34 C
Yangon

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာအကြမ်းဖက် စစ်တပ်ကို အိန္ဒိယက အမြောက်ပြောင်းများ ပံ့ပိုးကူညီနေ

Must read

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာအကြမ်းဖက် စစ်တပ်ကို အိန္ဒိယက အမြောက်ပြောင်းများ ပံ့ပိုးကူညီနေ

ရန်ကုန်၊ မတ် ၂

ဒီမိုကရေစီ လိုလားတောင့်တတဲ့ တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းရာမှာ မြန်မာစစ်တပ်က အသုံးပြုနေတဲ့ လက်နက်ကြီး အမြောက်ပြောင်းတွေကို အိန္ဒိယက ပံ့ပိုးကူညီနေတယ်လို့ Justice For Myanmar(JFM) ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီဟာ တစ်နိုင်ငံလုံးနီးပါးမှာ ဖြစ်ပွားနေတဲ့ တော်လှန်မှုတွေကို ဖြိုခွင်းဖို့အတွက် အချိန်နဲ့အမျှ လုံးပမ်းနေရပါတယ်။ လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေကို အကန့်အသတ် မရှိ အသုံးချကာ ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေရတာကြောင့် မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်တန့်ဖို့ ဖိအားပေးတောင်းဆိုမှုတွေလည်း နိုင်ငံတကာမှာ မြင့်တက်လို့ လာနေပါတယ်။

ဒီလို အခြေအနေတွေကြားက အိန္ဒိယဟာ စစ်ကောင်စီအတွက် အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိတဲ့ အမြောက်ပြောင်းတွေကို ရောင်းချရာမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလအတွင်းက အိန္ဒိယနိုင်ငံပိုင် စစ်လက်နက် ထုတ်လုပ်တဲ့ Yantra India Limited ကုမ္ပဏီက ၁၂၂ မီလီမီတာ အမြောက်ပြောင်း ၂၀ ကို မြန်မာစစ်တပ်ဆီ ပေးပို့ခဲ့ကြောင်း သင်္ဘောအသွားအလာ အချက်အလက်တွေကို အခြေခံပြီး Justice for Myanmar အဖွဲ့က ယမန်နေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိ တဲ့ အမြောက်ပြောင်းတွေကို လက်ခံသူဟာ ရန်ကုန် အခြေစိုက် Innovative Industrial Technologies Company Limited ဖြစ်တယ်ဆိုတဲ့အကြောင်းကို AFP သတင်းဌာနမှာလည်း ဖော်ပြထားပါတယ်။

Innovative Industrial Technologies Company Limited ကို မြန်မာစစ်တပ်ရဲ့ စစ်လက်နက်ပွဲစား ကျော်ကျော်ထွန်း ဆိုသူက ပိုင်ဆိုင်တာ ဖြစ်တယ်လို့ JFM ကဆိုပါတယ်။

ကျော်ကျော်ထွန်းက မြန်မာစစ်တပ်အတွက် လက်နက်တွေတင်ပို့နေတဲ့ အကြီးစား လက်နက်ပွဲစားဖြစ်ကြောင်းနဲ့ သူဟာ အိန္ဒိယကုမ္ပဏီ Sandeep Metalcraft ကနေ မြန်မာစစ်တပ်ကို စနက်တံဖျူးစ်တွေ တင်ပို့ခဲ့တဲ့ အကြောင်းတွေကို Justice For Myanmar က ယမန်နှစ်အတွင်းက ဖော်ထုတ်ခဲ့ပါသေးတယ်။

နိုင်ငံတကာအနေနဲ့ လက်ရှိအချိန်ထိ ကျော်ကျော်ထွန်းနဲ့ ဆက်စပ်ပတ်သက်သူတွေကို အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုတွေ မလုပ်ဆောင်ရသေးပါဘူး။ အဲ့ဒီ့ကုမ္ပဏီဟာ Data Centre မှာ စစ်ကောင်စီအတွက် လုံခြုံရေးပစ္စည်းများ တပ်ဆင်ဖို့ ပြီးခဲ့တဲ့နှစ်က တင်ဒါ အောင်မြင်ထားတယ်လို့လည်း AFP သတင်းများက ဆိုပါတယ်။

မြန်မာနိုင်ငံကို အမြောက်ပြောင်းများ တင်သွင်းခဲ့တဲ့ Yantra India Limited ဟာ လက်နက်ကြီးပြောင်းတွေနဲ့ အခြားသော အမြောက်၊ တင့်ကား လက်နက်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်တဲ့ အိန္ဒိယ နိုင်ငံပိုင် စစ်လက်နက်ကုမ္ပဏီလည်း ဖြစ်ပါတယ်။

တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်စဥ်ကထဲက စစ်တပ်ဟာ ၄င်းတို့ကို ဆန့်ကျင်သူများအပေါ် လက်နက်အားကိုးနဲ့ စစ်ရာဇတ်ဝတ်မှုတွေ ကျူးလွန်ခဲ့တာကြောင့် စစ်တပ်ကို လက်နက်ပံ့ပိုးနေတဲ့ အိန္ဒိယဟာ ဒီစစ်ရာဇဝတ်မှုတွေနဲ့ မြန်မာ့ဒီမိုကရေစီ ဆိတ်သုဉ်းရေး စစ်တပ်ရဲ့ ကြိုးပမ်းမှုတွေမှာ ကြံရာပါအဖြစ် ပါဝင် ပတ်သက်နေပြီပဲ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ အရပ်သားပြည်သူ့တွေ နေထိုင်ရာ နေရာတွေကို ၁၂၂ မမ ဟောင်ဝှစ်ဇာအမြောက်တွေနဲ့ မကြာသေးခင်ကပဲ ပစ်ခတ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိနေပါတယ်။ ဥပမာတစ်ခုအနေနဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်ဆိုင်း Namsai Hkahku ဆင်ခြေဖုံးရပ်ကွက်တွေဆီ ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်တွေနဲ့ စစ်တပ်က ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့မှာလည်း ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်း ၁၂၂ မမ ဟောင်ဝှစ်ဇာ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ၂၀၂၁ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှု စတင်ပြီးနောက်ပိုင်း နိုင်ငံတကာအနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ကြိုးစားမှုတွေမှာ အိန္ဒိယ မိုဒီအစိုးရရဲ့ သံတမန်ရေး အားထုတ်မှုတွေဟာ မြန်မာပြည်သူတွေအပေါ် အကူအညီ မဖြစ်ခဲ့ပါဘူး။ ကုလသမဂ္ဂမှာလည်း ရုရှားနှင့် တရုတ်တို့လို့ပဲ အကြမ်းဖက်စစ်ကောင်စီကို ကာကွယ်ပေးတဲ့ ပုံစံမျိူးနဲ့ အိန္ဒိယဟာ ကြားနေဝါဒကို စွဲကိုင်ကျင့်သုံးခဲ့တာ တွေ့ရပါတယ်။

ထင်ရှားတဲ့ ဥပမာအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် “တရားလက်လွတ် ဖမ်းဆီးထားသူ” အားလုံးကို ပြန်လွှတ်ပေးရေး တောင်းဆိုထားတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပထမဆုံး ဆုံးဖြတ်ချက်ကို ရုရှနှင့် တရုတ်တို့နှင့်အတူ အိန္ဒိယက မဲမပေးဘဲ ကြားနေခဲ့တာပါ။

မြန်မာနယ်စပ်မှာ ပြဿနာတွေ ရှိနေသလို အိန္ဒိယအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို ရှောင်ကွင်းလို့ မရနိုင်ကြောင်း ၄င်းတို့နဲ့ စစ်ကောင်စီ ဆက်ဆံရေးကို ရည်ညွှန်းပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ကာကွယ်ပြောဆိုထားခဲ့ဖူးပါတယ်။

အိန္ဒိယလက်နက်ထုတ်လုပ်ရေး ကုမ္ပဏီတွေက အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ကို စစ်လက်နက်တွေ ဆက်လက်ထောက်ပံ့ ပေးနေတယ်ဆိုတဲ့ အချက်က နိုင်ငံတကာဥပဒေတွေနဲ့ Wassenaar သဘောတူညီချက်ပါ လိုက်နာရမယ့် စံနှုန်းတွေအပေါ် အိန္ဒိယနိုင်ငံရဲ့ ဆိုးဆိုးရွားရွား လျစ်လျူရှုမှုကို ပြသနေပါတယ်။

Justice For Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အိန္ဒိယနိုင်ငံက အမြောက်ပြောင်းတွေ တင်ပို့မှုကို ခွင့်ပြုပေးတဲ့အတွက် မြန်မာအရပ်သားပြည်သူတွေအပေါ် စစ်အုပ်စုရဲ့ အဆင်ခြင်မဲ့တိုက်ခိုက်မှု တွေကို တိုက်ရိုက်ပံ့ပိုးကူညီနေတာ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အိန္ဒိယအနေနဲ့ မြန်မာစစ်အုပ်စုကို စစ်လက်နက်ပစ္စည်း ထောက်ပံ့တာ ချက်ချင်းရပ်တန့်ရမှာ ဖြစ်ပြီး၊ အိမ်နီးချင်းနိုင်ငံတခုအနေနဲ့ စစ်ရာဇဝတ်ကောင်တွေဖြစ်တဲ့ တရားမဝင် စစ်အုပ်စုနဲ့ အတူမရပ်တည်ဘဲ မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်ပေးဖို့ အိန္ဒိယအစိုးရကို JFM က တောင်းဆိုထားကြောင်းလည်း သိရပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article