33 C
Yangon

အောင်လံ-ရွှေပန်းတော လမ်းပိုင်း စစ်ဆေးရေးဂိတ်တွင် ခရီးသွား ပြည်သူ ၆၀ ခန့်ကို စစ်တပ်က ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ် သိန်း ၅၀ ဖြင့် ပြန်ရွေးခိုင်း၊ လာရောက် မရွေးနိုင်သူများကို စစ်မှုထမ်းရန် တပ်သားသစ်အဖြစ် ခေါ်ဆောင်

Must read

ပွင့်ဖြူမြို့နယ်တွင် တပ်သားသစ်အဖြစ် ပေါ်တာဆွဲမှုကြောင့် လူငယ်များ အဖမ်းခံရ

ရန်ကုန်၊ ဧပြီ ၂၆

မကွေးတိုင်း၊ အောင်လံမြို့နယ်၊ အောင်လံ-ရွှေပန်းတော လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေးဂိတ်က ခရီးသွား ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးပြီး ၁ ဦးကို ငွေကျပ် သိန်း ၅၀ ဖြင့် မိသားစုဝင်များကို ပြန်ရွေးခိုင်းကာ လာရောက် မရွေးနိုင်သူများကို စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဧပြီလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် အောင်လံမြို့နယ်၊ အောင်လံ-ရွှေပန်းတော ကားလမ်းရှိ စမ်းကလေးကျေးရွာ ရထား သံလမ်း စစ်ဆေးရေးဂိတ်တွင် အကြမ်းဖက် စစ်တပ်က ခရီးသွား ပြည်သူများနှင့် ဆိုင်ကယ် စီးနင်းသူများကို တားဆီး စစ်ဆေးပြီး ပြည်သူ ၆၀ ခန့်ကို အကြောင်းမဲ့ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က ဖမ်းဆီးထားသော ပြည်သူ ၆၀ ခန့်ကို အောင်လံမြို့ရှိ အထက ၁ ကျောင်းကို ခေါ်ဆောင်သွားပြီး ပြည်သူ ၁ ဦးကို ငွေကျပ် သိန်း ၅၀ ဖြင့် မိသားစုဝင်များ ပြန်ရွေးခိုင်းကြောင်း၊ ဖမ်းဆီးခံရသူ အများစုသည် အောင်လံ-ရွှေပန်းတော ကားလမ်းပိုင်း အောင်လံ အရှေ့ခြမ်း ကျေးရွာများမှ သာမန်ပြည်သူများဖြစ်၍ ငွေကြေး မတတ်နိုင်သောကြောင့် အများစုကို စစ်မှုထမ်းရန် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွှေတောင် စစ်ဆေးရုံကို ဆေးစစ်ရန် ပို့ဆောင်လိုက်ကြောင်း သိရှိရသည်။

“မနေ့က နံနက် ၁၀နာရီလောက်မှာ အောင်လံမြို့နယ်၊ အောင်လံ-ရွှေပန်းတော ကားလမ်းပိုင်း စမ်းကလေးကျေးရွာ ရထား သံလမ်း စစ်ဆေးရေးဂိတ်က စစ်ခွေးတွေက ခရီးသွား ပြည်သူတွေကို အတင်းဖမ်းဆီးခြင်း၊ ပေါ်တာဆွဲခြင်းများ ပြုလုပ်တယ်။ နောက်ပြီး ဆိုင်ကယ်တွေကို တားဆီး စစ်ဆေးပြီး ဖမ်းဆီးတာတွေလည်း လုပ်တယ်။ ဖမ်းဆီးခံရတဲ့ ပြည်သူတွေကို အောင်လံမြို့ အထက ၁ ကျောင်းမှာ ဖမ်းထားပြီး လူဦးရေ ၆၀ ဝန်းကျင်လောက်ရှိတယ်။ တချို့ကျ ငွေနဲ့ ပြန်လွှတ်ပြီး အများစုကို ရွှေတောင် စစ်ဆေးရုံကို ဖမ်းဆီး ခေါ်ဆောင်သွားတယ် စစ်မှုထမ်းဖို့ ကျန်းမာရေးအတွက် ဆေးစစ်ချက်များပြုလုပ်မယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ ဖမ်းဆီးထားသော ဆိုင်ကယ်များကို စမ်းကလေးရွာရှိ စစ်တပ်ဂိတ်၌ သွားရောက်ထုတ်ယူရန် မိသားစုဝင်များကို အကြောင်းကြားခဲ့ပြီး ဖမ်းဆီးသွားသူများကို မိသားစုဝင်များက သွားရောက် တွေ့ဆုံသော်လည်း တွေ့ခွင့်မပေးကြောင်း ဒေသပြည်သူ တစ်ဦးက ဆက်လက် ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း အောင်လံမြို့နယ် တောင်ထီးကျေးရွာအုပ်စု ကျားမွေးကျေးရွာတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ပြည်သူများကို အကြမ်းဖက်စစ်တပ်က ခြောက်လှန့်၍ ငွေအများအပြားတောင်းခံခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

လူငယ်မရှိသည့် နေအိမ်များကို တစ်အိမ်လျှင် ကျပ် ၃၀၀၀၀ နှင့် လူငယ်ရှိသည့် အိမ်များကို တစ်အိမ်လျှင် ကျပ် ၁၂၀,၀၀၀ ခန့် တောင်းခံသွားပြီး ကျေးရွာအတွင်း အိမ်ခြေ ၇၀ ခန့်မှာ ကျပ် သုံးသောင်း ပေးခဲ့ရကြောင်း၊ အိမ်ခြေ ၄၈ အိမ်မှာ ကျပ် တစ်သိန်းနှစ်သောင်းခန့် ပေးခဲ့ရကြောင်း၊ အဆိုပါ ငွေများကို ပျူစောထီးခေါင်းဆောင် တင်ဌေး၊ အုပ်ချုပ်ရေးမှူး တင်သောင်းနှင့် ရာအိမ်မှူး အောင်အောင်တို့က စစ်တပ်နှင့်အတူ ပူးပေါင်းရယူသွားကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အလားတူ မကွေးတိုင်း ပွင့်ဖြူမြို့နယ် အရှေ့ပိုင်းတွင် ပြည်လုံးချမ်းသာ ဘုရားဈေးပွဲတော်မှ ပြန်လာသည့် လူငယ် ၃ ဦးကို ပွင့်ဖြူမြို့နယ် အရှေ့ပိုင်း ဥက္ကဋ္ဌ သာထွေး‌အောင်က စစ်မှုထမ်းရန် အတင်းအကျပ် ဖမ်းဆီခေါ်ဆောင်သွားမှု ဧပြီလ ၂၄ ရက်နေ့ ည ၁၀ နာရီ ၄၈ မိနစ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ဘုရားမှာ ဈေးပွဲတော်ရှိပါတယ်။ ‌ ဈေးပွဲတော် က ပြန်လာတဲ့ ကလေးတွေကို အရှေပိုင်း ဥက္ကဋ္ဌ သာထွေးအောင် နဲ့ စစ်တပ်နဲ့ ပေါင်းပြီး ကလေးတွေကို ဖမ်းဆီးပြီး ကားပေါ် အတင်း ခေါ်တင်သွားတာပါ။ အဲဒီ ဥက္ကဋ္ဌ သာထွေးအောင် က အရှေ့ပိုင်း ရပ်ကွက်ထဲက ဘယ်သူမှ မထောက်ခံဘဲ သူဘာသာသူ စစ်တပ်နဲ့ ပေါင်းပြီး ဥက္ကဋ္ဌ တက်လုပ်နေတဲ့သူ စစ်တပ်အမာခံ ဥက္ကဋ္ဌ တစ်ယောက် ဖြစ်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့‌ ပြောဆိုသည်။

ဓာတ်ပုံ – စစ်မှုထမ်း အပတ်စဉ် ၁ တွင် စစ်သားအဖြစ် စုဆောင်းခံရသည့် လူငယ်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်မှုထမ်း အပတ်စဉ် ၁ တွင် စစ်သားအဖြစ် စုဆောင်းခံရသည့် လူငယ်များ။
- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article