29 C
Yangon

ပု​လောမြို့နယ်၊ ပလမြို့မရဲစခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ခရီးသွား အမျိုးသမီး ၁ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

Must read

ပု​လောမြို့နယ်၊ ပလမြို့မရဲစခန်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ခရီးသွား အမျိုးသမီး ၁ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ

ရန်ကုန်| မေ ၂၈

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ပလမြို့မ ရဲစခန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် ခရီးသွား အမျိုးသမီးတစ်ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပြီး ၃ နှစ် အရွယ်ကလေး တစ်ဦးနှင့် အမျိုးသား တစ်ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

မေလ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့် အချိန်တွင် ပုလောမြို့နယ် ပလမြို့မရဲစခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီးကြောင့် မြိတ်-ထားဝယ် ကားလမ်းမပေါ်မှ ခရီးသွားပြည်သူ အမျိုးသမီး ထိခိုက်သေဆုံးခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အဆိုပါ ရဲစခန်းမှ လက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပလမြို့မရဲစခန်းမှ ၂ မိုင်ခန့်ကွာဝေးသည့် မင်းပြင်ကျေးရွာထဲသို့ လက်နက်ကြီး ကျရောက်ခဲ့၍ ဒေသခံ အရပ်သားနှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ပလေမြို့ဒေသခံ တစ်ဦးက ပြောသည်။

“ပလမှာ တိုက်ပွဲကဖြစ်တာ မရှိဘူး၊ ရဲစခန်းကနေ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက် သေဆုံးခဲ့တာ ဖြစ်တယ်”ဟု ပြောသည်။

သေဆုံးသူသည် အသက် ၃၈ နှစ်ဝန်းကျင်အရွယ် ဒေါ်တေဇာဝင်း ဖြစ်ပြီး နောက်ထပ် ဒဏ်ရာရသည်သူများမှာ မင်းပြင်ကျေးရွာ မှ ဟု သိရသော်လည်း ၎င်းတို့၏ အမည်များကို မရှိရသေးပေ။

ပလမြို့မ ရဲစခန်းအတွင်း စစ်သားနှင့် ရဲတပ်ဖွဲ့ဝင်များနေထိုင်ကြပြီး မကြာခဏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ ထိခိုက်သေဆုံးတာမျိုး ရှိခဲ့ကြောင်း ဒေသခံအများစု ထိုသို့အကြောင်းမဲ့ ပစ်ခတ်နေမှုကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူများ အများအပြား ရှိနေသည်။

ပလမြို့ခံ နောက်ထပ် ဒေသခံတစ်ဦးက “ပလမှာက ရဲစခန်းကို အခုနှစ်ထဲမှာ ၂ ကြိမ် ထက် မနည်း တိုက်ခိုက်ခံထားရတော့ စစ်တပ် အခုလို အရပ်သားတွေ ရှိတဲ့ ရွာတွေကို လက်နက်ကြီးတွေ ပစ်နေလို့ အချို့ရွာတွေမှာ လူတွေ မရှိကြဘူး ထွက်ပြေးနေရတယ်”ဟုပြောသည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်နေ့ကလည်း ပုလောမြို့နယ် မန်ကျဉ်းကုန်း တိုက်ပွဲတွင် မြိတ်မှ ထားဝယ်ဘက်သို့ တက်လာသော တနင်္သာရီရိုးမ ခရီးသည်ကား ကျည်ထိမှန်ပြီး ကားပေါ်ပါ အမျိုးသမီးတစ်ဦး သေဆုံးခဲ့သလို မန်ကျဉ်းကုန်းကျေးရွာမှ အရပ်သားတစ်ဦးလည်း ကျည်ထိမှန် သေဆုံးခဲ့သည်။

ပုလောမြို့နယ်သည် စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကို ယခုနှစ် ဖေဖော်ဝါရီလတွင် ကြေညာထားသည့် ဒေသလည်း ဖြစ်သည်။

(Western News-WN သည် ရန်ကုန်​ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article