29 C
Yangon

ဒီးမော့ဆို၊ဒေါသဲကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ဖယ်ခုံ၊ အနောက် ကယန်း​ကျေးရွာအုပ်စုကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

Must read

ဒီးမော့ဆို၊ဒေါသဲကျေးရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ဖယ်ခုံ၊ အနောက် ကယန်း​ကျေးရွာအုပ်စုကိုလည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်

ရန်ကုန်၊ မတ် ၁၂

ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ ဒေါကလော်ကျေးရွာအုပ်စု၊ ဒေါသဲကွင်း ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ၃ ကြိမ်လာရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မတ်လ ၁၁ ရက် ညနေ ၅ နာရီခန့်က လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပထမ အကြိမ်၌ စက်သေနတ်များဖြင့် တရစပ်ပစ်ခတ်ခြင်း၊ ဒုတိယအကြိမ်၌ ဗုံးသီးများကြဲချခြင်း၊ တတိယ အကြိမ်တွင် စက်သေနတ်များဖြင့် တရစပ်ပစ်ခတ်တို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၁၀ ရက် နေ့က ရင်ဆိုင်တိုက်ပွဲ အတွင်း အကြမ်းဖက် စစ်သားအများအပြားထိခိုက်ဒဏ်ရာရရှိသည်ကို မကျေနပ် သဖြင့် ကျေးရွာကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့အထိနာသွားတော့ လေယာဉ်နဲ့လာပစ်တာ၊ ပြည်သူတွေကတော့ တစ်ယောက်မှ မရှိတော့ဘူး။ အားလုံးထွက်ပြေးသွားကြပြီ၊ ကျနော်တို့ ရဲဘော်တွေပဲရှိတယ်၊ အဲလို လေယာဉ်နဲ့လာတိုက်တဲ့အတွက် ရွာမှာစောင့်ပေးနေတဲ့ရဲဘော်တွေတော့ အသေးစားထိခိုက်ဒဏ်ရာရရှိမှုတော့ရှိပါတယ်” ဟု ကရင်နီ စစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောကြားသည်။

အလားတူ မတ်လ ၁၁ ရက် နံနက် ၉ နာရီခန့်က ဒီးမော့ဆိုမြို့နယ်၊ အရှေ့ခြမ်း၊ ဒေါတမကြီးအုပ်စု၊ ဒေါညေးခူရွာတွင် အကြမ်းဖက်စစ်ကောင်စီ တပ်နှင့် ကရင်နီဒီးမော့ဆိုမြို့နယ် ပြောက်ကျားတပ်ဖွဲ့ဖွဲ့တို့ ကြား ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားထိခိုက်သေဆုံးမှုအများအပြားရှိခဲ့သော်လည်း စာရင်းအတိအကျမသိရသေးကြောင်း၊ ကရင်နီဒီးမော့ဆိုမြို့နယ်ပြောက်ကျားတပ်ဖွဲ့ဝင်များအထိအခိုက် မရှိကြောင်း၊ အကြမ်းဖက်စစ်တပ်က ပြည်သူလူထုပိုင်နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း သိရ သည်။

ဒီးမောဆိုမြို့နယ်အရှေ့ခြမ်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကြောင်း ၃ ကြောင်းဖြင့် ထိုးစစ်ဆင် နေပြီးစစ်ဘေးရှောင်ပြည်သူလူထုမှာ ပုန်းခိုစရာ၊ နားခိုစရာလုံခြုံရေးအခက်အခဲနှင့်ရင်ဆိုင်နေရကြောင်း၊ ဒီးမော့ဆိုနောက်ဘက်ခြမ်းမှ အရှေ့ဘက်ခြမ်းသို့ လာရောက်ပုန်းခိုနေခဲ့သည့် စစ်ဘေးရှောင်များသည် လည်း အခြားနေရာသို့ ထပ်မံပြောင်းရွှေ့နေကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ အနောက်ကယန်းအုပ်စုအတွင်းမတ်လ ၁၂ ရက် နေ့လည် ၁၂ နာရီဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များက ပြောသည်။

“ဖယ်ခုံတပ်ကနေပြီး ၁၂နာရီ ဝန်းကျင်အချိန်တွင် လက်နက်ကြီးနဲ့ပစ်ခတ်တယ်။ လက်နက်ကြီး ၃ လုံးပစ်ပြီး တစ်လုံးက ရွာထဲမှပဲကျတယ်။ အိမ်တော့ထိတယ်။ လူမထိဘူး။ ကျန်နှစ်လုံးက ရွာဘေးမှာပဲကျတယ်” ဟုဒေသခံတစ်ဦးက ပြောပါသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် လအိကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ၃ ကြိမ်အထိရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article