30 C
Yangon

အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားသည့် စစ်တပ်ဒေါက်တိုင် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက်ကို ပြင်သစ်တွင် ကျောင်းတက်ခွင့်ပြုနေမှု စုံစမ်းအရေးယူ တောင်းဆို

Must read

အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားသည့် စစ်တပ်ဒေါက်တိုင် ရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏ သမီး သိမ့်ဝင်းထက်ကို ပြင်သစ်တွင် ကျောင်းတက်ခွင့်ပြုနေမှု စုံစမ်းအရေးယူ တောင်းဆို

ရန်ကုန်၊ ဧပြီ ၂၇

အမေရိကန်က ပိတ်ဆို့ ဒဏ်ခတ်အရေးယူထားသည့် စစ်တပ်ဒေါက်တိုင် ခရိုနီရွှေဗျိုင်းဖြူကုမ္ပဏီပိုင်ရှင်၏ သမီးဖြစ်သူ သိမ့်ဝင်းထက်ကို ပြင်သစ်တွင် ကျောင်းတက်ခွင့်ပြုနေမှုအပေါ် စုံစမ်းအရေးယူရန် ပြင်သစ်အာဏာပိုင်များကို Info Birmanie နှင့် Justice For Myanmar တို့က တောင်းဆိုလိုက်ကြသည်။

ပြင်သစ်အစိုးရအနေဖြင့် ခရိုနီ ရွှေဗျိုင်းဖြူ ပိုင်ရှင် သိန်းဝင်းဇော်၏ သမီးဖြစ်သူ သိမ့်ဝင်းထက် ပြင်သစ်တွင် ကျောင်းတက်ခွင့်ရရှိနေမှုအပေါ် အလျင်အမြန် စုံစမ်းစစ်ဆေးပြီး၊ ပိုင်ဆိုင်မှုများအား သိမ်းဆည်းရန်နှင့် နိုင်ငံတွင်း နေထိုင်ခွင့်ဗီဇာကို ပြန်လည်ရုတ်သိမ်းရန် တောင်းဆိုကြခြင်းဖြစ်သည်။

သိမ့်ဝင်းထက်သည် မြန်မာစစ်တပ်ဆက်နွှယ် ခရိုနီစီးပွားရေး လုပ်ငန်းစုကြီး ရွှေဗျိုင်းဖြူကို တည်ထောင်သူ မိသားစု၏ မိသားစုဝင်တစ်ဦးဖြစ်ပြီး၊ ၎င်း၏ လူမှုကွန်ယက် LinkedIn စာမျက်နှာအရ ပြင်သစ်အထက်တန်းလွှာ စီးပွားရေးကျောင်းတစ်ခုဖြစ်သည့် HEC Paris သို့ တက်ရောက်ခွင့် ရရှိထားကြောင်း သိရသည်။

ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုသည် မြန်မာစစ်တပ်နှင့် သိသာထင်ရှားသည့် ဆက်နွှယ်မှုများရှိနေသည့် အထင်ကရ ခရိုနီစီးပွားရေး လုပ်ငန်းစုကြီးဖြစ်ပြီး၊ အီးယူက ဒဏ်ခတ်ပိတ်ဆို့ထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် (MEHL) နှင့် မိတ်ဖက်ပြုကာ ရေနံတင်သွင်းခြင်းအပါအဝင် အီးယူက ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည့် စစ်အုပ်စုထိန်းချုပ်ခံ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ လွှမ်းမိုးထားသည့် သတ္တုကဏ္ဍနှင့် သစ်ထုတ်လုပ်ရေးကဏ္ဍများတွင် စီးပွားရေးလုပ်ငန်းများ ထူထောင်ထား သည်။

အကြမ်းဖက် မြန်မာစစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်မှု များကြောင့် အမေရိကန်ပြည်ထောင်စုက သိမ့်ဝင်းထက်၊ မောင်ဖြစ်သူ ဝင်းပိုင်ကျော်၊ မိဘများဖြစ်ကြသည့် သိန်းဝင်းဇော်နှင့် တင်လတ်မင်း ၊ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုတို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါ ရီလ ၃၁ ရက်နေ့တွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ကြောင်း၊ အမေရိကန်ပြည်ထောင်စု၏ ဒဏ်ခတ်ပိတ်ဆို့မှု ကြေညာချက်တွင် “စစ်အုပ်စုနှင့် နီးကပ်စွာ ဆက်နွှယ်နေသည့် ကုမ္ပဏီများစွာ” တွင်ရှိသော သိမ့်ဝင်းထက်၊ မောင်ဖြစ်သူ ဝင်းပိုင်ကျော်၊ အမေဖြစ်သူ တင်လတ်မင်း၏ အခန်းကဏ္ဍများကို အသေးစိတ်ဖော်ပြထားကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်တွင် ရွှေဗျိုင်းဖြူအုပ်စုသည် တယ်လီနောမြန်မာကို ဝယ်ယူထိန်းချုပ်လိုက်ပြီး၊ ATOM Myanmar ဟု အမည်ပြောင်းခဲ့ကြောင်း၊ စစ်အုပ်စုသည် ၎င်း၏ အကြမ်းဖက်စစ်ဆင်ရေး အစိတ်အပိုင်းအဖြစ် မြန်မာပြည်သူများအပေါ် စောင့်ကြည့်ထောက်လှမ်းရေးလုပ်ငန်းများ အရှိန်မြှင့်ဆောင်ရွက်ရန် ကြိုးပမ်းနေစဉ်တွင် ရွှေဗျိုင်းဖြူက တယ်လီနောမြန်မာအား ဝယ်ယူထိန်းချုပ်လိုက်မှုက အသုံးပြုသူ သန်းပေါင်းများစွာတို့၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များအပေါ် အန္တရာယ်ကျရောက်စေခဲ့ကြောင်း သိရှိရသည်။

သိမ့်ဝင်းထက်သည် စစ်တပ်၏ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုစတင်ပြီးနောက်ပိုင်း ရွှေဗျိုင်းဖြူကုမ္ပဏီက တယ်လီနောအား ဝယ်ယူနေစဥ်အတွင်း တည်ထောင်ခဲ့သည့် One Telecom Company Limited တွင် ရှယ်ယာရှင်နှင့် ဒါရိုက်တာတစ်ဦး ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် သိမ့်ဝင်းထက်သည် ATOM Myanmar တွင် ဘဏ္ဍာရေးဆန်းစစ်သူအဖြစ် အလုပ်သင်ဆင်းခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် သိမ့်ဝင်းထက်သည် “မြန်မာ-ရုရှား မိတ်ဖက်ဆောင်ရွက်မှု ခိုင်မာစေရေး ရုရှားနိုင်ငံမှ ယုံကြည်နိုင်သော အရောင်းကိုယ်စားလှယ်များအား ရှာဖွေရန်” အတွက် ၂၀၂၂ ခုနှစ်တွင် စုဖွဲ့တည်ထောင်ခဲ့သော လုပ်ငန်းစုကြီးတစ်ခုတွင် အဖွဲ့ဝင်ဖြစ်သည့် မြန်မာရေနံကုမ္ပဏီ Min Shwe Myine Enterprise Limited တွင်လည်း ရှယ်ယာများ ပိုင်ဆိုင်ထားကြောင်း၊ ပြင်သစ်တွင် သိမ့်ဝင်းထက်၏ ကုန်ကျစရိတ်များကို ၎င်း၏ မိသားစုက ပံ့ပိုးကြောင်း Justice For Myanmar ၏ သတင်းရင်းမြစ်များထံမှ သိရသည်။

ဥရောပသမဂ္ဂအနေဖြင့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် သိမ့်ဝင်းထက်အပါအဝင် ကုမ္ပဏီပိုင်ရှင်များ၊ ဒါရိုက်တာများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများကို အရေး တကြီးချမှတ်ရန်၊ စစ်အုပ်စု၏ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းနှင့် လေယာဉ်ဆီရရှိမှု များအား ပိတ်ပင်ဖြတ်တောက်ရန်အတွက် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများကို မဟာမိတ်နိုင်ငံများနှင့် ပူးပေါင်းညှိနှိုင်းကာ တိုးမြှင့်ချမှတ်ရန် Info Birmanie နှင့် Justice For Myanmar တို့က တောင်းဆိုသည်။

သိမ့်ဝင်းထက် တက်ရောက်နေသည့် HEC Paris ကျောင်း သည် Consular Higher Education Institution (Etablissement d’Enseignement Supérieur Consulaire-EESC) အဖြစ်ရပ်တည်နေကြောင်း၊ CCI Paris Ile-de-France သည် ကျောင်း၏ အဓိကရှယ်ယာရှင်အဖြစ် ရှိနေသည့် အခြေအနေများမှ အကျိုးအမြတ်များ ရရှိနေကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် Info Birmanie နှင့် Justice For Myanmar တို့က သိမ့်ဝင်းထက် HEC၊ HEC Investment Club နှင့် International Consulting Club တို့တွင် တက်ရောက်ခွင့် ရရှိနေမှု၊ သူမ၏ ကျောင်းဝင်ခွင့်ရရှိမှုကြောင့် ကျောင်းဒါရိုက်တာဘုတ်အဖွဲ့တွင် ပါဝင်ကြသည့် များစွာသော စီးပွားရေးခေါင်းဆောင်များနှင့် ၎င်းတို့၏ အဖွဲ့အစည်းများအပေါ် သက်ရောက်နိုင်သည့် ကြံရာပါပံ့ပိုးကူညီမှု၊ တတ်မြောက်သွားမည့် ပညာရပ်များနှင့် သက်ဆိုင်ရာ အသိုင်းအဝိုင်းကွန်ရက်တို့ကို မြန်မာနိုင်ငံအခင်းအကျင်းတွင် ပြန်လည်အသုံးပြုမှုနှင့် ဆက်စပ်အန္တရာယ်များအပေါ် စိုးရိမ်ပူပန်မှုများကို CCI Paris Ile-de-France ထံ စာရေးသားပေးပို့ခဲ့ကြောင်း သိရှိရသည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “သိမ့်ဝင်းထက် ပြင်သစ်နိုင်ငံမှာ ပညာသင်ယူနိုင်နေတဲ့အချက်က စစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း ပြဌာန်းလိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ ညှိနှိုင်းဆောင်ရွက်မှု ဆိုးဆိုးရွားရွား ကင်းမဲ့နေတာကို ပြသလိုက်တဲ့ နောက်ထပ် လက္ခဏာတစ်ရပ်ပဲ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံအတွင်းမှာ သိမ့်ဝင်းထက် ရှိနေမှုက ရွှေဗျိုင်းဖြူအုပ်စုရဲ့ စီးပွားရေးမိတ်ဖက်တွေအပေါ် အီးယူရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ သိမ့်ဝင်းထက်နဲ့ သူ့မိသားစုတွေအပေါ် အမေရိကန်ပြည် ထောင်စုရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သေးသိမ်ထိခိုက်စေပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ သိမ့်ဝင်းထက်အပေါ် အမြန်ဆုံး စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်သင့်ပါတယ်။ ပြင်သစ်မှာရှိတဲ့ သူမ သို့မဟုတ် သူမမိသားစုရဲ့ ပိုင်ဆိုင်မှုအားလုံးကို သိမ်းဆည်းသင့်ပြီး၊ ပြင်သစ်နိုင်ငံတွင်း နေထိုင်ခွင့်ကိုလည်း ပိတ်ပင်သင့်ပါတယ်။ စစ်တပ်ရဲ့ မအောင်မြင်တဲ့ အာဏာသိမ်းကြိုးပမ်းမှုကို မြန်မာပြည်သူတွေက သုံးနှစ်ကျော်လာတဲ့ အချိန်အထိ သတ္တိပြောင်မြောက်စွာနဲ့ ခုခံတော်လှန်နေပါတယ်။ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်သင့်ပြီး၊ ၄င်းရဲ့ပိုင်နက်နယ်မြေအတွင်း မြန်မာခရိုနီတွေကို ကြိုဆိုနေမှာ မဟုတ်ဘူးဆိုတဲ့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကား ပါးသင့်ပါတယ်” ဟု ပြောကြားသည်။

ဓာတ်ပုံ- အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားသော စစ်ကောင်စီ၏ ဒေါက်တိုင် ရွှေဗျိုင်းဖြူ မိသားစုဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article