တရားမဝင် စစ်အုပ်စုအတွက် ခေတ်သစ်ဆောင်ပုဒ် သို့မဟုတ် “တပ်မတော် အင်အား ချိမှ တိုင်းပြည်အင်အား ရှိမည်”
By လမ်းသစ်
တိုင်းပြည်အာဏာကို လက်နက်ပြ ခြိမ်းခြောက်ပြီး မတရားသဖြင့် လုယူထားတဲ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်တို့ စစ်အုပ်စုဟာ လက်ရှိမှာ မြန်မာ နိုင်ငံအနှံ့ စစ်မျက်နှာ ဖြန့်ကျက်ထားရပြီး သူတို့တွေအနေနဲ့ ကိုယ့်အသက်အန္တရာယ်အတွက် သတိအနေအထားနဲ့ နေနေရပါတယ်။ ဒါဟာ ဘာဖြစ်လို့လဲဆိုရင် မြန်မာစစ်တပ်ဟာ ပြည်သူအားလုံးရဲ့ ဘုံရန်သူ ဖြစ်နေလို့ပါပဲ။
အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေ သေတဲ့လူကသေ၊ ပြည်သူ့ရင်ခွင် ခိုလှုံတဲ့လူက ခိုလှုံနေတာကြောင့် တပ်ဖွဲ့ဝင်အင်အားလည်း တစတစ လျော့နည်းလာပြီး အင်အားချိနဲ့ လာနေပါပြီ။
ဖက်ဆစ်စစ်တပ်နဲ့ ပတ်သက်လို့ မြန်မာပြည်သူတွေရဲ့ ခေတ်သစ်ဆောင်ပုဒ်ကလည်း တပ်မတော် အင်အား ‘ချိ’ မှ တိုင်းပြည်အင်အား ရှိမည် ဆိုတာမျိုး ဖြစ်နေပါပြီ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်တပ်ရဲ့ တပ်သားအင်အားက နှစ်သိန်းခွဲ မပြည့်ဘူးလို့ “ပြည်သူ့ကာကွယ်ရေးကဏ္ဍအခြေပြ” စာတမ်းမှာ ထည့်သွင်း ဖော်ပြထားပါတယ်။
စစ်အုပ်စုဘက်က သူ့ရဲ့ အင်အားနဲ့ ကျဆုံးမှုစာရင်းတွေကို လျှို့ဝှက်ထားပေမယ့် အာဏာသိမ်းပြီးနောက် ၂ နှစ်တာ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား သုံးသောင်းဝန်းကျင် သေဆုံးခဲ့တယ်လို့ NUG က ထုတ်ပြန်ခဲ့ပါတယ်။ CDM လုပ်လာတဲ့ စစ်သားနဲ့ရဲ အရေအတွက်ဟာလည်း တစ်သောင်း သုံးထောင်ကျော် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
“တိုက်ပွဲမရှိတဲ့ ကာလတွေမှာတောင် စစ်တပ်က လူလျော့နေတဲ့ ကာလတွေရှိတယ် (တပ်က ထွက်ပြေးတာမျိုး)။ စစ်ရေးချုပ်၊ စစ်ထောက်ချုပ်၊ ဗိုလ်ချုပ်ကြီးအဆင့်တွေကအစ စစ်တပ်ရဲ့ အမှန်အင်အားကို မသိဘူး။ စစ်တပ်ရဲ့ အင်အားက ကျနော်တို့ ခန့်မှန်းတာထက် လျော့နည်းဖို့ပဲရှိမယ်။ များနိုင်ဖို့ မရှိဘူး” လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
မြန်မာ့အရေးကျွမ်းကျင်သူ ဦးရဲမျိုးဟိန်းရဲ့ မေလမှာ ထုတ်ပြန်တဲ့ စာတမ်းအရ စစ်တပ်ရဲ့ ကြည်း၊ ရေ၊ လေ စုစုပေါင်း အင်အား တစ်သိန်းခွဲခန့်သာ ရှိနိုင်ပြီး မြန်မာ့အရေးလေ့လာသူ Anthony Davis ကလည်း စစ်အုပ်စုအင်အားဟာ တစ်သိန်းကနေ တစ်သိန်းနှစ်သောင်းအတွင်းသာ ရှိတော့တယ်လို့ ဆိုထားပါတယ်။
နိုင်ငံတစ်ဝန်း နွေဦးတော်လှန်ရေး စစ်ပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ လူအင်အား မလုံလောက်တာကြောင့် စစ်တပ်ထဲရောက်လာခါစ လူတချို့ကိုတောင် အချိန်တိုသင်တန်းမျိုးပေးပြီး ရှေ့တန်းပို့ပြီး သေတွင်းတူးခိုင်းတာတွေ ရှိနေပါတယ်။ သူတို့အရင်က တပ်သားအသစ် စုဆောင်းရရှိနိုင်တဲ့ နေရာဒေသမျိုးတွေဟာလည်း အခုတော့ စစ်တလင်းအဖြစ် အသွင်ပြောင်းသွားပြီး သူတို့ကို ခုခံတိုက်ခိုက်နေကြပါပြီ။
အာဏာရှင်ကို ဖီဆန်တဲ့ နွေဦးတော်လှန်ရေးဟာ ကျေးလက်ဒေသတွေမှာတင်မက မြို့ပြတွေအထိပါ ဖက်ဆစ် စစ်တပ်ကို ခြိမ်းခြောက်နေကြတာပါ။ ရန်ကုန်တိုင်းမှာဆိုရင် ၂ နှစ်အတွင်း စစ်ဆင်ရေး ၂ဝဝဝ ကျော် ပြုလုပ်ခဲ့ပြီး စစ်အုပ်စုဘက်က ဗိုလ်မှူးကြီးအဆင့် အပါအဝင် ၆ဝဝ ကျော်သေဆုံးပြီး ၉ဝဝ ကျော် ဒဏ်ရာရခဲ့တယ်လို့ NUG ရဲ့ ရန်ကုန်တိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်ကတော့ ၈ဝ နီးပါး သေဆုံးပြီး ၁ဝဝဝ ကျော် အဖမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။
အခုဆိုရင် ရန်ကုန် PDF တပ်ရင်း ၅၁ဝ၁ ကို တည်ထောင်လိုက်တဲ့ ကြေညာချက်ကြောင့် စစ်အုပ်စုဟာ ရန်ကုန်တစ်တိုင်းလုံးကို လုံခြုံရေး တပ်လှန့်ထားတယ်လို့ သိရပါတယ်။
မင်းအောင်လှိုင်ရဲ့ အကြမ်းဖက် စစ်တပ်ဟာ ၂ နှစ်ကျော်ကာလအတွင်း ရုရှား၊ တရုတ်၊ စင်ကာပူ၊ အိန္ဒိယနဲ့ ထိုင်း နိုင်ငံတို့ဆီက အမေရိကန်ဒေါ်လာ တစ်ဘီလီယံထက်မနည်း စစ်လက်နက် ပစ္စည်းတွေ ဝယ်ယူထားတာပါ။ လက်နက်ကောင်းတွေ များစွာရှိပေမယ့် အဲ့ဒါတွေကို မြေပြင်နဲ့ ဟန်ချက်ညီညီ အသုံးပြုနိုင်မယ့် တပ်သားအင်အားကတော့ တဖြည်းဖြည်း လျော့နည်းလာပါတယ်။
မြေပြင်တိုက်ပွဲတွေမှာ ဘယ်လိုမှ မစွမ်းသာတဲ့ စစ်အုပ်စုဟာ ဝေဟင်တိုက်ပွဲကို အဆက်မပြတ် ဆင်နွှဲလာခဲ့တဲ့အတွက် အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် လူ ၆၃ဝ ကျော် သေဆုံးခဲ့တယ်လို့ ဉာဏ်လင်းသစ် သုတေသနအဖွဲ့က မေလ နောက်ဆုံးပတ်မှာ ထုတ်ပြန်ထားပါတယ်။
မင်းအောင်လှိုင်ဟာ ကျဆင်းလာတဲ့ စစ်အင်အားကို ကာမိဖို့အတွက် လေယာဉ်နဲ့ လက်နက်တွေကို ခေတ်မီအောင် စီစဉ်ခဲ့တယ်လို့ အကဲခတ်တချို့က သုံးသပ်ကြပါတယ်။ စစ်လက်နက်တွေ ဘယ်လိုပဲ ကောင်းကောင်း စစ်ပွဲအတွက် အဓိကကျတဲ့ စိတ်ဓာတ်ရေးရာမှာ စစ်ကောင်စီဟာ အလဲလဲအကွဲကွဲ ဖြစ်နေတာကိုတော့ အားလုံးမြင်နေရပါပြီ။
နိုင်ငံတကာ သံတမန်ဆက်ဆံရေးမှာလည်း မင်းအောင်လှိုင်ရဲ့စစ်အုပ်စုဟာ ခေတ်အဆက်ဆက် အဆိုးဝါးဆုံး အခြေအနေရောက်နေတယ်လို့ ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က RFA အင်တာဗျူးမှာ ပြောခဲ့ပါတယ်။
ပြည်တွင်းရော ပြည်ပမှာပါ အရေးနိမ့်ပြီး ခုခံစစ်အနေအထား ရောက်နေတဲ့ စစ်အုပ်စုကို အနိုင်ယူတဲ့အဆင့်ဆီ တက်လှမ်းရမယ်လို့ သူကဆိုပါတယ်။
မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ CSIS ရဲ့ သုတေသီ ဒေါက်တာ မိုက်ကယ်မာတင်ဟာ ပြီးခဲ့တဲ့နှစ်က မြန်မာပြည်နယ်စပ်ဒေသတွေကို သူရောက်ရှိချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြင်တွေ့ခဲ့ရတဲ့အခြေအနေနဲ့ ပတ်သက်ပြီး
“မျက်မြင်ကိုယ်တွေ့ အချက်တွေအရ မြန်မာစစ်တပ်က စစ်သားတွေဟာ စိတ်ဓာတ်ရေးရာ အင်မတန် ပျက်ပြားနေပါတယ်။ သူတို့မှာ စိတ်ဓာတ်တက်ကြွစရာရယ်လို့လည်း မရှိ။ မျှော်လင့်ချက်၊ ခံယူချက်၊ ယုံကြည်ချက်ရယ်လို့လည်း မရှိပါဘူး။ ဒီကြားထဲမှာ ပြည့်စုံလုံလောက်တဲ့ အထောက်အပံ့မျိုးလည်း မရပါဘူး”
“အဘက်ဘက်မှာ အခြေအနေတွေဆိုးနေပြီး အရည်အသွေးတွေကလည်း နိမ့်ကျနေပါတယ်။ လူအင်အားကစလို့ စိတ်ဓာတ်ပိုင်းရော၊ ရုပ်ဝတ္ထုပစ္စည်းပိုင်းမှာပါ အဘက်ဘက်က ယိုယွင်းနေပါတယ်” လို့ BBC သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။
ဒါပေမယ့် စစ်ရေးအရ ပြတ်ပြတ်သားသား အနိုင်ယူဖို့ကတော့ လွယ်လွယ်နဲ့ ဖြစ်မှာမဟုတ်ဘဲ ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကြီးဖြစ်လိမ့်မယ်လို့ သူကဆိုပါတယ်။
တကယ်တမ်း မြန်မာပြည်သူတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ အရေးကြီးသလို တပြိုင်နက်မှာပဲ အကြမ်းဖက်စစ်အုပ်စုဆီ လက်နက်ရောင်းချမှုတွေကို ပိတ်ပင်ဖို့၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE အပါအဝင် စစ်တပ်ရဲ့ အဓိကကျတဲ့ ဝင်ငွေစီးဆင်းမှု လမ်းကြောင်းတွေကို ပိတ်ဆို့အရေးယူပေးဖို့နဲ့ စစ်အုပ်စုကို နိုင်ငံရေးအရ ဘက်ပေါင်းစုံ ဖိအားပေးဖို့တွေအတွက် နိုင်ငံတကာရဲ့ ပူးပေါင်းမှုကလည်း အရေးပါတဲ့ကဏ္ဍမှာ ရှိနေပါတယ်။
စစ်ရာဇဝတ်မှုတွေ မျိုးစုံကျူးလွန်နေတဲ့ ဖက်ဆစ် စစ်တပ်အနေနဲ့ ဘက်ပေါင်းစုံမှာ အင်အားချိနဲ့လာမှသာ နွေဦးတော်လှန်ရေးဟာ မြန်မာပြည်သူတွေ လိုချင်တောင့်တနေတဲ့ ပန်းတိုင်ဆီကို မြန်မြန်ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။