ရန်ကုန်၊ ဒီဇင်ဘာ ၁၃
မကောင်းဆိုးဝါးတစ်ကောင်လို ယုတ်မာနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ပြတ်ချေမှုန်းနေရ ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသော အမျိုးသား ညီညွတ်ရေးအစိုးရ၏ ၇၈ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားသည်။
“အကြမ်းဖက်စစ်ကောင်စီဟာ သူတို့အနိုင်ရဖို့ သူတို့ ရှင်သန်ရပ်တည်နိုင်ဖို့အတွက် ဘယ်ကိစ္စကိုမဆို လက်မရွံ့ လုပ်နိုင်တယ်ဆိုတာကို အထင်အရှားပြနေပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစု တွေမှာတော့ ကျင့်ဝတ်အရ၊ စည်းမျဉ်းအရ၊ လူ့အခွင့်အရေးလေးစားလိုက်နာမှုတွေအရ စစ်ကို စစ်လို မတိုက်နိုင်တာတွေ ရှိနေတယ်။ အကြောင်းကတော့ ကျွန်တော်တို့ဟာ မူနဲ့ / စနစ်နဲ့ / ကျင့်ဝတ်နဲ့ လျှောက်လှမ်းနေတဲ့ တော်လှန်ရေးလမ်းစဉ်မို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ တရားသောစစ်ရဲ့ ကျင့်ဝတ် တွေကို စောင့်ထိန်းပြီး ခုခံတော်လှန်နေရသလို တစ်ဖက်မှာလည်း မကောင်းဆိုးရွားလို ဆိုးယုတ်တဲ့ အကြမ်းဖက်စစ်အုပ်စုကို အမြစ်ဖြတ် ချေမှုန်းနေရပါတယ်။” ဟု ၎င်းက ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီသည် ရှမ်းပြည်နယ်မြောက်ပိုင်းကို လေကောင်းထိုးစစ်ဆင်ပြီး စစ်ရေး ပစ်မှတ် ၊ အရပ်သားပစ်မှတ်မခွဲခြားပဲနှင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ ပြည်တွင်းတွင် စစ်ရေးအသာစီးရရှိရန် နိုင်ငံ ရေးကို နည်းမျိုးစုံလှည့်ကွက်များ ထွင်ကာ လုပ်ဆောင်နေကြောင်း၊ လေကြောင်းမှ အဓိကထား ထိုးစစ် ဆင်လာခြင်းသည် ကြည်းတပ်အင်အားယုတ်လျော့ချိနဲ့လာသည်ကို ပြသခြင်းဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။
“နွေဦးတော်လှန်ရေးရဲ့ အောင်ပွဲဟာ စစ်ရေးအောင်နိုင်မှုနဲ့ နိုင်ငံရေးအရ ခိုင်ခိုင်မာမာ ထောက်ခံမှု ရှိထား ရေး အပေါ်မှာ မူတည်နေပါတယ်။ ဒါ့ကြောင့် ခုခံတော်လှန်စစ်မှာ ထင်ထင်ရှားရှား ဆုပ်ကိုင်ပြနိုင်တဲ့ စစ် ရေး အောင်နိုင်မှုတွေရအောင်လည်း ကျွန်တော်တို့ ကြိုးစားကြရမယ်။ တစ်ဖက်မှာလည်း ပြည်တွင်းနိုင်ငံ ရေး ထောက်ခံမှုရေချိန် လျော့ပါးမသွားအောင် လုပ်ထားရပါလိမ့်မယ်။ ပြည်ပနိုင်ငံတွေထဲမှာ မိတ်ဆွေ နိုင်ငံတွေ တိုးပွားရေးကို အစဉ်တစိုက် လုပ်ဆောင်နေရပါလိမ့်မယ်။ ပြည်တွင်းက တော်လှန်သော အစု အဖွဲ့အားလုံးနဲ့ ညီညွတ်သော တော်လှန်ရေး တပ်ပေါင်းစုဖြစ်အောင် ခိုင်ခိုင်မြဲမြဲ ချိတ်ဆက်ပေါင်းစည်း ထားရမှာ ဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီ၏ စစ်ရေးအရှိုက်ကို ထိုးနှက်နိုင်ရန် နိုင်ငံရေးအရ လုပ်နိုင်သမျှ ကိစ္စရပ်အားလုံးကို လုပ်ကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်တွင်လည်း အရပ်သား သေကြေမှု၊ မဟာမိတ်တော်လှန်ရေး အင်အားစုများ၏ ရဲဘော် ရဲဘက်များလည်း အကျအဆုံး နည်းနိုင်သမျှ နည်း ရေးကို အဓိကလုပ်ဆောင်ကြရန် တိုက်တွန်းပါကြောင်း ယာယီသမ္မတဒူဝါလရှီးလက ပြောဆိုသည်။