28 C
Yangon

ဘုတ်ပြင်းမြို့နယ်ရှိ စရဖရုံးနှင့် ပျူခေါင်းဆောင်နေအိမ်တို့ကို တိုက်ခိုက်မှု လူ ၁ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့် ကျည်များ သိမ်းဆည်းရရှိ၊ တောင်ငူတွင် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်

Must read

ဘုတ်ပြင်းမြို့နယ်ရှိ စရဖရုံးနှင့် ပျူခေါင်းဆောင်နေအိမ်တို့ကို တိုက်ခိုက်မှု လူ ၁ ဦး သေဆုံးပြီး သေနတ် ၁ လက်နှင့် ကျည်များ သိမ်းဆည်းရရှိ၊ တောင်ငူတွင် စစ်တပ်ယာဉ်တန်းကို တိုက်ခိုက်

ရန်ကုန်၊ မေ ၄

တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စစ်ဖက်ရေးရာ လုံခြုံရေး အဖွဲ့(စရဖ)ရုံးနှင့် ပျူခေါင်းဆောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ နေအိမ်အား ဝင်ရောက်စီးနင်းတိုက်ခိုက် ရာ လူ ၁ ဦး သေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း ကော့သောင်းခရိုင် တပ်ရင်း ၁ ထံမှ သိရသည်။

မေလ ၂ ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ စရဖရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ရာ စရဖရုံးအတွင်းရှိ နေသော ပြည်သူ့ စစ်(ပျူစောထီး)အဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်အတွက်သတင်းပေးနေသူ ကြွယ်သန်း သေဆုံးခဲ့ကြောင်း၊ ထို့အ ပြင် ပြည်ကြီးမဏ္ဍိုင် ပြည်သူ့ စစ်(ပျူ)ခေါင်းဆောင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဌေးဝင်း(ခ)ညီငယ်၏ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။

ထိုသို့ စီးနင်းစဉ် ဌေးဝင်း(ခ)ညီငယ်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ၎င်းနေအိမ် အတွင်းမှ ကိုးလုံး ကျည် ခေါက်ချိုး ၁ လက်၊ ကိုးလုံးကျည် ၄ တောင့်၊ AK-47 ကျည် ၂၆ တောင့်၊ ကာဘိုင်ကျည် ၅ တောင့်၊ Network Two Way Radio လက်ကိုင်ဖုန်း ၁ လုံး၊ စစ်ကောင်စီ စစ်ယူနီဖောင်း ၁ စုံ၊ စစ်ကျော ပိုးအိတ် ၁ လုံး၊ အီကွေးမန့် ၁ စုံ၊ စစ်ဖိနပ် ၁ ရံ တို့အား ရှာဖွေတွေ့ရှိ သိမ်းဆည်းခဲ့သည်ဟု ဆိုသည်။

အဆိုပါစီးနင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်၊ အမှတ် ၁ တပ်ရင်း နှင့် Flying Star (ဘုတ်ပြင်းပကဖ)တို့ ပူးပေါင်းအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်မှ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းသို့ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် နံနက် ၈ နာရီ ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း ကော့သောင်းခရိုင် တပ်ရင်း ၁ က ထုတ်ပြန်ထားသည်။

အလားတူ မေလ ၃ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန် ပဲခူးတိုင်း၊ တောင်ငူ-လိပ်သိုကားလမ်း၊ လေးအိမ်စုရွာနှင့် ထုံးဘိုကြီးရွာအကြား၊ တောင်ငူမှ လိပ်သိုဖက်သို့ဆင်းလာသော စစ်ကောင်စီထောက်ပို့ယာဥ်ကို တောင်ငူခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း ၃၅၀၂၊ တပ်ခွဲ ၂ နှင့် တပ်ခွဲ ၁ ၊ KNLA ပူးပေါင်းတပ်ဖွဲ့ဝင်များ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားသုံးဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ထို့​နောက်၎င်းစစ်ကောင်စီယာဥ် တိုက်ခိုက်ခံရပြီးနောက် လမ်းကင်းယူ​ထားသော စစ်ကောင်စီတပ်သားများက စက်လက်၊ လက်နက်ကြီးပစ်ကူများနှင့်ပြန်လည်တိုက်ခဲ့ရာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article