29 C
Yangon

အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်ဆီ နဲ့ ဝင်ငွေလမ်းကြောင်း မှန်သမျှ ပိတ်ပင်နိုင်ရေး ပြည်တွင်း ပြည်ပမှ တော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်

Must read

အကြမ်းဖက်စစ်တပ်ရဲ့ လေယာဥ်ဆီ နဲ့ ဝင်ငွေလမ်းကြောင်း မှန်သမျှ ပိတ်ပင်နိုင်ရေး ပြည်တွင်း ပြည်ပမှ တော်လှန်ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်

By လမ်းသစ်

“ ကလေးငယ်တွေ …. အလောင်းတွေလည်း အတော်များတယ်။ အမျိုးသမီးတွေလည်း များတယ်။ နောက်ပြီး တချို့အလောင်းတွေက အပိုင်းပိုင်း ပြတ်ကုန်တာ။ လူမှန်းသူမှန်းတောင် မသိရတော့ဘူး …”

“ဒီတိုင်းပဲ ဘာတိုက်ပွဲမှမရှိဘဲ ဝင်ပစ်ခံရတာ။ ဝေဟင်ကတော့ဗျာ… ပြည်သူလား၊ PDF လုပ်တဲ့ကလေးလား.. ဘာမှမှ ခွဲခြားနိုင်စွမ်း မရှိတာ။ သူတို့ပစ်ချင်တဲ့ နေရာတွေ ပစ်တာပဲ။ … သူတို့က အဲ့လို စည်းနဲ့ဘောင်နဲ့ရှိတဲ့ အဖွဲ့အစည်းမှ မဟုတ်တာ”

“အင်မတန်မှ ရွံစရာကောင်းတာပေါ့။ အကျွေးအမွေး အစီအစဥ်တွေလည်း ပါတော့ … အနီးနားမှာ ရွာရှိတဲ့အတွက် ပရိသတ်တွေလာတာ၊ တော်တော်ကို ယုတ်မာပက်စက်တဲ့ လုပ်ရပ်လို့ပဲ ပြည်သူတွေက မြင်တယ်”

ဒီစကားသံတွေဟာ အာဏာသိမ်း စစ်အုပ်စုရဲ့ ဥပဒေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ခံစားခဲ့ရတဲ့ ပဇီကြီးရွာခံများ အပါအဝင် မြန်မာပြည်သူတွေရဲ့ ဝမ်းနည်းကြေကွဲ နာကျည်းစရာ ရင်ဖွင့်သံတွေပဲ ဖြစ်ပါတယ်။

အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်တပ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက မိုခါမုန်တိုင်းကြောင့် အားလုံး အထိတ်တလန့် ဖြစ်နေချိန်မှာတောင် လေကြောင်း အသုံးပြုပြီး ပြည်သူကို လိုက်လံဒုက္ခပေးခဲ့တဲ့ ပြည်ဖျက်သမားတွေ ဖြစ်ပါတယ်။

ဒီလိုဖြစ်ရပ်များ ခပ်စိပ်စိပ်ဖြစ်လာပြီးနောက်မှာတော့ နိုင်ငံတကာ ဥပဒေတွေကိုပါ ထမင်းစား ရေသောက် ချိုးဖောက်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို ဝိုင်းဝန်းရပ်တန့်ပေးဖို့ မြန်မာပြည်သူတွေက ကမ္ဘာကြီးကို တောင်းဆိုနေကြပါပြီ။

(၁)အကြမ်းဖက်စစ်တပ်ကို မြန်မာအစိုးရအဖြစ် တရားဝင်မှုမရရှိအောင် လုပ်ဆောင်ပေးရန်။

(၂)ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှု ဆက်မလုပ်နိုင်အောင် အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတွေကို ပိတ်ဆို့အရေးယူပေးရန်။

(၃)အကြမ်းဖက်စစ်တပ်ရဲ့ လေယာဉ်ဆီရရှိနေမှုအပေါ် ပစ်မှတ်ထား အရေးယူ ပိတ်ဆို့ပေးရန်။

အထက်ဖော်ပြပါ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး မြန်မာပြည်သူ ၉ဝဝဝ ကျော်နဲ့ အဖွဲ့အစည်းပေါင်း ၁၉၁ ဖွဲ့ကနေ လက်မှတ်ထိုးပြီး ဂျပန်နိုင်ငံမှာ ၃ရက်ကြာ ကျင်းပတဲ့ ၄၉ကြိမ်မြောက် ကမ္ဘာ့ထိပ်သီး စက်မှုနိုင်ငံ ၇နိုင်ငံ G7 အစည်းအဝေးဆီကို အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာ ဖြစ်တယ်လို့ သွေးစွန်းငွေ ဖြတ်တောက်ရေး လှုပ်ရှားမှုအဖွဲ့က ပြောဆိုထားပါတယ်။

မြန်မာပြည်သူတွေရဲ့ နိုင်ငံတစ်ဝန်း အုံလိုက်ကျင်းလိုက် ဆန့်ကျင်ဆန္ဒပြမှုတွေကို ဂရုမစိုက်ဘဲ လက်နက်အားကိုးနဲ့ အာဏာကို ဖက်တွယ်ထားတဲ့ စစ်အုပ်စုဟာ အခုဆိုရင် ပြည်သူတွေရဲ့ လက်နက်စွဲကိုင်တော်လှန်ရေးနဲ့ ရင်ဆိုင်နေရတာပါ။ သူတို့ မြေပြင်မှာ အင်အားနည်းလာလေ လေကြောင်းကနေ ပိုဖိတိုက်လေ ဖြစ်နေပါတယ်။

စစ်တပ်ဟာ သူတို့နဲ့ ဆန့်ကျင်လာသူတွေကို ဖိနှိပ်ဖို့ အစကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပုံရပါတယ်။

၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော် အသုံးပြုပြီး စစ်လက်နက်နဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်ယူခဲ့ပြီး ရုရှားနဲ့ တရုတ်ကနေ တိုက်လေယာဉ်တွေကို အများဆုံး ဝယ်ခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ တွမ်အင်ဒရူးရဲ့ ‘သေမင်းတန် ကုန်သွယ်မှု’ ဆိုတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြည်သူ့ဘဏ္ဍာ ငါ့ဘဏ္ဍာ ဆိုတဲ့ စိတ်နဲ့ စစ်လက်နက်တွေ ဝယ်ယူ၊ ပြည်သူသာအမိ ပြည်သူသာအဖဆိုပြီး ပြည်သူကို ပြန်လည်ချေမှုန်း လာခဲ့တာဟာ အာဏာစသိမ်းတဲ့ ၂ဝ၂၁ခုနှစ် ဖေဖော်ဝါရီလကနေ ၂ဝ၂၃ ဇန်နဝါရီလအထိ ၂ နှစ်တာကာလအတွင်း လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး အကြိမ် ၆ဝဝ ကျော်အထိ ရှိခဲ့ပါတယ်။

မြန်မာ့အရေး အထူးအကြံပေးကောင်စီရဲ့ တည်ထောင်သူတစ်ဦးဖြစ်တဲ့ နိုင်ငံတကာလူ့အခွင့်အရေး ဥပဒေပညာရှင် ခရစ္စဆီဒိုးတီးက ပြည်သူတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံရေးရည်မှန်းချက်အတွက် ပစ်မှတ်ထားခံနေရတယ်လို့ ပြောခဲ့ဖူးပါတယ်။

“တိုက်ခိုက်မှုတွေဟာ စစ်ဘက်ပစ်မှတ်ရယ် အရပ်သား နေရာထိုင်ခင်းရယ်လို့ ခွဲခြားမှု မရှိတာကို တွေ့ရပါတယ်။ အကြမ်းဖက်ဝါဒဆိုတာ ဘာကိုခေါ်သလဲ ဆိုတဲ့အပေါ် နိုင်ငံတကာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိပါတယ်။ အခု သူတို့ရဲ့ အပြုအမူတွေဟာ အဲ့ဒီအဓိပ္ပာယ်ဖွင့်ဆိုမှုတွေအောက် အကျုံးဝင်နေတယ် ဆိုတာ ထင်ရှားပါတယ်”

“စစ်ကောင်စီဟာ သူတို့ တည်ဆောက်ရယူချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်တွေအတွက် အများပြည်သူအပေါ် စစ်ရေးနည်းသုံးပြီး ခြိမ်းခြောက်ရန်မူနေတာ ဖြစ်ပါတယ်။ လူတွေရဲ့ မြို့ရွာတွေဟာ စစ်ကောင်စီရဲ့ နိုင်ငံရေး ရည်မှန်းချက်အတွက် ပစ်မှတ်ထားခံနေရပါတယ်” လို့ သူက ပြောခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုတွေဟာ အခုနောက်ပိုင်း ပိုပြီး ခပ်စိပ်စိပ် တွေ့လာရပါတယ်။ ချင်းပြည်နယ်မှာဆိုရင် ပြီးခဲ့တဲ့ မတ်လနဲ့ ဧပြီလ ၂လအတွင်း လေကြောင်းကနေ ဗုံးအလုံးရေ ၁၂ဝ ကျော်အထိ ချင်းပြည်နယ်အနှံ့ ကြဲချခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးက သတင်းထုတ်ပြန်ထားပါတယ်။

ကယား (ကရင်နီ) ပြည်နယ်မှာဆိုရင်လည်း မတ်လနဲ့ ဧပြီလတွေမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ တဟုန်ထိုး မြင့်တက်လာပြီး ၂လအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ် ၁၅ဝကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ ကရင်နီ သမိုင်းတစ်လျှောက်မှာ လေကြောင်းတိုက်ခိုက်မှု အများဆုံးကြုံတွေ့ရတာဖြစ်တယ်လို့လည်း ပြောကြပါတယ်။

လေယာဉ်သံတွေကြားတိုင်း စာသင်ခန်းထဲကနေ ကြောက်လန့်တကြား ထွက်ပြေးပုန်းရှောင်နေရတဲ့ ကလေးငယ်တွေလည်း ဒီဖြစ်ရပ်ဆိုးတွေကို ဖြစ်နိုင်ရင် ချက်ချင်းရပ်တန့်ပေးကြဖို့ စိတ်ထဲက တောင်းဆိုနေကြမှာပါ။

“အခုဖြစ်နေတဲ့ဟာကို ဒီနေ့ချက်ချင်းကြီးတော့ ရပ်လို့မရဘူး။ ဘာကြောင့်လဲဆိုတော့ လက်နက်တွေ၊ လေယာဉ်တွေ၊ ဆီတွေ အကုန်လုံးက သူတို့ဆီမှာ ရှိပြီးသား၊ ချက်ချင်းရပ်တန့်လို့ မလွယ်ပေမယ့် နည်းလမ်းရှာလို့တော့ ရပါတယ်။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက အဲ့ဒီနည်းလမ်းက နှေးလေလေ ပြည်သူလူထုက ပိုသေလေလေဖြစ်မယ်။ ကျနော်တို့ NUG အနေနဲ့ ဘယ်လောက်ပဲ ဒါကို ရပ်တန့်ချင်ပေမယ့် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အားလုံး တက်တက်ကြွကြွ ပါဝင်ဖို့ ဆက်လက်ကြိုးပမ်းရမှာ ဖြစ်ပါတယ်”

ဒါကတော့ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ်ပစ်မှတ်ထား လေကြောင်းသုံး တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်း ပြောဆိုထားတာပါ။

မြန်မာပြည် ကောင်းကင်အနှံ့ ပျံသန်းချင်တိုင်း ပျံသန်းပြီး ပြည်သူတွေရဲ့ အသက်ကို နုတ်ယူနေတဲ့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြည်တွင်းတော်လှန်ရေး အင်အားစုတွေက ရတဲ့နည်းနဲ့ တန်ပြန်ရမှာ ဖြစ်သလို၊ နိုင်ငံတကာက ဝိုင်းဝန်းဖိအားပေး အရေးယူဆောင်ရွက်ပေးဖို့တွေကလည်း လိုအပ်နေပြီပဲ ဖြစ်ပါတယ်၊။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article