39 C
Yangon

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် စိုးရိမ်စရာကောင်းသည် ဟု လစ်ဗျား ကဒါဖီကို ဥပမာပေး၍ မင်းကင်းမောင်မြင့် ပြောဆို

Must read

မြန်မာ့အရေး ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် စိုးရိမ်စရာကောင်းသည် ဟု လစ်ဗျား ကဒါဖီကို ဥပမာပေး၍ မင်းကင်းမောင်မြင့် ပြောဆို

ရန်ကုန်၊ ဇန်နဝါရီ ၄

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအပေါ်ချမှတ်လိုက်သော အစည်းအဝေးဆုံးဖြတ်ချက် များသည် အကြမ်းဖက်စစ်ကောင်စီအတွက် စိုးရိမ်စရာကောင်းကြောင်း လစ်ဗျားခေါင်းဆောင် ကဒါဖီပြုတ်ကျသွား မှုကို ဥပမာပေးကာ မင်းကင်းမောင်မြင့်က ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် သတိပေးပြောခဲ့သည်။

မင်းကင်း မောင်မြင့်၏ လူမှုကွန်ယက်စာမျက်နှာတဆင့် ရုပ်သံရိုက်ကူး ပြောဆိုမှုမှာ လက်ရှိတွင် စစ်ကောင်စီဘက်တော်သားများဘက်တွင် ရိုက်ခတ်မှုများရှိနေကြောင်း သိရှိရသည်။

“ဒီ Resolution ဖြစ်ပေါ်လာတာဟာ ဆရာမကြီးဒေါ်ရင်ရင်နွယ်ပြောသလို စိုးရိမ်ပူပန်စရာမရှိပါဘူးလို့ ပြောတာကတော့သာမန်အားဖြင့် ပြည်သူတွေ စိတ်အေးသွားစရာအကြောင်းတော့ရှိတယ်။ ဒါပေမယ့် ကျနော့်သဘောအရပြောရမယ်ဆိုရင်တော့ အတော့်ကို သတိထားရမယ်။ အတော်သတိထားရမယ်၊”ဟု မောင်မြင့်က ပြောသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် မဆိုထားနှင့် အာဆီယံနိုင်ငံများက ချမှတ်ခဲ့သည့် မူဝါ ၅ ချက်ပင် ဖိအားများရှိကြောင်း၊ ထုတ်ပြန်ကြေညာကန့်ကွက်ရုံဖြင့် ပြီးစီးသွားမည်ကိစ္စမဟုတ်ကြောင်း၊ စိုးရိမ်စရာ ကောင်းသည်ကို အမှန်အတိုင်း သိမြင်ဖို့လိုကြောင်း ၎င်းကထောက်ပြထားသည်။

လစ်ဗျားအာဏာရှင် ကဒါဖီကျဆုံးမှုအစတွင် ကုလလုံခြုံရေးကောင်စီက No Fly Zone သတ်မှတ်ပေး သည့် Resolution ချမှတ်ခဲ့ကြောင်း၊ ယင်းအချိန်က ရုရှားနိုင်ငံသည် ကိုယ့်ရပ်ချက်ဖြင့်ကိုယ် ရပ်တည် နေခဲ့သည့်အတွက် ကုလလုံခြုံရေးကောင်စီတွင် အတည်ဖြစ်သွားကာ အာဏာရှင်ကဒါဖီ ပစ်ခတ်ခံရပြီး သေဆုံးသည် အထိဖြစ်သွားရခြင်းဖြစ်ကြောင်း ဥပမာပေးကာ ပြောဆိုထားသည်။

“ဟိုတစ်ချိန်တုန်းကလစ်ဗျားနဲ့ပတ်သက်ပြီးတော့ No Fly Zone ဆိုတာ Resolution တင်တယ်။ No Fly Zone အရေးမကြီးလောက်ပါဘူးဆိုပြီး။ ကိုယ်ရဲ့ရပ်တည်ချက်ကိုပဲ ဦးစားပေးတဲ့အခါမှာ No Fly Zone Resolution က အတည်ဖြစ်သွားတယ်၊ အတည်ဖြစ်သွားတာရဲ့ နောက်ဆက်တွဲဆိုးကျိုးက ဘာဖြစ်သွား တာလဲ ဆိုရင် ကဒါဖီ ကျဆုံးသွားတဲ့အခြေအနေဖြစ်သွားတယ်”ဟု မင်းကင်းမောင်မြင့်က ပြောဆိုထားသည်။

ယခု မြန်မာနိုင်ငံမှချမှတ်လိုက်သည့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်သည်လည်း တရုတ်နှင့် ရုရှားတို့မှ ဗီတိုအာဏာမသုံးခဲ့သဖြင့် ဆုံးဖြတ်ချက်အတည်ဖြစ်သွားရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ်ချိန်မှစ၍ တစ်ကြိမ်တစ်ခါမှ ချမှတ်မခံရပဲ ယခုမှချမှတ်ခံရခြင်းသည် ကောင်းမွန်ဖို့ ဖြစ်စ ရာအကြောင်းတစ်ခုမှ မရှိဟု ဆိုသည်။

“မြန်မာနိုင်ငံနဲ့ပတ်သက်ရင်အခုဟာက No Fly Zone Resolution လောက်တော့လဲ မပြင်းထန်သေး ဘူး။ မပြင်းထန်ဘူးဆိုပေမယ့် နောက်ထပ်ထပ်ပြီးတော့မှ လိုက်လာမယ့် ပထမလှိုင်းပဲရှိသေးတယ်။ နောက်က ဆင့်ကဲဆင့်ကဲ လိုက်လာအုံးမှာ၊ ဘယ်လိုလာအုံးမလဲ မသိသေးဘူး။”ဟု မင်းကင်းမောင်မြင့်က ဆိုသည်။

မင်းကင်းမောင်မြင့်သည် ယခင်သန်းရွှေနှင့်သိန်းစိန်အစိုးရလက်ထက်တွင် စက်မှုဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာနများတွင် ဒုဝန်ကြီးနှင့်ဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ကြံ့ဖွတ်ပါတီ၏ လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူလည်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article