28 C
Yangon

စစ်တပ် မဲဝိုင်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တက်သိမ်းစဉ် စစ်လေယာဉ် ၈ စီးဖြင့် ဗုံးကျဲသဖြင့် ပြန်ဆုတ်ခဲ့ရ၊ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရရှိကာ စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦး ကျဆုံး

Must read

စစ်တပ် မဲဝိုင်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တက်သိမ်းစဉ် စစ်လေယာဉ် ၈ စီးဖြင့် ဗုံးကျဲသဖြင့် ပြန်ဆုတ်ခဲ့ရ၊ စစ်တပ်ဘက်မှ ၉ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများရရှိကာ စစ်တပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၈ ဦး ကျဆုံး

ရန်ကုန်၊ ဇန်ဝါရီ ၁၃

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ တပ်မဟာ(၅)နယ်မြေအတွင်းရှိ စစ်ကောင်စီ၏ မဲဝိုင်စခန်းကို KNU/KNLA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက နေ့စဥ်တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်တပ်ဘက်မှ အထိအခိုက်အကျအဆုံးမှု များပြားလျက်ရှိသဖြင့် လေကြောင်း အသုံးပြု၍ အရပ်သားများနေထိုင်သည့်နေရာများကို ရမ်းသမ်း တိုက်ခိုက်လျက်ရှိကြောင်းသိရသည်။

‘’ဒီဇင်ဘာလဆန်းလောက်ကတည်းက FFD အဖွဲ့က ဒရုန်းနဲ့နေ့တိုင်းဗုံးကျဲနေတာ။ တစ်လအတွင်း ဗုံး အလုံးပေါင်းတစ်ထောင်ကျော်ပြီ။ စခန်းထဲလည်း ရစရာမရှိတော့ဘူး။ ဒီကောင်တွေကြွက်တွေလို ကြွင်းတူးပြီး ပုန်းနေသေးလို့ကျန်နေတာ၊ ဇန်နဝါရီလ ၄ ရက်နေ့နဲ့ ဇန်နဝါရီ ၇ ရက်နေ့တွေမှာ စခန်းထဲအထိဝင်တိုက်တယ်။ တပ်ခွဲမှူးတစ်ဦး၊ အရာခံဗိုလ်တစ်ဦးအပါအဝင် ၉ယောက်သေတယ်။ ဒီထက်လည်းပိုများနိုင်တယ်။ အရုဏ်တက်ချိန်ဖြစ်တဲ့အတွက် အလင်းရောင်မမြင်ရလို့ အတိအကျတော့ပြောလို့မရဘူး။ လက်နက် တော်တော်များများလည်း သိမ်းမိထားတယ်” ဟု KNU နှင့် နီးစပ်သည့် သတင်းရင်းမြစ်ထံမှသိရသည်။

ထိုစခန်းသိမ်းတိုက်ခိုက်မှုတွင် KNU/KNLA ၏ဦးဆောင်မှုဖြင့် FFD ၊ BPLAနှင့် PDF တပ်ဖွဲ့ဝင်များ ပါဝင်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဖက်က တိုက်လေယာဥ် ၈ စင်းအထိ အသုံးပြု၍ ခုခံခဲ့သောကြောင့် အပြီးသတ် မသိမ်းနိုင်သေးကြောင်း ၎င်းကဆိုသည်။

မဲ၀ိုင်းစခန်းသိမ်းဖြစ်စဉ်အတွင်း အကြမ်းဖက်စစ်တပ်က အထိနာသဖြင့် လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်ရာ အရပ်သား ပြည်သူ ၆ဦးသေဆုံးပြီး မထောစစ်ကောင်စီတပ်စခန်းကလည်း ၁၂၂ မမ ဖြင့် အကြိမ်၂၀နှင့်အထက်ပစ်ခတ်သည့်အတွက် ပြည်သူ၂ ဦးသေဆုံးခဲ့ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။

‘’မြေပြင်မှာ သူယှဥ် ကိုယ်ယှဥ်ပစ်ရင်တော့ သိမ်းနိုင်တာကြာပြီ၊ လေယာဉ်တွေလာပစ်တာကြောင့် တစ်ဝက်လောက်ပဲသိမ်းပြီးပြန်ဆုတ်ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘက်က Droneတွေနဲ့ တစ်နေ့ ဗုံးအလုံးသုံးဆယ်လောက်ကျဲနေတော့ စခန်းထဲက တပ်ခွဲမှုးအဆင့်ရှိတဲ့ စစ်ခွေးတစ်ကောင် ဒဏ်ရာအပြင်းအထန်ရပြီး ဘာမှမတုံ့ပြန်နိုင်ဘူး။ စခန်းဝင်စီးတော့ ဒီကောင်အရက်ထိုင်သောက်ပြီး သေမယ့်အချိန်စောင့်နေတာနဲ့ ပစ်သတ်ပြီး သူ့ပစ္စတိုပါယူလာခဲ့တယ်။ စခန်းမသိမ်းခင် ၁ ပတ်လောက်အလိုမှာ သူတို့ကို လက်နက်ချ ပူးပေါင်းအညံ့ခံဖို့ Drone နဲ့စာတွေချသေးတယ်။ ဘာမှထူးမလာတော့ သူ့စရိတ်နဲ့သူသွားပြီပေါ့”ဟု စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် တပ်ဖွဲ့ဝင်တစ်ဦးကလည်း ပြောကြားသည်။

အဆိုပါ တိုက်ပွဲတွင် KNLA ပူးပေါင်းအဖွဲ့ဘက်မှလည်း ၆ ဦးကျဆုံးပြီး ၂၀ ဝန်းကျင်ဒဏ်ရာရရှိခဲ့ကြောင်း၊ မဲဝိုင်စခန်းသည် စစ်ကောင်စီ၏ အရေးပါသော ခြေကုပ်စခန်းတခုဖြစ်ပြီး အင်အား(၈၀)ဝန်းကျင်ခန့် ရှိကြောင်းသိရသည်။

ယခုနှစ်ဆန်းပိုင်းမှ စ၍ မဲဝိုင်စခန်းသိမ်းတိုက်ပွဲမှာ ပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်ကလည်း လေယာဉ်များ၊ လက်နက်ကြီးများအသုံးပြု၍ ခုခံနေကာ တိုက်ပွဲများ အလွန်ပြင်းထန်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကောင်စီတပ်၏ မဲ၀ိုင်းစစ်စခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article