32 C
Yangon

ကန့်ဘလူ၊ ညောင်ကုန်းရွာကို စစ်တပ်က မီးရှို့ပြီး သက်ကြီးရွယ်အို ၂ ဦးကို သတ်ဖြတ်၊ ဖမ်းဆီးရမိသူများကို စစ်တပ်က ဓားဖြင့် ထိုး၍ ၃ ဦး ဒဏ်ရာအပြင်းအထန်ရ

Must read

ကန့်ဘလူ၊ ညောင်ကုန်းရွာကို စစ်တပ်က မီးရှို့ပြီး သက်ကြီးရွယ်အို ၂ ဦးကို သတ်ဖြတ်၊ ဖမ်းဆီးရမိသူများကို စစ်တပ်က ဓားဖြင့် ထိုး၍ ၃ ဦး ဒဏ်ရာအပြင်းအထန်ရ

ရန်ကုန်၊ ဇန်နဝါရီ ၁၆

စစ်ကိုင်းတိုင်း၊ ညောင်ကုန်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး အမျိုးသား ၂ ဦးကို မီးရှို့သတ်ဖြတ်လိုက်ကြောင်း ဒေသပြည်သူများနှင့် ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ညောင်ကုန်းရွာကို အကြမ်းဖက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ၃၆၈ နှင့် ပျူစောထီးများ စုစုပေါင်း အင်အား ၁၀၀ ခန့်သည် ဇန်နဝါရီလ ၁၄ ရက်နေ့ ညနေ ၃ နာရီ ၅၀ မိနစ်တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ပလူသာရွာမှ လမ်းပြအဖြစ် ဖမ်းခေါ်လာသည့် ဦးသန်းလွင် (၅၅ နှစ်) နှင့် ညောင်ကုန်းရွာထဲတွင် ပိတ်မိနေသည့် ဦးနွားတင် (၇၇ နှစ်) တို့ကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက် မီးရှို့သတ်ဖြတ်ခဲ့ပြောင်း၊ ပိတ်မိနေသည့် အမျိုးသမီး ၃ ဦးကိုလည်း စစ်တပ်က ညှဉ်းပန်းနှိပ်စက်ရာ တစ်ဦးမှာ လည်ပင်း ပြတ်ရှဒဏ်ရာဖြင့်လည်းကောင်း၊ ကျန် နှစ်ဦးမှာ ဝမ်းဗိုက်ဓားဒဏ်ရာများ ရရှိခဲ့ကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရှိရသည်။

“အမျိုးသား ၂ ဦးလုံးက မီးရှို့သတ်ခံရတော့ ပြာပုံပဲကျန်တယ်။ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးကိုလည်း လည်ပင်းလှီးပြီး ပစ်ထားခဲ့တာ။ အင်္ကျီထူနေလို့ မလှီးမိဘဲ အသက်ရှင်တာ။ ကျန်အမျိုးသမီးနှစ်ယောက်ကိုက နှိပ်စက်ပြီး ဝမ်းဗိုက်ဓားနဲ့ ထိုးထားတာ။ အိမ်ပေါ်မီးတင်ရှို့ပြီး သတ်မလို့ ကောက်ရိုး‌သွားယူနေတုန်း ထွက်ပြေးလွတ်မြောက်လာတာ ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့သို့ ဒေသခံ တစ်ဦးက ပြောကြားသည်။

လည်ပင်းပြတ်ရှဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးမှာ အသက် ၅၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး အသက်အန္တရာယ် မစိုးရသော်လည်း ဝမ်းဗိုက်ဓားဒဏ်ရာရရှိထားသည့် အသက် ၄၂ နှစ်နှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမီးများမှာမူ အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ဒေသခံများထံမှ သိရှိရသည်။

“ပထမအကြိမ် ၈ လပိုင်း ၂၃ ရက်‌နေ့က ရှို့တာ ၃၅ အိမ်နဲ့ မနေ့က ရှို့ခံရတာ နေအိမ် ၅၀ ၊ စပါးတိုက် ၁၅ လုံးနဲ့ စစ်ရှောင်တဲ ၇ လုံးပါဗျ” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ညောင်ကုန်းရွာသို့ မီးရှို့ဖျက်ဆီး၍ ပြည်သူများကို ညှင်းပန်းနှိပ်စက်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဇန်နဝါရီလ ၁၄ ရက်နေ့တွင်ပင် ကျေးရွာအတွင်းမှ ပြန်လည်ထွက်ခွာသွားပြီး ရွာတောင်ဘက်သို့ ထွက်သွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article