36 C
Yangon

မုန်တိုင်းသင့် မြန်မာပြည်သူများကို အကူအညီပေးရန် ထိုင်းကြားကာလ အစိုးရ နှင့် နိုင်ငံတကာကို ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ ခေါင်းဆောင် တောင်းဆို

Must read

မုန်တိုင်းသင့် မြန်မာပြည်သူများကို အကူအညီပေးရန် ထိုင်းကြားကာလ အစိုးရ နှင့် နိုင်ငံတကာကို ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီ ခေါင်းဆောင် တောင်းဆို

ရန်ကုန်၊ မေ ၂၁

မိုခါမုန်တိုင်းသင့် မြန်မာပြည်သူများကို အကူအညီပေးကြရန် ထိုင်းကြားကာလ အစိုးရနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကို ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က သူ၏ လူမှုကွန်ရက် တွစ်တာမှ တစ်ဆင့် တောင်းဆိုလိုက်သည်။

ရွေးကောက်ပွဲအနိုင်ရ ဝန်ကြီးချုပ်သစ်အဖြစ် အဆိုပြုထားသော Pita Limjaroenrat က အချက် ၃ ချက်ကို အဓိက ဖော်ပြပြီး မြန်မာပြည် သူများနှင့် အတူ စာနာကြောင်း၊ မုန်တိုင်းသင့် ပြည်သူများ အကူအညီများ အမြန်ဆုံး ရရှိစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုသည်။

” မြန်မာပြည်သူတွေ၊ အထူးသဖြင့် မိုခါဆိုင်ကလုန်းကြောင့် အသက်အိုးအိမ် စည်းစိမ်ပျက်စီးခဲ့ရတဲ့ ပြည်သူတွေနဲ့အတူ ကျနော် ဒီနေ့မှာ မျှဝေခံစားတဲ့ စိတ်အာရုံနဲ့အတူ မေတ္တာပို့ဆုမွန်ကောင်းတောင်းပါ တယ်။ မုန်တိုင်းဘေး ဒဏ်ကြောင့် ထိခိုက်ခံစားရတဲ့ပြည်သူတွေကို လူသားချင်းစာနာတဲ့အကူအညီ တွေ ပေးအပ်မှုကို အဆောတလျင်အမြန်ဆုံးဆောင်ရွက်ဖို့ ထိုင်းနိုင်ငံ ကြားကာလ အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းကို ကျနော်တောင်းဆိုပါတယ်။ သေရေး ရှင်ရေးတမျှ အကူအညီတွေလိုအပ်နေတဲ့ မုန်တိုင်းဘေးဒုက္ခသည် တွေ ကို ဦးစားပေးအနေနဲ့ ပထမဆုံး အထောက်အပံ့တွေပေးရမှာပါ။ ဒါဟာ ဝန်ကြီးချုပ် အသစ်အဖြစ် ရွေးကောက်ခံထားရတဲ့ ကျနော်ရဲ့ နိုင်ငံခြားရေး မူဝါဒအသစ်နဲ့ကိုက်ညီတဲ့ တောင်းဆိုချက်ဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံ ရွေးကောက် ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က ပြောဆိုသည်။

မြန်မာ့အရေးနှင့်ပတ်သက်ပြီး အရေးပါသည့် အင်အားစုတိုင်းက ဆက်သွယ်ညှိနှိုင်းရမည်ဖြစ်ပြီး လူသားဘ၀လုံခြုံရေး အခြေခံမူဝါဒဖြင့် ဆောင်ရွက်ရမည်ဟု ၎င်းက ဆိုသည်။

“မြန်မာနိုင်ငံဆိုင်ရာ ကျနော်ရဲ့ မူဝါဒဟာ လူသားဘ၀လုံခြုံရေး စဉ်းစားချက် အပေါ် အာရုံစိုက်ပြီး အရေးပါတဲ့အင်အားစုတိုင်းနဲ့ ဆက်သွယ်ညှိနှိုင်း မယ့်မူဝါဒ ဖြစ်ပါတယ်။ ဒီလူသားဘ၀လုံခြုံရေး အခြေခံတဲ့မူဝါဒမှာ လူသားချင်း စာနာ ထောက် ထားမှုအပိုင်းရော၊ စီးပွားရေး ဘ၀လုံခြုံတိုးတက်ရေး အပိုင်းတွေပါ ပါဝင်ပါတယ်။ ဒီမူဝါဒကို အကောင်အထည်ဖော်ရာမှာ ထိုင်း-မြန်မာနှစ်နိုင်ငံ၊ အာဆီယံအဖွဲ့ကြီးတခုလုံးအပြင် နိုင်ငံတကာ အသိုက်အမြုံ အတွက်ပါ အပြန်အလှန်ငြိမ်းချမ်းရေးနဲ့ သာယာ၀ပြောရေးကို ဆောင်ကြဉ်း ရရှိစေရေး ဆိုတဲ့အမြင်နဲ့ အကောင်အထည်ဖော်ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ထိုင်းနိုင်ငံ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီခေါင်းဆောင် Pita Limjaroenrat က မြန်မာဘာသာဖြင့် သူ၏ တွစ်တာ လူမှုကွန်ရက်တွင် သတင်း ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article