28 C
Yangon

အိုမန်တွင် အိမ်အကူ အဖြစ် ပို့ဆောင်ခံရသည့် မနွဲ့နွဲ့ရီ စအိုအကြိတ်အနာကြောင့် အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သော်လည်း ဆေးကုသခွင့် မရ၍ အသက်အန္တရာယ်စိုးရိမ်နေရ

Must read

အိုမန်တွင် အိမ်အကူ အဖြစ် ပို့ဆောင်ခံရသည့် မနွဲ့နွဲ့ရီ စအိုအကြိတ်အနာကြောင့် အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သော်လည်း ဆေးကုသခွင့် မရ၍ အသက်အန္တရာယ်စိုးရိမ်နေရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံတွင် ကျန်းမာရေးမကောင်းမွန်သော မနွဲ့နွဲ့ရီကို အရှေ့အလယ်ပိုင်း၊ အိုမန်နိုင်ငံတွင် အိမ်အကူအဖြစ် လုပ်ကိုင်ပါက အလုပ် ရရှိမည့်အပြင် ဆေး ကုသမှုပါ လုပ်ဆောင်နိုင်မည်ဟု ပြောဆိုပြီး တရားမဝင် အေးဂျင့်တစ်ခုက လိမ်လည် စေလွှတ်ခဲ့ကာ အိုမန်နိုင်ငံရောက်ရှိသောအခါ ဆေးကုသခွင့် မရသည့် အတွက် အသက်အန္တရာယ်စိုးရိမ်နေရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင်စအိုအကြိတ်ရောဂါ ခံစားနေရသည့် မနွဲ့နွဲ့ရီသည် ဝေဒနာ ကုသပျောက်ကင်းပြီးမှ ပြည်ပနိုင်ငံများသို့ သွားရောက် ရည်ရွယ်ခဲ့သော်လည်း ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာမှ တရားမဝင် အေးဂျင့် ဟန်နီထွေးက အိုမန်နိုင်ငံတွင် အိမ်အကူ အလုပ်ရရှိမည့်အပြင် လက်ရှိ ခံစားနေရသည့် ရောဂါကိုပါ ကုသခွင့်ရရှိမည်ဟု ပြောဆိုပြီး ယမန်နှစ် ဩဂုတ်လတွင် အိုမန်နိုင်ငံသို့ လိမ်လည်စေလွှတ်ခဲ့ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဩဂုလတ်လ ၁၆ ရက်နေ့ တရားမဝင်အေးဂျင့် ဟန်နီထွေး၏ အဆက်အသွယ်ဖြင့် အိုမန်သို့ ရောက်ရှိခဲ့ပြီး အိုမန်ရောက်ပြီး ၃ လအကြာတွင် စအိုဘေးတွင် အကြိတ်တည်မှု အခြေအနေမှာ ပြင်းထန်လာကြောင်း၊ ဆေးခန်းသို့ပြသ၍ ဆရာဝန်များက စစ်ဆေးကြည့်သောအခါ အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်သည်ဟု ပြောဆိုခဲ့ကြောင်း၊ သို့ရာတွင် ခွဲစိတ်ကုသခွင့်မရဘဲ ဝေဒနာ တစ်နေ့တခြား ပိုမိုဆိုးရွားလာနေကြောင်း ၊ ယခုအခါ အသက်အန္တရာယ်စိုးရိမ်လာရကြောင်း သိရှိရသည်။

မနွဲ့နွဲ့ရီက တရားမဝင်အေးဂျင့်ကို ပို့ဆောင်ပေးခ ဝန်ဆောင်ခအဖြစ် အိုမန်တွင် အိမ်ဖော်လုပ်၍ ရရှိသော လစာ ၂ လစာကို ပေးအပ်ခဲ့ကြောင်း၊ ဆေးကုသခွင့် အတွက် အေးဂျင့်ကို ပြောဆိုရာတွင် ခွဲစိတ်ကုသရန်မလိုဟု ဆိုကာ အိုမန်ရှိ တိုင်းရင်းဆေးခန်းတစ်ခုသို့ သာ ပို့ပေးဆောင်ပေးခဲ့ကြောင်း၊ အဆိုပါ တိုင်းရင်းဆေးခန်းတွင် နောက်ကျောဘက်သို့ အပ်များဖြင့် စိုက်ကာ သွေးများ စုပ်ထုတ်ယူခဲ့ကြောင်း၊ သို့ရာတွင် စအိုအကြိတ်အနာမှာ မသက်သာဘဲ ပို၍သာ ဆိုးရွာလာကြောင်း မနွဲ့နွဲ့ရီက ပြောကြားသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်နေ့တွင် မနွဲ့နွဲ့ရီသည် ကျန်းမာရေးမကောင်းမွန်ဘဲ အနာပိုနာသည့် ကြားမှ အိုမန်အေးဂျင့်က အိမ်အကူလုပ်ရန် အိမ်တစ်ခုဆီသို့ ထပ်မံ စေလွှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံရှိ တရားမဝင် အေးဂျင့် ဟန်နီထွေးထံသို့ မြန်မာပြည်ခွင့်ရရေးနှင့် ဆေးကုခွင့် ရရေး ဆောင်ရွက်ပေးရန် အကူအညီတောင်းခဲ့သော်လည်း တာဝန်ယူခြင်းမရှိဘဲ ရှောင်တိမ်းလျက်ရှိကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၉ ရက်နေ့တွင် မနွဲ့နွဲ့ရီသည် အနာအရှိန်ကြောင့် အလုပ်မလုပ်နိုင်တော့ကြောင်း၊ ထို့ကြောင့် အိမ်ရှင်က မနွဲ့နွဲ့ရီကို အိုမန်ရှိ အိမ်ဖော်အေးဂျင်ကုမ္ပဏီထံသို့ ပြန်ပို့ခံခဲ့ကြောင်း၊ ဇန်နဝါရီ ၃၀ ရက်နေ့တွင် အိုမန်အိမ်ဖော်အေးဂျင့်က တိုင်းရင်းဆေးခန်းသို့ ထပ်မံပို့ပေးခဲ့ပြီး တိုင်းရင်းဆေးခန်းတွင် စအိုအကြိတ် အနာကို မီးဖြင့် ရှို့၍ ဖြတ်တောက်ရန် လုပ်ဆောင်ခဲ့ကြောင်း၊ မနွဲ့နွဲ့ရီက ကြောက်လန့်ပြီး လူနာကုတင်ပေါ်မှာ ဆင်းပြေးခဲ့သည့်အတွက် ဆက်လက် မကုသတော့ဘဲ ပြန်လာရကြောင်း သိရှိရသည်။

မနွဲ့နွဲ့ရီက အိုမန်သို့ ပို့ဆောင်ပေးခဲ့သည့် တရားမဝင် အေးဂျင့် ဟန်နီထွေးကို ထပ်မံဆက်သွယ်ခဲ့သော်လည်း တစ်စုံတစ်ရာ မထူးခြားလာကြောင်း၊ မနွဲ့နွဲ့ရီသည် စအိုအကြိတ်အနာကြောင့် ခါးရိုးနှင့် ကျောရိုးများ ယောင်လာပြီး ပိုမိုကိုက်ခဲသဖြင့် အချိန်မီ ဆေးကုသခွင့် ရယူရန် လိုအပ်နေကြောင်း၊ အရေးပေါ် ကုသမှု မလုပ်ဆောင်လျှင် အသက်အန္တရယ် စိုးရိမ်ရကြောင်း သိရှိရသည်။

ဓာတ်ပုံ- အိုမန်နိုင်ငံသို့ အိမ်ကူအဖြစ်ပို့ဆောင်ခံခဲ့ရသူ မနွဲ့နွဲ့ရီ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article