29 C
Yangon

လောင်းလုံးတွင် ဆက်ကြေးတောင်းပြီး ပြန်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ စစ်ကူလာသော စစ်တပ်နှင့်ပါ တိုက်ပွဲဖြစ်ပွားပြီး ကား ၁ စီးနှင့် သေနတ် ၁ လက် သိမ်းဆည်းရမိ

Must read

လောင်းလုံးတွင် ဆက်ကြေးတောင်းပြီး ပြန်လာသည့် စစ်သားများကို တိုက်ခိုက်မှု ၃ ဦးသေဆုံး၊ စစ်ကူလာသော စစ်တပ်နှင့်ပါ တိုက်ပွဲဖြစ်ပွားပြီး ကား ၁ စီးနှင့် သေနတ် ၁ လက် သိမ်းဆည်းရမိ

ရန်ကုန်၊ မတ် ၃

တနင်္သာရီတိုင်း လောင်းလုံးတွင် ဆက်ကြေးတောင်းပြီး ပြန်လာသည့် စစ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၃ ဦးသေဆုံး​ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် လောင်းလုံးမြို့နယ် ကျောက်မတ်တပ်ရွာနှင့် မြင်းခွာအော်ရွာမှ ဆက်ကြေးတောင်းပြီး ဆိုင်ကယ် ၂ စီးဖြင့် ပြန်လာသည့် စစ်သား ၂ ဦးနှင့် ပျူစောထီး ၂ ဦးသည် LLPDF တပ်ဖွဲ့မှ အောက်ကျောက်ဝပ်ကျေးရွာနှင့် ကျောက်ဝပ်ပြင်ရွာအကြားတွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ၃ ဦး သေဆုံးခဲ့ကြောင်းသိရသည်။

အဆိုပါ တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကျောက်နီမော်ကျေးရွာမှ Vigo ကား ၂ စီးဖြင့် စစ်ကူလာစဥ် စစ်သား ၇ ဦးပါသည့် ရှေ့ဆုံးကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ထိုးရပ်သွားစဥ် နောက်တွင် ပါလာသည့် စစ်သား ၉ ဦးပါ Vigo ကားပေါ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် LLPDF ရဲဘော်များကို ပစ်ခတ်ခဲ့သော​ကြောင့် နောက်ပြန်ဆုတ်ခွာခဲ့ရကြောင်းသိရသည်။

ညနေ ၅ နာရီခန့်တွင် ထိတွေ့မှု ဖြစ်ပွားခဲ့သော နေရာကို Vigo ကား ၁ စီးနှင့်အတူ ခြေလျင် စစ်ကြောင်းပါလိုက်ပါလာကာ ထပ်မံ စစ်ကြောင်းထိုး တက်လာပြီး LLPDF ရဲဘော်များနှင့် တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က အထိနာကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

” မွန်းလွဲ ၂ နာရီမှာ ဆက်ကြေးကောက်ပြီး ပြန်လာတဲ့ စစ်ခွေးတွေကို ပစ်ခတ်တိုက်ခိုက်တာ ၃ ဦးသေတယ်။ စစ်ကူးဆင်လာတဲ့ Vigo ကား ၂ စီးမှာ တစ်စီးက မိုင်းမိသွားတော့ နောက် တစ်စီးက မတက်နိုင်တော့ဘဲ ခြေလျင် စစ်ကြောင်းနဲ့ ထပ်တက်လာတဲ့အချိန် တိုက်ပွဲဖြစ်ပြီး ထိခိုက်တာများတော့ နောက်ဆုံး ကားထားပြီး စခတွေ ရေလမ်းကနေ လှေခေါ်ပြီး ဆုတ်သွားတယ်။ လှေနဲ့ ထွက်သွားတာ သိရလို့ တိုက်ပွဲနေရာ နယ်မြေရှင်းတာ ကား ထားတယ်။ အဲ့ကားကို မီးရှို့ပစ်လိုက်တာပါ” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် LLPDF တပ်ဖွဲ့များ နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဥ် Power Bank ၁ လုံး၊ ယူနီဖောင်း ၃ စုံ၊ Vigo ကား ၁ စီး၊ မှတ်ပုံတင်၊ လက်ကိုင်ဖုန်း ၃ လုံး၊ ပျက်စီးသွားသော ဆိုင်ကယ် ၁ စီး၊ ငွေ ၅ သိန်း၊ MA 3 သေနတ် ၁ လက်၊ ကျည် ၂၀ တောင့်နှင့် ကျည်ဘောက် ၁ ခုတို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article