36 C
Yangon

ဝက်လက်၊ မုဆိုးခြုံရွာကို မီးလာရှို့သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက် ခိုက်

Must read

ဝက်လက်၊ မုဆိုးခြုံရွာကို မီးလာရှို့သည့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး၊ မုံရွာ-ချောင်းဦး လမ်းပိုင်းတွင် စစ်တပ်ယာဥ်တန်းကို မိုင်းဆွဲ တိုက် ခိုက်

ရန်ကုန်၊ မတ် ၃

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံရွာကို မီးလာရှို့သည့် အကြမ်းဖက် စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း Burma Rangers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မုဆိုးခြုံကျေးရွာအတွင်းသို့ အင်အား ၈၀ ခန့်ဖြင့် ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ လက်လုပ်လက်နက်ကြီး အလုံး ၄၀ ကျော်ခတ်ပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာ ၁ နာရီခန့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် စစ်သား ၃ ဦး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မုဆိုးခြုံရွာက နေအိမ်တစ်လုံးကို မီးရှို့သွားတယ်။ ပြည်သူတစ်ဦးကိုလည်း ပစ်သတ်သွားတယ်။ လေဖြတ် နေတဲ့ အဖိုးကြီးကို သတ်သွားတာ ဘုန်းဘွဲ့၊ အုန္နဲပုတ်ကျေးရွာဘက်ကနေ စစ်ကြောင်း ထိုးလာတာ နောက်ရက်တွေမှာတော့ သခွတ်တောကျေးရွာကို မီးထပ်ရှို့သွားတယ်။ အိမ်ခြေ ဘယ်လောက်ပါ သွားလဲတော့ အတိအကျမသိရသေးဘူး။ စစ်ကြောင်းက ပြန်မထွက်သေးဘူး” ဟု Burma Rangers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Burma Rangers (Shwe Bo) ၊ ရွှေတောသား Local ပြောက်ကျားတပ်ဖွဲ့၊ X Force Army တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ၏ မိုးကာအုပ် ကားအကြီး ၁၀ စီးနှင့် D.C ပွိုင့်ကား ၄ စီးကို ယနေ့ မတ်လ ၃ ရက်နေ့ ၁ နာရီ ၄၉ မိနစ်အချိန်တွင် မုံရွာ ချောင်း ဦးလမ်းပိုင်း တစ်နေရာ၌ ပဒသာမိုင်း ၄ လုံးတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့ထံမှ သိရသည်။

အဆိုပါ မိုးကာအုပ် ကားကြီး ၁၀ စီး၏ ၄ စီးမြောက်ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ယာဥ်တန်းမှာ ခေတ္တ ထိုးရပ်သွား​ပြီး ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း၊ တိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော်များ စစ်ကောင်စီ၏ ကင်းပုန်းများ​ကြောင့် ပိတ်မိနေသော်လည်း နယ်မြေကျွမ်းကျင်မှုကြောင့် အထိ အခိုက်မရှိ ဘေးလွတ်ရာသို့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း Area 71 PDF Monywa အဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ- ရွှေတောသား Local ပြောက်ကျားတပ်ဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article