30 C
Yangon

မော်လိုက်တွင် စစ်တပ်က ကပ္ပိယ ဦးဘချစ်ကို သတ်ဖြတ်ပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခေါ်သွား

Must read

မော်လိုက်တွင် စစ်တပ်က ကပ္ပိယ ဦးဘချစ်ကို သတ်ဖြတ်ပြီး ပြည်သူ ၂ ဦး ဖမ်းဆီးခေါ်သွား

ရန်ကုန်၊ ဇွန် ၁

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ မှန်ပြင်အုပ်စု၊ တောင်တွင်းကျေးရွာအနီးရှိ ကျောက်ချောတောင် ဘုန်းကြီးကျောင်းမှ အသက် ၆၀ အရွယ် ကပ္ပိယ ဦးဘချစ်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ် လိုက်ကြောင်း ဒေသပြည်သူများက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၃၁ ရက် နံနက်ပိုင်း စစ်သား၊ ပျူစောထီးပူးပေါင်းကာ တောင်တွင်း ကျေး ရွာအတွင်းရှိ ရွာမ ဘုန်းကြီးကျောင်းနှင့်ကျောက်ချောတောင်ဘုန်း ကြီး ကျောင်းအတွင်းသို့ ဝင်ရောက်ပြီး PDF တပ်ဖွဲ့ ခေါင်း ဆောင် ၂ ဦးကို ရှာဖွေခဲ့ကြောင်း၊ ထို့သို့ရှာဖွေစဉ် ဘုန်းကြီးကျောင်း၌ ကပ္ပိယလုပ်နေ သူ အသက် ၆၀ အရွယ် ဦးဘချစ်၊ ဘုန်းကြီးကျောင်းအတွင်း ပန်းရံ၊ လက်သမားလုပ်နေသူ အသက် ၅၀ ကျော် အ ရွယ် ကိုမောင်အေးနှင့် အလုပ်သမား အသက် ၁၅ နှစ်အရွယ်ဖိုးချစ်တို့ကို ဖမ်းဆီးခဲ့ ကြောင်း၊ ယင်းနောက် ကပ္ပိယ ဦးဘချစ်ကို သတ်ဖြတ်ပြီး ကျန် ၂ ဦးကို ဖမ်ဆီးသွားကြောင်း သိရ သည်။

“သူတို့လာတော့ ရွာထဲက ပြည်သူတွေလည်းပြေးနေကြရတာပေါ့၊ သူလည်းပြေးနေရတာပဲ၊ တောင်ပေါ်ကျောင်း မှာ သူ့ကို အစောင့်ထားခဲ့တာ၊ ဆရာတော်က ကျောင်းမှာ မရှိဘူး။ ထွက်ပြေးတိမ်းရှောင်နေတယ်၊ နောက်ပြီးတော့ ကို မောင် အေးကလက်သမား၊ ကျောက်ချောတောင်ပေါ်က ဘုန်းကြီးကျောင်း၊ ဘုရားတွေကို ပြုပြင် လုပ်ကိုင် နေတဲ့သူ။ စစ်ခွေးတွေဝင်လာလို့ ပုန်းနေကြတာ၊ ပုန်းပေမယ့် ကံမကောင်းစွာပဲ သူတို့ ပုန်းနေတဲ့နေရာ အနီးအနားက မိုင်းတွေရော၊ လူရောတွေ့သွားတာ၊ အမှန်က ဦးဘချစ်ဆိုတာ ဘာနိုင်ငံ ရေး၊ ဘယ်အဖွဲ့အစည်းမှ ထဲထဲဝင်ဝင်လုပ်တဲ့သူမဟုတ်ဘူး၊ ကိုမောင်အေးဆိုတာလည်း သာသနိက အ ဆောက်အအုံတွေ ဆောက်နေတဲ့ လက်သမားဆရာပဲ၊ နိုင်ငံရေးတွေဘာတွေညာဘာမှ မလုပ်ဖူး၊ ဖိုးချစ် ဆိုတဲ့ကလေးက ရှင်ပြုပြီးတာတောင် မကြာသေးဘူး၊ ကိုမောင်အေးက သူ့တပည့်အဖြစ်ခေါ်ထားတာ” ဟု မော်လိုက်မြို့နယ်တွင်နေထိုင်သူ ပြည်သူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က သစ်ခေါင်းကြီးဟု‌ခေါ်တွင်သော လယ် ကျင်းထဲတွင် ကပ္ပိယဖြစ်သူ ဦးဘချစ်ကို ဦးခေါင်းတစ်ချက်၊ ရင်ဘတ်တစ်ချက်၊ ခါးတစ်ချက် ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းပွင့်ထွက် ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

“ ဦးဘချစ်ကို လက်ကို ခေါင်းပေါ်တင်ခိုင်းပြီး ပစ်သတ်သွားတာ၊ ကိုမောင်အေးနဲ့ ဖိုးချစ်ဆိုတဲ့နှစ်ယောက်ကိုတော့ ရက်ရက် စက်စက်ပဲ ထိုးကြိတ်ဖမ်းခေါ်သွားတာ၊ မြင်လိုက်တဲ့သူတွေက မြင်လိုက်တယ်၊ မော်လိုက်ဖက် ကိုခေါ်သွားတာလား၊ ပျူစောထီးတွေ အားကောင်းတဲ့ ကင်းတပ်တို့ အော်ဇီးကုန်တို့ဘက်ကို ခေါ်သွား တာလား မသိဘူးဗျ၊ သူတို့ကိုလည်း စိတ်ပူတယ်၊ သူတို့က ဘာမှ မလုပ်တဲ့သာမန်ပြည်သူတွေပါ၊” ဟု မော်လိုက်မြို့နယ်ပြည်သူက ပြောဆိုသည်။

စစ်တပ်က ပစ်ခတ်သတ်ဖြတ်ထားခဲ့သော ဦးဘချစ်၏ ရုပ်အလောင်းကို ယမန်နေ့ ညနေပိုင်း တွင်ဒေသပြည်သူများက ကောက်ယူသင်္ဂြိုလ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

မော်လိုက်မြို့နယ်၊ တောင်တွင်းဒေသတွင် မေလ ၁၂ ရက်နေ့မှ ယနေ့အထိ တိုက်ပွဲပြင်းထန်နေပြီး အကြမ်း ဖက်စစ်ဗိုလ်တစ်ဦးအပါအဝင် အကြမ်းဖက်စစ်သား၊ ပျူစော ထီး အများအပြား သေဆုံးခဲ့ကြောင်း၊ ထိုသို့ အထိနာခဲ့သည့်အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်၊ တင့်ကားအပါအဝင် အင်အားအလွန်အကျွံ အသုံး ပြုတိုက်ခိုက်နေကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၃ ကျဆုံးထားကြောင်း သိရသည်။

ဓာတ်ပုံ- ယခုရက်ပိုင်း ချောင်းဦးမြို့နယ်တွင် ပြည်သူတစ်ဦးကို စစ်တပ်က ပစ်ခတ်သတ်ဖြတ်ထားစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article