ရေစကြိုမြို့နယ်တွင် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ပြီး ၃ ရက်ဆက် ကျေးရွာ ၁၈ ရွာကို မီးရှို့ဖျက်ဆီး၊ စစ်ဘေးရှောင် ပြည်သူ ၂၁၀၀၀ ကျော် စားဝတ်နေရေး ခက်ခဲနေ
ရန်ကုန်၊ မေ ၃၀
မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၃ ဦးကို ပစ်သတ်ပြီး ၃ ရက်ဆက် ကျေးရွာ ၁၈ ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရှိရသည်။
မေလ ၂၆ ရက်နေ့မှ စတင်ကာ မေလ ၂၈ ရက်နေ့အထိ အကြမ်းဖက် စစ်တပ်က ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို အကြမ်းဖက် စစ်တပ်က နေ့စဥ် ရက်ဆက် စစ်ကြောင်း ထိုးဝင်ရောက်ပြီး ကျေးရွာ ၁၈ ရွာကို ဝင်ရောက် စီးနင်း မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူ ၃ ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။
ရေလယ်ကျွန်းဒေသရှိ နေအိမ် မီးရှို့ဖျက်ဆီး ခံရသည့် ကျေးရွာများမှ ပြည်သူများနှင့် အနီးအနားကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူ ၂၁၀၀၀ ကျော်သည် စားဝတ်နေရေး ခက်ခဲနေသောကြောင့် အလှူရှင်များ အနေဖြင့် လှူဒါန်းပေးကြရန် ရေစကြိုမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ မေတ္တာရပ်ခံ တိုက်တွန်းနှိုးဆော်ထားသည်။
အကြမ်းဖက် စစ်တပ်သည် မေလ ၂၆ ရက်နေ့မှ စ၍ စစ်ကြောင်း ၃ ကြောင်းဖြင့် ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး မေလ ၂၆ ရက်နေ့တွင် မိဖုယားရွာ ၊ ကျွဲကုန်းရွာ ၊ လှေခုတ်ရွာ ၊နွယ်နီရွာ၊ ဆင်တဲရွာ ၊ ပေါက်အူရွာ တို့ကို လည်းကောင်း ၊ မေလ ၂၇ ရက်နေ့တွင် မြေတော်ရွာ ၊ ဆည်သည့်မြင်ရွာ ၊ဘိဇပ်ကုန်းရွာ ၊ မြေစွန်းရွာ၊ညောင်မွှေးပင် ရွာ ၊ကိုင်း ရွာ၊ ရေယှားရွာ၊ နန်းဦးရွာတို့ကို လည်းကောင်း၊ မေလ ၂၈ ရက်နေ့တွင် ချင်းယားရွာ ၊ မိုးဖြူရွာ ၊မိုးကွဲရွာနှင့် နန်းဦးကျေးရွာ တို့ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့ပြင် ချင်းတွင်းမြစ်ကမ်းတွင် ရပ်နားထားသော စက်လှေ ၁၅ စီး ကိုလည်းကောင်း မီးရှို့ ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မေလ ၂၈ ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီဝင်များ၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရရှိထားသည့် ပြည်သူအချို့အပါအဝင် ပြည်သူများကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ရေစကြိုမြို့နယ်က ထုတ်ပြန်ထားသည်။