘက်မှာ တစ်ကြောင်း၊ နများဘက်ကမှာ တစ်ကြောင်းရှိနေတယ်ဗျ။ အင်ပင်အနီးက မရကန်က ဦးဇင်းတစ်ပါးကိုလည်း ဖမ်းဆီးထားတယ် “ ဟု ဒီပဲယင်းမြို့နယ် ညီနောင်များ မှ တာဝန်ခံက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အရှေ့အင်ပင်ကျေးရွာကို မီးရှို့နေသည့် အကြမ်းဖက်စစ်ကောင်စီဝင်များသည် မရကန်ရွာကို အရင် ဝင်ရောက်၍ ဘုန်းကြီးတစ်ပါးကို ဖမ်းဆီးခဲ့ပြီး ထိုမှတစ်ဆင့် အရှေ့အင်ပင်ရွာသို့ ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီဇင်ဘာ ၃ ရက်နှင့် ၄ ရက်နေ့ကလည်း နများရွာ၊ ယဉ်ကျေးရွာ နှင့် မူးရိုးကုန်းကျေးရွာများကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့သေးပြီး နများရွာတွင် အိမ်ခြေ ၂၄ လုံးလောင်ကျွမ်းပျက်စီးခဲ့သည်။

ဓာတ်ပုံ- ဒီပဲယင်းတွင် စစ်တပ်က ယခုရက်ပိုင်းအတွင်း မီးရှို့ဖျက်ဆီးခဲ့သော ပြည်သူပိုင်နေအိမ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article