36 C
Yangon

မဘသ၊ အမျိုးသားရေး အစွန်းရောက် တင့်လွင်နှင့် လီလီနိုင်ကျော်တို့ အသတ် ခံရပြီးနောက် အမျိုးသားရေးလှုပ်ရှားသူများ လုံခြုံရေးအတွက် စစ်တပ်ထံ အကူအညီတောင်းခံ၊ တချို့ကြောက်လန့်၍ စစ်တပ်ထဲတွင် ခိုလှုံ

Must read

မဘသ၊ အမျိုးသားရေး အစွန်းရောက် တင့်လွင်နှင့် လီလီနိုင်ကျော်တို့ အသတ် ခံရပြီးနောက် အမျိုးသားရေးလှုပ်ရှားသူများ လုံခြုံရေးအတွက် စစ်တပ်ထံ အကူအညီတောင်းခံ၊ တချို့ကြောက်လန့်၍ စစ်တပ်ထဲတွင် ခိုလှုံ

ရန်ကုန်၊ မေ ၃၁

မဘသနှင့် အမျိုးသားရေး အစွန်းရောက် လှုပ်ရှားသူ တင့်လွင်နှင့် လီလီနိုင်ကျော်တို့ ဆက်တိုက်ဆိုသလို အသတ်ခံရပြီးနောက် စစ်တပ်ထောက်ခံသော အစွန်းရောက် အမျိုးသားရေး လှုပ်ရှားသူများက ၎င်းတို့၏ လုံခြုံရေးအတွက် စစ်တပ်ထံ အကူအညီတောင်းခံကြပြီး တချို့မှာ ကြောက်လန့်၍ တပ်ထဲတွင် ခိုလှုံနေကြကြောင်း မဘသအသိုင်းအ၀ိုင်းထံမှ သိရှိရသည်။

မေလ ၂၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်အချိန်ရန်ကုန်တိုင်း၊ ဒဂုံမြိုသစ်(မြောက်ပိုင်း) မြိုနယ်၊(၄၈)ရပ်ကွက်၊ဗိုလ်မှူးဗထူးလမ်းနှင့်ဇေယျသိဒ္ဓိလမ်းထောင့်၊ ရွှေသုခလက်ဘက်ရည်ဆိုင်တွင် မဘသနှင့် အမျိုးသားရေး အစွန်းရောက် တင့်လွင် ထမင်းကြော် စားနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း၊ ယင်းနောက် မေလ ၃၀ ရက်နေ့ ည ၇ နာရီအချိန် ထိပ်တန်းစစ်ဗိုလ်ချုပ်များနှင့်ရင်းနှီးပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ လီလီနိုင်ကျော် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း၊ ယင်းသို့ အမျိုးသားရေး အစွန်းရောက် ၂ ဦး ဆက်တိုက်ဆိုသလို အသတ်ခံရ ခြင်းကြောင့် အမျိုးသားရေး လှုပ်ရှားသူအများစု ထိတ်လန့် တုန်လှုပ်နေကြကြောင်း သိရှိရသည်။

“ဦးတင့်လွင်နဲ့ ဒေါ်လီလီနိုင်ကျော်က ၄ ရက်ပဲ ကွာတယ်။ အသတ်ခံရတာ။ အဲဒီတော့ အကုန်ကြောက်လန့်နေကြပြီ။ တချို့လည်း လက်နက်တွေ ဆောင်ထားကြ ပေမယ့်လည်း တစ်ဦးတည်း သွားလာနေချိန် ဟိုဘက်က အဖွဲ့နဲ့လုပ်ရင် ခံရမှာဆိုတော့ စစ်တပ်ကို လုံခြုံရေးပေးဖို့ တောင်းကြတယ်။ အများစုက ရှောင်နေကြပေမယ့် ဘယ်နေရာရှောင်ရှောင် မလုံခြုံတော့ တချို့လည်း စစ်တပ်ထဲ သွားနေကြတယ်။ အမျိုးသားရေးသမားတွေဘက်မှာတော့ အရမ်းကို ထိတ်လန့်ကုန်ကြတာ” ဟု မဘသနှင့် အမျိုးသားရေး အစွန်းရောက် အသိုင်းအ၀ိုင်းဘက်က ပြောသည်။

လက်ရှိတွင် တင့်လွင်နှင့် လီလီနိုင်ကျော် အသတ်ခံရမှုအတွက် NLD ပါတီဝင် မိသားစုများ၊ NUG ဝန်ကြီး မိသားစု ဆွေမျိုးများ၊ ပန်ဆယ်လို၏ ဆွေမျိုးများနှင့် သူငယ်ချင်းများ အပါအဝင် နာမည်ကျော် တော်လှန်ရေး သမားများ၏ မိသားစုနှင့် ဆွေမျိုးများကို လက်တုံ့ပြန် သတ်ဖြတ်ရန် စစ်တပ်ထောက်ခံသော တယ်လီဂရမ် လူမှုကွန်ရက်များတွင် လှုံ့ဆော်နေကြသည်။

အခြားတစ်ဖက်တွင်လည်း အမျိုးသားရေး အစွန်းရောက်များကို စစ်တပ်က ကာကွယ်မှု မပေးနိုင်ခြင်းအတွက် စစ်တပ်နှင့် မင်းအောင်လှိုင်ကို အကြီးအကျယ် ဝေဖန်မှုများရှိနေကြောင်း သိရှိရသည်။

“တပ်မတော်ထောက်ခံသူတွေ လက်တွေ့ဘ၀ တပ်မတော်ထောက်ခံအားပေးသူတွေကို နစက လဲ မကယ်နိုင်ဘူး ခုဆို တပ်မတော်ထောက်ခံလို့ အသက်ပေးလိုက်ရတဲ့ သူတွေ မရေတွက်နိုင်တော့ဘူး” ဟု အမျိုးသားရေး အစွန်းရောက်လှုပ်ရှားသူ အမျိုးသမီးက ဖေ့ဘုတ်စ် လူမှုကွန်ရက်မှတစ်ဆင့် Live လွှင့်၍ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီဘက်ကမူ အမျိုးသားရေးလှုပ်ရှားသူများနှင့် မဘသများကို လက်နက်များ ဝယ်ယူကိုင်ဆောင် မည်ဆိုပါ လိုင်စင်ချပေးမည်ဟု ကမ်းလှမ်းထားသော်လည်း အများစုမှာ လက်နက်ဖိုး မတတ်နိုင်ကြကြောင်း ၊ စစ်ကောင်စီကလည်း လက်နက်များ ထုတ်ပေးရန် အစီအစဉ်မရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- တင့်လွင်၏ နာရေးနှင့် လီလီနိုင်ကျော်၏ စစ်တပ်ထောက်ခံသော ပုံရိပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article