35 C
Yangon

ပဲခူး၊ ဧရာဝတီနှင့် မန္တလေးတိုင်းတို့တွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးတောင်းခံနေမှုများ ၊ ပေါ်တာဆွဲမှုများနှင့် လူငယ်များကို ဖမ်းဆီးမှုများ အလွန်အမင်း များပြားနေ

Must read

ရန်ကုန်၊ ဧပြီ ၂၇

ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတို့တွင် စစ်မှုထမ်းဥပဒေအကြောင်း ပြ၍ ငွေကြေးတောင်းခံနေမှုများ ၊ ပေါ်တာဆွဲမှုများနှင့် လူငယ်များကို ဖမ်းဆီးမှုများ အလွန်အမင်း များပြားနေ ရန်ကုန်ခေတ်သစ်သတင်းဌာနက စုံစမ်းသိရှိရသည်။

ပဲခူးတိုင်း

ပဲခူးတိုင်း ကျောက်တံတားမြို့နယ် ဖဒိုမြို့တွင်လည်း အကြမ်းဖက်စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက ကင်းဖိုးဟု ဆိုကာ တစ်အိမ်လျှင် တစ်လ ကျပ် ၁၀၀၀၀ ခန့် ပုံမှန်တောင်းခံနေပြီး ထပ်မံ၍ တပ်သားသစ်စုဆောင်းခဟုဆိုကာ တစ်အိမ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့် ထပ်မံတောင်းခံနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

အဆိုပါ ဒေသရှိ ပြည်သူများမှာ လက်လုပ်လက်စားများ ဖြစ်ကြ၍ ထိုသို့ တောင်းခံနေမှုများအတွက် အခက်တွေ့နေရကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ထို့ပြင် ပဲခူးတိုင်း ကျောက်တံတားမြို့နယ် ကင်းရွာအုပ်စု ကြံဒိုင်တွင် နေထိုင်သည့် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးက ပြည်သူများကို စစ်မှုထမ်းရန် ဆင့်ခေါ်ပြီး ငွေကြေးများ တောင်းခံနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“အုပ်ကြီး ဦးလွင် တော်တော်ဆိုးနေပါတယ်။ စစ်မှုထမ်းဖို့ မတရားခေါ်ပါတယ်။ပိုက်ဆံမပေးနိုင်ရင် နေ့ချင်းလာခေါ်တာပါ။ ရဲကင်းအတွက်ဆိုပြီး တစ်အိမ်တစ်သောင်း လစဉ်ပေးရတာပါ။ အဆိုးဆုံးကတော့ စစ်မှုထမ်းဖို့ လူခေါ်တာ တစ်ရွာကို ၂ ယောက် လစဉ်ခေါ်တာပါ။ ပိုက်ဆံကလည်း လတိုင်းပေးရတာပါ” ဟု ဒေသပြည်သူတစ်စ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အလားတူ ဧပြီလ ၂၆ ရက်နေ့ ပဲခူးတိုင်း၊သာယာဝတီခရိုင်အတွင်းရှိ ကျေးရွာများတွင် စစ်မှု့ထမ်းခြင်းမှ ယာယီကင်းလွတ်ခွင့်ရစေရန်ဟုဆိုကာ စစ်တပ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ပြည်သူများထံမှ ငွေကြေးများ ကောာက်ခံ စုဆောင်းလျက်ရှိကြောင်း သိရှိရသည်။

အုတ်ဖိုမြို့နယ်အပိုင် လေးတဲရွာမှ အုပ်ချုပ်ရေးမှူး သန်းလွင်က ဦးဆောင်ပြီး သိန်း ကျေးရွာမှ ငွေကျပ် သိန်း၃၀ ကိုလည်းကောင်း၊ ကျွန်းကောက်ပင်ရွာမှ အုပ်ချုပ်ရေးမှူး သိန်းလွင်က ကျေးရွာမှ ငွေကျပ် ၃၅သိန်း၊ တင်းကုတ်ကြီးကျေးရွာမှ

အုပ်ချုပ်ရေးမှူး နောင်နောင်က ငွေကျပ် သိန်း ၃၀ ၊ ချောင်းနားစုကျေးရွာမှ အုပ်ချူပ်ရေးမှူး အောင်စိုးမိုးက ကျေးရွာမှ ငွေကျပ် သိန်း ၆၀ အတင်းအဓမ္မ ကောက်ခံနေကြောင်း ၊ စစ်မှုထမ်းခြင်းမှ ကင်းဝေးအောင်ဟု အကြောင်းပြကာ ငွေကြေးများ ကောက်ခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့အတူ အုတ်ဖိုမြို့နယ်၊ ရွာသစ်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ဝင်းမြင့်ကလည်း ရပ်ကွက်အတွင်းရှိ နေအိမ်များမှ တစ်အိမ်လျှင် ငွေကျပ် ၂၅၀၀၀ ကျပ်နှုန်းဖြင့် ငွေကျပ် သိန်း ၃၀ ကောက်ခံနေကြောင်း သိရှိရသည်။

ဧရာဝတီတိုင်း

ဧရာဝတီတိုင်း ကျုံပျော်မြို့နယ် ကျုံမရမ်းရွာကို အကြမ်းဖက်စစ်သားများနှင့်ရဲများက ဧပြီလ ၂၄ ရက်နေ့တွင် လက်နက်ရိက္ခာအပြည့်နှင့် လာရောက်တပ်စွဲနေပြီး NLD ထောက်ခံသည့် မိသားစုဝင်များ ၊ စစ်တပ် မထောက်ခံသော မိသားစုများထံမှ လူငယ်များကို အတင်းအဓမ္မ ခေါ်ဆောင် စစ်မှုထမ်းခိုင်းမှုများလုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

“ ရွာမှာ လက်ရှိ အုပ်စိုးနေတဲ့ စစ်ခွေးဘောမတွေက အတို့အထောင်လုပ်လို့ ရောက်လာတာ ဖြစ်နိုင်ပါတယ်။ ဒီကောင်တွေက လက်ရှိအနေအထားမှာ ရွာသူ ရွာသားတွေ ဘယ်သူမှ စကားမမှားရဲလောက်အောင် သတိထားနေကြရတယ်။ သူတို့ အလိုမကျတာနဲ့ စစ်ခွေးတွေဆီ တန်းဖုန်းဆက်ခေါ်တာ” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့အတူ ကျုံမရမ်းရွာရှိ ကျေးရွာအုပ်ဥက္ကဋ္ဌ ထွန်းထွန်းဦး၊ ရာအိမ်အိမ်မှူး ကြည်ထွန်းတို့က ၎င်းတို့ စိတ်အလိုမကျဖြစ်သည်နှင့် အကြမ်းဖက်စစ်သားများကို တန်း၍ ဖုန်းဆက်ခေါ်သူများဖြစ်ပြီး အာဏာသိမ်းခါစတွင် ကျောင်းတိုက်ဆရာတော်ကို NLD အားပေးသူဖြစ်၍ ရွာသူရွာသားများ ဆွမ်းမပို့ရဲအောင် ခြိမ်းခြောက်ခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းကို အသစ်ဆောက်၍ စစ်သားလူထွက်ကို ကျောင်းအသစ်တွင် ကျောင်းထိုင်ဘုန်းကြီးလုပ်စေခဲ့ကြောင်း၊ ပျူစောထီးသင်တန်းများကိုလည်း ဘုန်းကြီးကျောင်း ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အလားတူ ဧရာဝတီတိုင်း ငပုတောမြို့နယ် မကျီးပင် သုံးခွကျေးရွာ အုပ်စုမှ ဒိုင်နယ်အုပ်ချုပ်ရေးမှူး မောင်ခိုင်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး သိန်းစိုး၊ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဖိုးနို့ဆီ၊ နိုင်နိုင် ၊ သန်းလွင် ဦးစိန်လှိုင်၊ မောင်မောင်၊ ထွန်းလေး၊ စိုးနိုင်၊ မိုးကျော်သူနှင့်အပေါင်းအပါများက ကျေးရွာ နေပြည်သူများကို စစ်မှုထမ်းဥပဒေဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အထိ အမျိုးသားများကို တပ်သားသစ်အဖြစ် စုဆောင်းလျက်ရှိကြောင်း၊ တပ်သားသစ် မလုပ်လိုသူများကို ကျေးရွာအတွင်းနေထိုင်ခွင့်မပြုဘဲ အိမ်ချိတ်ပြီး မီးရှို့မည်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆို စစ်သားစုဆောင်းလျက်ရှိကြောင်း သိရှိရသည်။

မန္တလေးတိုင်း

မန္တလေးတိုင်း ရမည်းသင်းမြို့တွင်လည်း ပြည်သူများကို စစ်မှုထမ်းရန်အတွက် ဖမ်းဆီးမှုများရှိ နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ရမည်းသင်းမြို့နယ်အတွင်း ဖမ်းဆီးခံရသူ လူဦးရေ ၁၅ ဦးထက် မနည်းရှိနေပြီး မိသားစုဝင်များနှင့် အဆက်အသွယ်များ ပြတ်တောက်နေကြောင်း ရမည်းသင်းမြို့ ဒေသပြည်သူများက ပြောကြားသည်။

“အသက် ၃၈ နှစ်အရွယ် ကိုနေလင်းအပါအဝင် အမျိုးသားတွေ အများကြီးကို စစ်တပ်က ဖမ်းဆီးထားတယ်။ မိသားစုဝင်တွေနဲ့ အဆက်အသွယ်ပြတ်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းမှ ပြည်သူ့စစ်(ခေါ်) ပျူစောထီးများကို စစ်တပ်က စစ်သင် တန်း ပေးနေစဉ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကိုင်းမှ ပြည်သူ့စစ်(ခေါ်) ပျူစောထီးများကို စစ်တပ်က စစ်သင် တန်း ပေးနေစဉ်။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article