33 C
Yangon

စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်ကို ထက်ဝက်ကျော် လျော့ချလိုက်ပြီး စရိတ်မျှပေး ဆေးကုသရေးစနစ်ကို အားပေး

Must read

စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်ကို ထက်ဝက်ကျော် လျော့ချလိုက်ပြီး စရိတ်မျှပေး ဆေးကုသရေးစနစ်ကို အားပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများအတွင်း စစ်သားများ ထိ ခိုက် ဒဏ်ရာရရှိမှု များပြားနေသော်လည်း စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ် ကို ထက်ဝက်ကျော် လျော့ချလိုက်ကြောင်း တပ်တွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် လျော့ချလိုက်သော စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များတွင် ဆေးဝါးနှင့် ကုသရေးဆိုင်ရာ ပစ္စည်းများနှင့် ဆေးဘက်ဆိုင်ရာ သင်တန်းများအတွက် အသုံးစရိတ်များ ပါဝင်ကြောင်း၊ ယင်းသို့ ကျန်းမာရေး အသုံးစရိတ် မလျှော့ချမီ လွန်ခဲ့သည့် ၄ လခန့်မှကပင် ဒဏ်ရာရစစ်သားများ စစ်ဆေးရုံများသို့ ရောက်ရှိလာချိန်တွင် ဆေးဝါး မစုံလင်မှုများ၊ စျေးပေါ၍ အရည်အသွေးနိမ့်သော ဆေးဝါးများနှင့် ရက်လွန်ပြီးသော ဆေးဝါး အစုတ်အပြတ်များဖြင့် ကုသမှု ခံယူနေရကြောင်း သိရသည်။

ထို့ပြင် ဒဏ်ရာရ စစ်သားများ လိုအပ်သော အရေးကြီးဆေးဝါးနှင့် ဓာတ်ဆား ထုပ် ကဲ့သို့ သာမာန်ဆေးဝါးက အစ စစ်ဆေးရုံတွင် ပြတ်လပ်နေပါက ပြင်ပ ဆေးဆိုင်များမှ ကိုယ့်စရိတ်ဖြင့်ကိုယ် ဝယ်သုံးနေရသည်မှာ ယခင်ကတည်းက ရှိခဲ့ကြောင်း၊ စစ်ဘက်ဆိုင်ရာ ကျန်းမာရေး အသုံးစရိတ်များ ထက်ဝက်လျော့ချ လိုက်ပြီဖြစ်သောကြောင့် ပိုမိုဆိုးရွားလာနိုင်ကြောင်း၊ ယင်းသို့ သက်တမ်းလွန် ဆေးပစ္စည်းများနှင့် ညံ့ဖျင်းသော ကျန်းမာရေး စောင့်ရှောက်မှုများကို အရာရှိများနှင့် အောက်ခြေ စစ်သားများက အဓိက ခံစားနေကြရကြောင်း သိရှိရသည်။

စစ်တပ်ရှိ ရာထူးကြီး ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ ယောက္ခမ၊ ဇနီး၊ ဦးလေး၊ အဒေါ် စသည့် ဆွေတော်မျိုးတော်များ စစ်ဆေးရုံသို့ ရောက်ရှိပါက အထွေထွေ ဝန်ဆောင်မှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများကို အခွင့်ထူးခံ ဦးစားပေး ဆောင်ရွက်ပေးရပြီး လိုအပ်ပါက စစ်ဆေးရုံက စရိတ် စိုက်ထုတ်၍ ကုသပေး နေရကြောင်း တပ်တွင်း သတင်းရင်းမြစ်များက ပြောဆိုသည်။

ရန်ကုန်ခေတ်သစ်အနေဖြင့် စစ်တပ်က အသုံးပြုနေသော နှစ်စဉ် ကျန်းမာရေးအသုံးစရိတ် သိရှိနိုင်ရန် စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ထံသို့ ဖုန်းဆက်သွယ်မေးမြန်းသော်လည်း လက်ခံဖြေကြားခြင်းမရှိပေ။

စစ်ဘက်ဆိုင်ရာ ဆရာဝန်အသိုင်းအဝိုင်းတွင်လည်း CDM မလုပ်သည့်တိုင် မင်းအောင်လှိုင်နှင့်လက်ရှိ စစ်တပ် ဗိုလ်ချုပ်များ၏ လူသတ်ဖြတ်သည့် လမ်းစဉ်ကို မကြိုက်နှစ်သက်ကြကြောင်း၊ စစ်ဆေးဆရာဝန် များမှာ နည်းလမ်းအမျိုးမျိုးဖြင့် တပ်မှ ထွက်ရရန် ကြိုးစားမှုများရှိကြောင်း သိရှိရသည်။

“CDM မလုပ်ပေမယ့် မင်းအောင်လှိုင်ကိုတော့ လုံးဝ အယုံအကြည်မရှိကြဘူး။ ကိုယ့်မိသားစုနဲ့အသက်ထက် ဘာမှအရေးမကြီးဘူး။ နေမကောင်းလိုက်။ ကိစ္စတစ်ခုပြ လိုက်နဲ့ တာဝန်တွေလှည့်ပတ်ရှောင်နေတာ။ စစ်ဆေးဆရာဝန်နဲ့ ဆေးတပ်သားတွေပါ ရှေ့တန်းထွက်ခိုင်းနေတဲ့အခြေအနေကိုလည်း ရောက်လာနေတယ်” ဟု စစ်ဆေးဆရာဝန်အသိုင်းအ၀ိုင်းက ဆိုသည်။

ဓာတ်ပုံ- စစ်ဆေးရုံတွေ လှည့်ပတ်စစ်ဆေးနေတဲ့ အကြမ်းဖက် မင်းအောင် လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article