25 C
Yangon

အာဏာတည်မြဲရေးအတွက် ပညာရေး အညွန့်ချိုးဖို့ ကြိုးစားနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

Must read

အာဏာတည်မြဲရေးအတွက် ပညာရေး အညွန့်ချိုးဖို့ ကြိုးစားနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်

By လမ်းသစ်

အာဏာရှင်တွေဟာ လူငယ်တွေနဲ့ လူငယ်တွေကြောင့် ဖြစ်ပေါ်လာမယ့် အကျိုးဆက်ရလဒ်တွေကို ကြောက်ရွံ့ကြပါတယ်။ ဒါကြောင့် ကျောင်းသားလူငယ်တွေကို အရည်အသွေးနိမ့်ပါးအောင် အညွန့်ချိုးတဲ့ လုပ်ရပ်တွေကို စစ်အာဏာရှင်ခေတ်အဆက်ဆက်မှာ စနစ်တကျ လုပ်ဆောင်ခဲ့ကြပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်တို့ စစ်အုပ်စု အာဏာမသိမ်းခင် အရပ်သားအစိုးရလက်ထက်မှာ သိသာမြင်သာတဲ့ ပညာရေးကဏ္ဍ ပြောင်းလဲမှုတွေနဲ့အတူ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ သားသမီးရတနာတွေအတွက် မျှော်လင့်ချက်ရောင်ခြည်တွေ သန်းခဲ့ကြပါတယ်။

အခုတော့ အာဏာလု စစ်ကောင်စီဟာ မြန်မာ့ပညာရေးကို အောက်ဆုံးထိရောက်အောင် ပြန်ဆွဲချဖို့ ကြိုးစားနေပြန်ပါပြီ။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အစိုးရဝန်ထမ်းအများအပြား CDM လုပ်ကြသလို မိဘအများစုကလည်း သူတို့ကလေးတွေကို အစိုးရကျောင်းတွေမှာ ကျောင်းမထားကြတော့ဘဲ ပိုမိုငွေကုန်ကြေးကျခံကာ အပြင်ပုဂ္ဂလိကကျောင်းတွေမှာ ထားလာကြပါတယ်။ ဒါကြောင့် စစ်ကောင်စီက လိုရာရေးဆွဲ ဥပဒေထုတ်ပြန်ပြီး ပုဂ္ဂလိကကျောင်းတွေကို ထိန်းချုပ်ဖို့ လုပ်လာခဲ့ပါတယ်။

မိုခါမုန်တိုင်းကြောင့် ပြည်သူတွေ စိုးရိမ်သောကရောက်နေချိန် မေလ ၁၂ရက်နေ့က ထုတ်ပြန်လိုက်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေထဲမှာ နိုင်ငံတော်မူဝါဒနဲ့ ဆန့်ကျင်တဲ့ နိုင်ငံရေးအကြောင်းအရာတွေ ဟောပြောခွင့်၊ ထည့်သွင်းပြောကြားခွင့်ကို ပိတ်ပင်တားမြစ်ထားပါတယ်။ အာဏာရှင်ပီပီ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်လိုက်တာပါ။

ဒါတင်မကသေးဘဲ ပုဂ္ဂလိကကျောင်းတွေရဲ့ စံချိန်စံညွှန်းသတ်မှတ်တာ၊ ကျောင်းဆရာ မှတ်ပုံတင် လျှောက်ထားတာ၊ နိုင်ငံခြားသားကျောင်းဆရာ မှတ်ပုံတင်လက်မှတ် ထုတ်ပေးတာ၊ သက်တမ်းတိုးတာ၊ ပယ်ဖျက်တာတွေကို စစ်ကောင်စီ စိတ်တိုင်းကျ လုပ်ဆောင်ဦးမှာပါ။ စာသင်ကျောင်းတွေကို ဗုံးကြဲနေတဲ့ အကြမ်းဖက် မြန်မာစစ်တပ်ဟာ စာသင်ခန်းတွေထဲမှာ သူတို့ရဲ့ မကောင်းကြောင်း ပြောမှာကို စိုးရိမ်နေတယ်ထင်ပါရဲ့။

စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေမှာ အခန်း ၁၆ခန်း၊ ပုဒ်မ ၈၂ ခု ပါဝင်ပြီး ပညာရေးဝန်ကြီး ဦးဆောင်တဲ့ ကြီးကြပ်ရေးအဖွဲ့က ပုဂ္ဂလိကကျောင်းနဲ့ သက်ဆိုင်တဲ့အရာတွေကို ကန့်သတ်ချက်များစွာနဲ့ ထိန်းချုပ်သွားမှာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ ပုဂ္ဂလိကပညာရေးကို ထိန်းချုပ်မှုထဲမှာ ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကအဆင့်မြင့်ကျောင်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းနှင့် သင်ကြားသော ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းနှင့် နိုင်ငံခြားသားပုဂ္ဂလိက ကျောင်းဆရာ ပါဝင်သင်ကြားသော ကိုယ်ပိုင်(သို့မဟုတ်) ပုဂ္ဂလိကကျောင်းလို့ စစ်အုပ်စုရဲ့ ဥပဒေထဲမှာ ရည်ညွှန်းပြောဆိုထားပါတယ်။

စစ်ကောင်စီက ပုဂ္ဂလိကကျောင်းရဲ့ ကျောင်းဆရာတွေကို သင်ကြားခွင့်ပြု မပြု ဆုံးဖြတ်မယ်၊ သင်ရိုးညွှန်းတမ်းတွေကိုလည်း ထိန်းချုပ်ထားအုံးမယ်ဆိုတော့ သူတို့ရဲ့ ဥပဒေထဲမှာ မင်းအောင်လှိုင်ဓာတ်ပုံကို ကျောင်းအုပ်ကြီးရုံးခန်းထဲ ချိတ်ဆွဲရန်ဆိုတဲ့ အချက်တစ်ချက်ပဲ ကျန်ပါတော့တယ်။

စစ်ကောင်စီက ပြဌာန်းလိုက်တဲ့ ပုဂ္ဂလိကပညာရေးဥပဒေထဲက အချက်တစ်ခုခုကို ဖောက်ဖျက်ကျူးလွန်မိရင် ထောင်ဒဏ် ၆လကနေ ၂နှစ်အထိ၊ ငွေဒဏ် သိန်း ၃ဝ ကနေ သိန်း ၅ဝဝ အထိ၊ ဒါမှမဟုတ် ပြစ်ဒဏ် ၂ခုလုံးကို ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း CDM ကျောင်းဆရာ၊ ဆရာမတွေကို ပုဂ္ဂလိကကျောင်းတွေမှာ မခန့်အပ်ဖို့ ဖိအားပေးတာတွေ လုပ်ဆောင်ခဲ့ပေမယ့် အခုတော့ ပုဂ္ဂလိကပညာရေးဥပဒေ ထုတ်ပြန်ပြီး တိုက်ရိုက် ထိန်းချုပ်တာမျိုးတွေ လုပ်လာတာဖြစ်တယ်လို့ ပညာရေး အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကကျောင်းပေါင်း ၁ဝဝဝ ကျော်ရှိနေပြီး အဲ့ဒီထဲမှာ ဒီမိုကရေစီကို နှစ်သက်မြတ်နိုးတဲ့ ကျောင်းတွေ၊ NUG ကို တိမ်းညွတ်တဲ့ကျောင်းတွေ ပါဝင်နေတာကြောင့် အခုလို ဥပဒေတွေနဲ့ ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ ဥပဒေကျွမ်းကျင်သူတချို့က ပြောပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ဟာ နိုင်ငံတကာအဆင့်မီ ပုဂ္ဂလိကကျောင်းတွေမှာ အနောက်တိုင်း ဒီမိုကရေစီယဉ်ကျေးမှုကို သင်ကြားတာတွေ ပိတ်ပင်ဖို့ တားမြစ်အရေးယူဖို့ ပုဂ္ဂလိကပညာရေးဥပဒေ ထွက်မလာခင်ကတည်းက ပြောဆိုနေခဲ့တာပါ။

ယခုနှစ် ဇန်နဝါရီ ၆ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေး မှာကတည်းက မင်းအောင်လှိုင်က နှုတ်နဲ့စေခိုင်းပြီး ပညာရေးဌာနတွေဆီ သူ့ရဲ့ခိုင်းစေချက်ကို ဖြန့်ဝေထားခဲ့တာပါ။ ပုဂ္ဂလိကကျောင်းတွေတောင် ဒီလောက်တားမြစ်ပိတ်ပင်တာတွေ များနေမှတော့ အစိုးရကျောင်းတွေဆိုရင်တော့ ပြောဖွယ်ရာ မရှိလို့ ဒီနှစ်ကျောင်းအပ်ဖို့အတွက် ဗျာများနေသူ အမည်မဖော်လိုတဲ့ အလယ်တန်းကျောင်းသူတဦးရဲ့ဖခင်က ဆိုပါတယ်။

အာဏာလု မင်းအောင်လှိုင်ဟာ တိုင်းပြည်ထဲမှာရှိတဲ့ ကျောင်းသားလူငယ်တွေကို ဒီမိုကရေစီဆိုတာ မသိရ၊ နိုင်ငံရေးဆိုတာ မပြောရ၊ ပြည်တွင်းမှာပဲ မျက်စိပိတ် နားပိတ်နေပြီး “အဘလာမည် လက်အုပ်ချီ” ဆိုတဲ့ အခြေအနေမျိုးရောက်အောင် ပုံသွင်းချင်နေတာပါ။

အာဏာရှင်တွေဟာ တိုင်းပြည် ပညာရေးကို ဖျက်ဆီးပြီး သူတို့ရဲ့ သားတွေ၊မြေးတွေကိုတော့ ပြည်ပကို လွှတ်ပြီး သင်ပညာသင်စေပါတယ်။ အကြမ်းဖက် မင်းအောင်လှိုင်ကလည်း သူ့ရဲ့ မြေးမတွေအတွက် ပုဂ္ဂလိက EMPS ကျောင်းကို ငွေကြေးထုတ် ထူထောင်တက်ရောက်စေပြီး အဲ့ဒီကျောင်းမှာ ပညာရေးဝန်ကြီးဌာရဲ့ သင်ရိုးညွှန်းတမ်းကို အင်္ဂလန်သင်ရိုးညွှန်းတမ်း၊ နိုင်ငံတကာသင်ရိုးညွှန်းတမ်းတို့နဲ့ ပေါင်းစပ်သင်ကြားစေပြီး ပန်းချီ၊ ဂီတ၊ ကာယ၊ အက တွေလည်း ပေါင်းစပ်သင်ကြားစေတယ်လို့ သိရပါတယ်။

စင်စစ် မင်းအောင်လှိုင်တို့ တစ်အုပ်လုံးဟာ တိုင်းပြည်ရဲ့ကယ်တင်ရှင်တွေလို့ ကိုယ့်ကိုကိုယ် ဂုဏ်ဆာနေတဲ့ တစ်ဘို့တည်းသမားတွေချည်းသာ ဖြစ်ပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ တရားမဝင် အကြမ်းဖက်စစ်အုပ်စုကို အမြန်ဆုံးဖယ်ရှားနိုင်မှသာ မြန်မာပြည်ရဲ့ နောက်မျိုးဆက် ကလေးငယ်တွေအတွက် စိတ်ချရမှာ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article