36 C
Yangon

ဝက်လက်၊ စိုင်နိုင်လေးရွာအနီး စစ်တပ်က PDF ရဲဘော် ၆ ဦးကို ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်

Must read

ဝက်လက်၊ စိုင်နိုင်လေးရွာအနီး စစ်တပ်က PDF ရဲဘော် ၆ ဦးကို ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်

ရန်ကုန်၊ ဧပြီ ၄

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးရွာအနီး အကြမ်းဖက် စစ်တပ်က PDF ရဲဘော် ၆ ဦးကို ဖမ်းဆီးပြီး ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၄ ရက်နေ့ နံနက် ၆ နာရီခန့်တွင် ရင်းတောကျေးရွာမှ ပြည်သူ ၆ ဦးကို ဓားစာခံ အဖြစ် ဖမ်းဆီးပြီး စိုင်နိုင် တိုက်နယ် အတွင်းသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ် ခမရ ၃၆၄ နှင့် တပ်မ ၃၃ မှ စစ်သားများကို ကျေးသီးကျေးရွာအဝင်၌ ဒေသကာကွယ်ရေး တပ်ဖွဲ့များက ပဒေသာတိုက်မိုင်းဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့​ပြီး ထိခိုက် သေဆုံးမှု ရှိ​သော်လည်း အရေအတွက် အတည်မပြုနိုင် သေးကြောင်း သိရသည်။

ယင်းစစ်ကြောင်းသည် နံနက် ၈ နာရီ ၂၅ မိနစ်တွင် စိုင်နိုင်ကွေ့မှ စိုင်နိုင်ကြီး ကျေးရွာဘက်သို့ စစ်ကြောင်းထိုး လာစဥ် စိုင်နိုင်လေးကျေးရွာအနီး လယ်ကွင်းပြင်တစ်နေရာအရောက်၌ လက်နက်ကြီး ပစ်ကူပေးရန် ရောက်ရှိနေသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၇ ဦးနှင့် ထိပ်တိုက်တွေ့ဆုံကာ အကြမ်းဖက် စစ်တပ်က လိုက်လံပစ်ခတ် ဖမ်းဆီးသောကြောင့် ၆ ဦးဖမ်းဆီးခံရပြီး စစ်တပ်က ဖမ်းဆီးရမိသည့် နေရာ၌ပင် ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရှိရသည်။

“မိတဲ့ ၆ ဦးကို ခေါင်းတေ့ပြီး ပစ်သတ်သွားတာ၊ ဘယ်အဖွဲ့ကမှန်း မသိရသေးဘူး။ လောလောဆယ်သိရ သလောက်တော့ GZ Local PDF အဖွဲ့ကလို့တော့ သိရတယ်၊ အတည်တော့မပြုနိုင်သေးဘူး၊ သူတို့က လက်နက်ကြီးပစ်ကူလာတာ၊ စစ်ကြောင်းရှေ့က ရောက်သွားတဲ့အချိန် စစ်ခွေးတွေက လိုက်ပစ်တာလို့ သိရတယ်၊ ရဲဘော်တွေက မပြေးနိုင်တော့ မိပြီးခေါင်းတေ့ပစ်သတ်ခံလိုက်ရတာပါ” ဟု သိဒ္ဓိရှင် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ထို့ပြင် ယင်း အကြမ်းဖက် စစ်ကြောင်းကို စိုင်လေးကျေးရွာနှင့် စိုင်နိုင်ကြီးကျေးရွာအကြားတွင် ပဒေသာမိုင်း ၁၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းစစ်ကြောင်းသည် လယ်တောအတိုင်း ဘုန်းဘွဲ့ကျေးရွာဘက် သို့ ဆက်လက်ဝင်ရောက်လာစဥ် မူးခွလမ်းဆုံ၌ ပဒေသာမိုင်း ၃ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိပြီး ကျောပိုးသယ်ဆောင်ကာ ဘုန်းဘွဲ့ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း သို့ ဝင်ရောက်လာစဥ် ၁၀ မိနစ်ခန့် ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“ခွေးတွေက ၄၀ မမတွေရော၊ ၅ ဒသမ ၅၆ ကျည်ထည့်ပစ်ရတဲ့ MA တွေနဲ့ပါ လိုက်ပစ်တယ်၊ ကျဆုံး ရဲ ဘော်တွေရဲ့အလောင်းတွေကိုတော့ နယ်မြေရှင်းလင်းရေးလုပ်ရင်းနဲ့ အဖွဲ့တွေက ကောက်သွားတယ်၊ စစ်ခွေးတွေက ဒီနေ့ညအထိ ရွှေဘိုမြို့နယ်၊ တဂဏန်းရွာထဲမှာ အထိုင်ချတပ်စွဲထားတယ်” ဟု သိဒ္ဓိရှင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းအကြမ်းဖက်စစ်ကြောင်းကို သိဒ္ဓိရှင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Super Light တပ်ခွဲ၊ ဇာမဏီသွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါင်းတမာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ယူကရိန်းဂျစ်ကား ပြည်သူ့ကာ ကွယ် အဖွဲ့၊ အောင်ဘော်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ဒေါင်းလေး (Local PDF) ၊ Buffalo Solider (Local PDF) အောင်မြေပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပန်းပျိုးလက်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပျံလွှားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုခရိုင်တပ်ရင်း ၁ ၊ ၂ ၊ ၃ တို့အပါအဝင် ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article