29 C
Yangon

ကြာအင်းဆိပ်ကြီးရှိ စစ်တပ် တပ်ရင်း ၃ ခု အတိုက်ခံရမှုကြောင့် စစ်သားများ သေဆုံးမှု များပြားသည့် သတင်း စစ်ကောင်စီငြင်းဆို၊ စစ်တိုက်လေယာဉ်များ ပျံဝဲနေပြီး လက်နက်ကြီးများ ထုနေဆဲ

Must read

ကြာအင်းဆိပ်ကြီးရှိ စစ်တပ် တပ်ရင်း ၃ ခု အတိုက်ခံရမှုကြောင့် စစ်သားများ သေဆုံးမှု များပြားသည့် သတင်း စစ်ကောင်စီငြင်းဆို၊ စစ်တိုက်လေယာဉ်များ ပျံဝဲနေပြီး လက်နက်ကြီးများ ထုနေဆဲ

ရန်ကုန်၊ ဇန်နဝါရီ ၄

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးရှိ စစ်တပ် တပ်ရင်း ၃ ခု အတိုက်ခံရမှု ကြောင့် စစ်တပ်ဘက်မှ သေဆုံးမှု များပြားနေသော သတင်းများအပေါ် မဟုတ် မှန်ကြောင်း စစ်ကောင်စီက ယနေ့ ညနေပိုင်းတွင် ငြင်းဆိုသည်။

စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများရှိပြီး လာရောက်တိုက်ခိုက်သော PDF ၊ KNLA တပ်များဘက်မှ အကျအဆုံးများသည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

“အခုထက်ထိ တိုက်ပွဲမပြီးသေးဘူး။ လေယာဉ်တွေလည်း ဝဲနေတယ်။ ပေါင် ၁၀၀၀ ဗုံးတွေချနိုင်တယ်လို့ သုံးသပ်ထားတယ်။ လက်နက်ကြီးတွေလည်း တောက်လျှောက်ထုနေတုန်းပဲ” ဟု ရှေ့တန်း သတင်းရင်းမြစ်က ပြောသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ စစ်ကောင်စီတပ်၏ တပ်ရင်း ၃ ခုကို ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုက ယနေ့ နံနက်ပိုင်းတွင် ဝင် ရောက်တိုက်ခိုက်ရာ တပ်ရင်း ၂ ခုကို သိမ်းပိုက်နိုင်ခဲ့ပြီး အရှင်ဖမ်းမိသူများ၊ သေဆုံးသူများများပြားကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များ၏ ရှေ့တန်း သတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇန်နဝါရီလ ၄ ရက်နေ့ နံနက် ၆ နာရီအချိန်မှစတင်ပြီး ကရင်ပြည်နယ်၊ ကြာ အင်း ဆိပ်ကြီးမြို့နယ်၊ စစ်ကောင်စီ၏ တပ်ရင်း များဖြစ်ကြသည့် ခလရ ၃၂ တပ်၊ ခလရ ၂၈၄ တပ်၊ ခလရ ၂၈၃ တပ်များကို KNLA ၊ KTLA ၊ PDF မဟာ မိတ် ပြည်သူ့ကာကွယ် ရေး တပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ နံနက်ပိုင်း မှစတင်၍ လက်ရှိအချိန်အထိ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေ ကြောင်း၊ စစ်ကောင်စီဘက်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ အကြိမ် ပေါင်းများစွာ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“တပ်ရင်းတွေ ရပြီဆိုပြီး ပြောတာတွေလည်းရှိတယ်။ တကယ့်ရှေ့တန်း အခြေ အနေက သေချာသိဖို့ခက်တယ်။ တပ်ရင်း ၃ ခုမှာ ၂ ခုရပြီလို့တော့ သတင်းတွေ ရထားတယ်။ ၃၂ နဲ့ ၂၈၄ ရတယ်။ ၂၈၃ မှာတော့ တိုက်ပွဲ ဆက်ဖြစ်နေတယ်လို့ ပြောတယ်။ အရှင်ဖမ်းမိတွေလည်းရှိတယ်။ စစ်တပ်ဘက်က အသေတွေ လည်းများတယ်။ လောလောဆယ်တော့ တိုက်ပွဲက ဖြစ်နေတုန်းပဲ။ လက်နက် ကြီးတွေ လေကြောင်းပစ်ကူတွေနဲ့ စစ်တပ်က တအားဖိနေတယ်။ ကိုယ့်ဘက် ကလည်း ထိခိုက်ကျဆုံးမှုတချို့ရှိတယ်။ အသေးစိတ်တော့ ဘာမှ ပြောလို့ မရသေးဘူး” ဟု ရှေ့တန်းသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီဘက်မှ တပ်ရင်း တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးများ အပါအဝင် သေဆုံး မှုများ များစွာရှိကြောင်း၊ စစ်ကောင်စီတပ်၏ လက်နက်အများအပြား ရရှိထား သည်ဆိုသော သတင်းများရရှိထားသော်လည်း အတည်ပြုရနိုင်ရန် ခက်ခဲနေ ဆဲဖြစ်သည်။

စစ်တပ်ထောက်ခံသူများနှင့် လော်ဘီများ တယ်လီဂရမ်လူမှုကွန်ရက်များတွင် ကြာအင်းဆိပ်ကြီးတွင် စစ်တပ်တပ်ရင်းများ တိုက်ခိုက်ခံရပြီး သေဆုံးမှုများပြား ကြောင်း၊ ကြာအင်းဆိပ်ကြီး ခလရ ၂၈၄ တပ်ရင်းတစ်ခုလုံး သေဆုံးပြီး ခလရ ၃၂ က အပြင်းအထန်ခုခံနေရကြောင်း၊ ကော့ကရိတ် စကခ ၁၂ ၊ တပ်၊ ကျုံဒိုးအထိုင် ခမရ ၅၄၆ တပ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်များက ဒရုန်းဖြင့် ဗုံးများကျဲချနေသဖြင့် စစ်ကူလိုနေကြောင်း ရေးသားထားကြသည်။

ဓာတ်ပုံ- ယနေ့ ကြာအင်းဆိပ်ကြီး စစ်ကောင်စီတပ်ရင်းထဲသို့ ပြည် သူ့ကာ ကွယ်ရေး တပ်များ ဝင်ရောက်သည့်ဓာတ်ပုံဟု ပေးပို့လာ ခြင်းဖြစ်ပြီး ရန်ကုန် ခေတ်သစ်အနေဖြင့် ယင်းဓာတ်ပုံကို သီးခြားအတည်ပြု နိုင်ခြင်း မရှိသေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article