28 C
Yangon

ထားဝယ်၊ သင်္ကန်းတုန်းရွာကို စစ်တပ်က စီးနင်း ပစ်ခတ်မှု​ ထိခိုက် သေဆုံးသူနှင့် ဖမ်းဆီးခံရသူများရှိပြီး ရွာကိုမီးတင်ရှို့နေ၊ ထားဝယ်မြို့တွင် ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်သတ်

Must read

ထားဝယ်၊ သင်္ကန်းတုန်းရွာကို စစ်တပ်က စီးနင်း ပစ်ခတ်မှု​ ထိခိုက် သေဆုံးသူနှင့် ဖမ်းဆီးခံရသူများရှိပြီး ရွာကိုမီးတင်ရှို့နေ၊ ထားဝယ်မြို့တွင် ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ မေ ၃၁

တနင်္သာရီတိုင်း ထားဝယ်မြို့နယ်၊ အရှေ့တောနယ်က သင်္ကန်းတုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်သည် ယနေ့ မေ ၃၁ ရက် နံနက် ၇ နာရီဝန်းကျင်တွင် ဝင်ရောက် စီးနင်းပြီး ပြည်သူများကို သေနတ်နှင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ သေဆုံးသူများရှိပြီး သားအမိ ၂ ဦးလည်း ကျည်ထိမှန်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ပထမဆုံး သားမိနှစ်ယောက် ပစ်ခံရတယ်။ ကလေးက ခြေမှာ ကျည်ထိတယ်။ အမေကလက်မောင်းမှာ ထိတယ်။” ဟု ဒေသခံတစ်ဦးက ပြော‌ကြားသည်။

အကြမ်းဖက် စစ်တပ်၏ ပစ်ခတ်မှုကြောင့် သေဆုံးသူများရှိပြီး အမျိုးသားနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း၊ သေဆုံးသူနှင့် ဖမ်းဆီးခံရသူကို မသိရှိရသေးကြောင်း၊ အကြမ်းဖက် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ် ၂ လုံးကိုလည်း မီးရှို့ဖျက်ဆီးထားပြီး လက်ရှိအချိန်တွင် သင်္ကန်းတုန်းကျေးရွာထဲမှ ထွက်ခွာခြင်းမရှိသေးကြောင်း ဒေသပြည်သူများက ပြောကြားသည်။

သင်္ကန်းတုန်းရွာသို့ ဝင်ရောက်နေသည့် အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရေဝိုင်းရွာကို ဝင်ရောက်ခဲ့သည့် စစ်ကြောင်းဖြစ်ပြီး မေလ ၃၀ ရက်နေ့တွင် မြင်းမတ်တပ်ရွာဘက်မှ တောလမ်းအတိုင်း စစ်ကြောင်း ၃ ကြောင်းအထိခွဲကာ သင်္ကန်းတုန်းရွာထဲကို ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ မြင်းမတ်တပ်ရွာအနီးတွင် ‌တော်လှန်းရေးအဖွဲ့များနှင့် နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အသေးစိတ်အခြေအနေကို မသိရှိရသေးကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

ထို့ပြင် ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ စောမိညိုလမ်းဆုံအနီးတွင်လည်း ထားဝယ်မြို့ခံ ၂ ဦးကို မေလ ၃၀ ရက်နေ့ ည ၉ နာရီခွဲအချိန်တွင် ကင်ပုန်းဝပ်နေသည့် စစ်သားများက ပစ်သတ်ပြီး ရုပ်အလောင်းများကို ဆိုင်ကယ်နှင့် အတူ မီးရှို့ ဖျောက်ဖျက်ခဲ့​ကြောင်း ထားဝယ်ဒေသ ပြည်သူများထံမှ သိရှိရသည်။

စစ်တပ် ပစ်သတ်ခဲ့သည့် ပြည်သူ ၂ ဦးသည် ဇရစ်ရပ်ကွက်တွင် နေထိုင်သည့် အသက် ၃၈ နှစ်အရွယ် ကိုဟိန်းဇော်အောင်နှင့် ကိုအောင်အောင်တို့ဖြစ်ပြီး လမ်းဘေးခွေးများကို အစာကျွေးရန် အသွား၌ စစ်သားများက ပစ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“အမြဲလည်း အစာသွားကျွေးနေကျပဲ။ ညကသူငယ်ချင်းနှစ်ယောက် ဆိုင်ကယ် ၂စီးနဲ့ သွားတာ။ အစာကျွေးနေတုန်း အချိန်မှာပဲ လှမ်းပစ်တာလို့ ကြားတယ်” ဟုပစ်သတ်ခံရသူနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

အကြမ်းဖက် စစ်သားများသည် ပြည်သူ ၂ ဦးကို ပစ်သတ်ပြီးနောက် စီးလာသည့် ဆိုင်ကယ်နှင့်အတူ အလောင်းကိုပါ ရောပြီး မီးရှို့ ဖျောက်ဖျက်ခဲ့ကြောင်း၊ ပစ်သတ်ခံရသူ ၂ ဦးထဲမှ တစ်ဦးကိုသာ မီးရှို့ခဲ့ကြောင်း ပြောကြသည်များလည်း ရှိပြီး မည်သူ့ကို မီးရှို့ခဲ့သည်ကို အတိအကျ မသိရှိရသေးကြောင်း ဒေသများက ပြောဆိုသည်။

“အဲဒီနားမှာ သွေးကွက်နဲ့ ဆိုင်ကယ်မီးရှို့ထားတဲ့အကွက်ကြီးကျန်ခဲ့တယ်” ဟု ယနေ့ နံနက်တွင် အဆိုပါ နေရာသို့ သွားရောက် ကြည့်ရှုခဲ့သည့် ပြည်သူ တစ်ဦးက ပြောကြားသည်။

အကြမ်းဖက် စစ်သားများသည် မီးရှို့မှု ပြုလုပ်ပြီးနောက် ဆိုင်ကယ်နှင့် ရုပ်အလောင်းများကို ကားနှင့် တင်ဆောင်သွားကြောင်း၊ မေလ ၃၀ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သေနတ် အချက်ရေ ၁၀၀ ဝန်းကျင်ခန့် ပစ်ခတ်ခဲ့ပြီး ပေါက်ကွဲသံများကိုလည်း ကြားရကြောင်း ‌၊ ပစ်သတ်ခံရသူ ပြည်သူနှစ်ဦး၏ ရုပ်အလောင်းများသည် ထားဝယ်ဆေးရုံကြီးရှိ ရင်ခွဲရုံတွင် ရှိနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

(The Tanintharyi Times သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article