32 C
Yangon

မြန်မာသည် စစ်အေးတိုက်ပွဲသစ်၏ ရှေ့တန်းစစ်မျက်နှာ ဖြစ်လာမလား

Must read

မြန်မာသည် စစ်အေးတိုက်ပွဲသစ်၏ ရှေ့တန်းစစ်မျက်နှာ ဖြစ်လာမလား

By Ye Myo Hein နှင့် Lucas Myers

၂၀၂၁ ခုနှစ်အစောပိုင်း စစ်အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံသည် အလွန်အမင်း ထိန်းမနိုင်သိမ်းမရ အခြေအနေသို့ ရောက်ရှိနေသည်။ စစ်ကောင်စီအား လူထု၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုဖြင့် စတင်ခဲ့သော အရေးအခင်းသည် လက်နက်ကိုင် တော်လှန်ရေးအဖြစ် ပိုမိုပြင်းထန်လာပြီး တိုင်းပြည်၏ နယ်မြေ အများအပြားမှာ အသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားလာသော ပြည်တွင်းစစ်အတွင်း သက်ဆင်းသွားခဲ့သည်။

ထိုအချိန်မှစ၍ ပဋိပက္ခသည် ရှည်ကြာသော ဆူပူသောင်းကျန်းမှုအသွင်သို့ ကူးပြောင်းသွားပြီး အသစ်ပေါ်ထွန်းလာသည့် ဒီမိုကရေစီဘက်တော်သား အင်အားစုများသည် စစ်အုပ်စုကို ဆယ်စုနှစ်များနှင့်ချီ၍ ဆန့်ကျင် တိုက်ခိုက်နေခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အုပ်စုများနှင့် အတူယှဉ်တွဲ၍ တိုက်ပွဲဝင်လာကြသည်။

မဟာဗျူဟာကျကျ ရှေ့မတိုး နောက်မဆုတ်သာ အနေအထားသို့ ရောက်ရှိနေသည့် လက္ခဏာများ ပိုမိုတွေ့မြင်လာရချိန်၌ပင် စစ်တပ်နှင့် တော်လှန်ရေး အင်အားစု နှစ်ဖက်စလုံးကမူ ဆက်လက်တိုက်ခိုက်နေရန် စိတ်ပိုင်းဖြတ်ထားကြပုံရသည်။

အိမ်နီးနားချင်းနိုင်ငံများက ကြားဝင်ဖြန်ဖြေရန် ကြိုးပမ်းခဲ့သော်လည်း စေ့စပ်ညှိနှိုင်း ရရှိမည့် ငြိမ်းချမ်းရေး ဆိုသည်ကိုမူ အရိပ်အယောင်မျှပင် မတွေ့မြင်ကြရသေးပေ။

အင်အားကြီး နိုင်ငံများအကြား တင်းမာမှုများ ပိုမိုပြင်းထန်စွာ ပွင့်အံထွက်ကျလာသည့် အချိန်ကာလ ဖြစ်လင့်ကစား လွန်ခဲ့သော နှစ်နှစ်တာကာလအများစုအတွင်း မြန်မာ့အရေးအပေါ် အမေရိကန်နှင့် တရုတ်တို့၏ အာရုံစိုက်မှုကို အနည်းအကျဉ်းမျှသာ ရရှိခဲ့သည်။

ဝါရှင်တန်နှင့် ၎င်း၏မိတ်ဖက်များသည် မြန်မာ့ဒီမိုကရေစီ လိုလားသောအုပ်စုကို ထောက်ခံကြောင်း ပြောဆိုခဲ့ကြသော်လည်း စစ်ကောင်စီအပေါ် ပြင်းထန်သော အရေးယူမှုများ ချမှတ်လိုစိတ်ရှိမှုကိုမူ ပထဝီနိုင်ငံရေး ချင့်ချိန်စဉ်းစားစရာ အချက်များက အကန့်အသတ် ဖြစ်စေလျက်ရှိသည်။

အချို့ရှုထောင့်များ၌ ဘေဂျင်းက စစ်အာဏာရှင်စနစ်ကို လိုလားသော်လည်း အစကနဦးတွင် အခြေအနေ စောင့်ကြည့်မည့် လမ်းကြောင်းကိုသာ ရွေးချယ်ခဲ့သည်။ သို့သော် အင်အားကြီးနိုင်ငံ၏ ထိန်းထိန်းသိမ်းသိမ်းရှိမှုသည် ယခုအခါ စတင်ပြိုလဲလာခဲ့ပြီ ဖြစ်သည်။

ဖြစ်ပေါ် တိုးတက်မှု အများအပြားအား စစ်ကောင်စီ ဆန့်ကျင်ရေး အင်အားစုများမှာ အမေရိကန် ကိုယ်ပွားများဖြစ်ကြောင်း ညွှန်ပြချက်များဟု လွဲမှားစွာ သဘောပေါက်ရင်း ဘေဂျင်းသည် စစ်ကောင်စီကို ကျားကန်ပေးရန် ပိုမိုတိုးမြှင့် စိတ်ပိုင်းဖြတ်မှုများဖြင့် အကွက်ရွှေ့လာသည်။

ရလဒ်မှာ စစ်အေးတိုက်ပွဲ အသွင်ဆောင်လာခြင်းဟု ဆိုနိုင်ပြီး ဘာမှမလုပ်ဘဲ နေခြင်းက အခြားတစ်ဖက်ကို အကျိုးရှိစေလိမ့်မည်ဟု တစ်ဖက်ကိုတစ်ဖက် စိုးရိမ်မကင်းဖြစ်ကာ မြန်မာ့ပြည်တွင်းစစ်သည် ပြိုင်ဖက်အင်အားကြီး နိုင်ငံများ၏ ပြင်ပမှ ဝင်ရောက်ခြေရှုပ်မှုကို ဖိတ်ခေါ်ဆွဲဆောင်နေလျက် ရှိသည်။

ဤအခြေအနေက ဒေသတွင်းနိုင်ငံများ၊ အထူးသဖြင့် အရှေ့တောင်အာရှ နိုင်ငံများ အသင်းဝင်နိုင်ငံများကို စိတ်ကသိကအောင့် ဖြစ်စေခဲ့သည်။ အာဆီယံအဓိက မူဝါဒများအနက်တစ်ခုမှာ အမေရိကန်ပြည်ထောင်စု နှင့် တရုတ်အကြား တစ်ခုခုကိုရွေးချယ်ရန် အတင်းအကြပ် စေခိုင်းခံရလောက်အောင် ကြားမညပ်စေရေး ဖြစ်သည်။

ထိုသို့ ဘက်ရွေးရခြင်းထက် အင်အားကြီး နှစ်နိုင်ငံလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးများ ထိန်းသိမ်းထားရန် အာဆီယံအဖွဲ့က အလေးထားသည်။

သို့သော် အစောပိုင်းက စစ်ကောင်စီအပေါ် ညီညီညွတ်ညွတ် ဆန့်ကျင်ရန် ဒေသတွင်းအချို့ အစိုးရများက မလိုလားမှု၏ တစ်စိတ်တစ်ပိုင်း အကျိုးဆက်အဖြစ် မြန်မာ့ပြည်တွင်းစစ်သည် စစ်အေးတိုက်ပွဲ ကိုယ်စားပြု ပဋိပက္ခအသွင် ဆောင်လာသည့်အခါ မြန်မာ့အိမ်နီးနားချင်း နိုင်ငံများအဖို့ ရွေးချယ်စရာတစ်ခုကို မဖြစ်မနေ ကြုံတွေ့လာရ ဖွယ်ရှိသည်။

၎င်းမှာ စစ်ကောင်စီနှင့် ဒီမိုကရေစီလိုလားသော တော်လှန်ရေး အင်အားစုများအကြားသာ ရွေးချယ်ရခြင်းမျိုး မဟုတ်ဘဲ တရုတ်နှင့်အမေရိကန် အင်အားကြီးနှစ်နိုင်ငံအနက် တစ်ဖက်ဖက်ကို ရွေးချယ်ကြရမည့် အနေအထားမျိုး ဖြစ်သည်။

ဝါရှင်တန်နှင့် ၎င်း၏မဟာမိတ်များအဖို့ တရုတ်ကို ကျေးဇူးတင်နေသည့် စစ်အုပ်စုတစ်ခု၏ သက်ဆိုးရှည်မှုသည် အရှေ့တောင်အာရှ ဒေသတစ်ခုလုံးအပေါ် မိမိတို့၏ ဩဇာလွှမ်းမိုးမှု ကျဆင်း၍ ဒေသမတည်မငြိမ် ဖြစ်လာစေမည့် ရှေ့ပြေးနိမိတ် တစ်ခုသဖွယ် ဖြစ်ပေလိမ့်မည်။

တစ်ကျော့ပြန် ပြည်တွင်းစစ်

==============

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ အာဏာသိမ်းမှုက မြန်မာနိုင်ငံကို ပဋိပက္ခနှင့် ပျက်စီးမှုလမ်းကြောင်းပေါ် တွန်းတင်ပို့ခဲ့သည်။ နန်းကျခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဖက်မှ ရပ်တည်၍ ချီတက်ဆန္ဒပြနေသော လူထုကြီးက အာဏာသိမ်းသူများကို ထောက်ခံမှု နည်းပါးခဲ့သည်။

သိန်းနှင့်ချီသော ပြည်သူများ လမ်းပေါ်ထွက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြသည်။ အဖြုတ်ချခံ အစိုးရအဖွဲ့ဝင်များက အခြားနိုင်ငံရေးသမားများ၊ တိုင်းရင်းသားအုပ်စု အများအပြားနှင့်အတူ စုစည်းပြီး ဒီမိုကရေစီ ပြန်လည်ဆောင်ကြဉ်းပေးမည့် အမျိုးသားညီညွတ်ရေးအစိုးရကို အရပ်သားများဖြင့် ဖွဲ့စည်းခဲ့သည်။

၎င်းအတွက် စစ်တပ်၏ တုံ့ပြန်မှုမှာ ဆန့်ကျင်သူများအပေါ် မညှာမတာနှင့် ရံဖန်ရံခါ မဆင်မခြင် အကြမ်းဖက် နှိမ်နှင်းလာခြင်းပင် ဖြစ်သည်။

၂၀၂၁ ခုနှစ်နွေဦးအရောက် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သူများက လက်နက်စွဲကိုင်၍ နောက်မဆုတ်တမ်း ပြန်လည်ခုခံတိုက်ခိုက်ရန် သံန္နိဋ္ဌာန်ချမှတ်၍ တိုက်ပွဲဝင်လာကြပြီးနောက် မြန်မာနိုင်ငံသည် တစ်ကျော့ပြန် ပြည်တွင်းစစ်နွံထဲသို့ အပြေးအလွှား ထိုးဆင်းသွားခဲ့သည်။

တော်လှန်ရေးအဖွဲ့များသည် နိုင်ငံ၏ နှစ်ဒါဇင်နီးပါးမျှရှိသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား မိမိတို့၏ မဟာမိတ်များကို ရှာဖွေခဲ့သည်။

၎င်းအဖွဲ့များသည် မြန်မာအစွန်အဖျား ဒေသတစ်လျှောက် ကျက်စားလျက်ရှိပြီး အချို့မှာ အိမ်နီးချင်း တရုတ်နိုင်ငံနှင့် ရင်းနှီးသော စီးပွားရေး၊ နိုင်ငံရေး အဆက်အသွယ်များရှိကာ မြန်မာနိုင်ငံကို တည်ထောင်ခဲ့သည့် ၁၉၄၈ ခုနှစ်ကတည်းက ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုမိုရရှိရေး သို့မဟုတ် လုံးဝလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြသူများဖြစ်သည်။

အညှာတာကင်းမဲ့ပြီး လက်နက်ပိုကောင်းသော ရန်ဖက်နှင့် ရင်ဆိုင်ရလင့်ကစား ဒီမိုကရေစီ လိုလားသူများနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲများသည် ကျေးလက်ဒေသ အများအပြား အထူးသဖြင့် အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများနှင့် ထိစပ်နေသော နယ်စပ်တစ်လျှောက်တွင် လျင်လျင်မြန်မြန် ခြေကုပ်ယူလာနိုင်ခဲ့သည်။

၂၀၂၁ နှစ်လယ်ပိုင်းလောက်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်း၏တပ်ဖွဲ့များသည် တစ်နိုင်ငံလုံးကို ထိန်းချုပ်ထားနိုင်ခြင်း မရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

တော်လှန်ရေးအင်အားစုများသည် ထိုအချိန်မှစတင်၍ ကျေးလက်ဒေသ၌ နေရာရလာသော်လည်း အချက်အချာမြို့ကြီးများနှင့် နယ်မြို့များ သိမ်းပိုက်နိုင်ရေးကိုမူ ၎င်းတို့ ရုန်းကန်နေကြရသည်။

အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ စစ်တပ်၏ လက်နက်ကြီးအင်အား သာလွန်ခြင်းနှင့် ၎င်းတို့လေတပ်၏ တိုက်ခိုက်မှုဒဏ်ကို ခါးစည်းခံနေရခြင်း တို့ဖြစ်သည်။ ၂၀၂၃ ခုနှစ် နွေဦးကာလနှောင်းပိုင်းအထိ နှစ်ဖက်အဖွဲ့များသည် မဟာဗျူဟာကျသော ရှေ့မတိုးနောက်မဆုတ်သာ ကျဉ်းထဲကျပ်ထဲသို့ ရောက်ရှိလာခဲ့ကြပုံရသည်။

နှစ်ဖက်ခွ ကစားပွဲ

==============

အာဏာသိမ်းမှုအလွန် မြန်မာနိုင်ငံသို့ အမေရိကန်ပြည်ထောင်စု၏ ချဉ်းကပ်မှုတွင် တန်ဖိုးထားမှုနှင့် အကျိုးစီးပွားအကြား သတိကြီးကြီး လက်တွေ့ကျကျ ချိန်ခွင်လျှာညီမျှအောင် ပြုမူဆက်ဆံမှု ပါဝင်သည်။

ဝါရှင်တန်သည် စစ်ကောင်စီကို ဆန့်ကျင်သော်လည်း ဒေသတွင်း ၎င်း၏မဟာမိတ်များ၊ မိတ်ဖက်များနှင့် ခွာပြဲသလို ဖြစ်မည်ကိုလည်း စိုးရိမ်သည်။ အကြောင်းမှာ ဒေသတွင်း အမေရိကန် မဟာမိတ်အချို့သည် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ထိန်းသိမ်း နေကြခြင်းကြောင့်ဖြစ်သည်။

အမေရိကန် အဆင့်မြင့်အရာရှိကြီးများသည် မြန်မာအတိုက်အခံ တော်လှန်ရေး ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး အမေရိကန်အစိုးရက မြန်မာစစ်တပ်၏ အဆင့်မြင့်အရာရှိများအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ သို့သော် အရေးယူပိတ်ဆို့မှုများသည် စစ်အုပ်စု၏ အဖိုးအတန်ဆုံး ဥစ္စာပစ္စည်းကိုမူ မထိမကိုင်ဘဲ ချန်ထားရစ်သည်။

၎င်းအရာမှာ စစ်တပ်ပိုင်ကုမ္ပဏီ ဖြစ်ပြီး နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၁.၅ ဘီလီယံခန့် ရှာပေးနေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဖြစ်ကာ စစ်ကောင်စီ အတွက် အလွန်အမင်းလို အပ်နေသည့် နိုင်ငံခြားငွေကို ဖြည့်ဆည်းပေးလျက်ရှိသည်။

ဝါရှင်တန်သည် စစ်အုပ်စုနှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်နေသူများအပေါ် ဒုတိယအဆင့် အရေးယူမှုများ ဆက်လက် ချမှတ်ရန်ကိုလည်း လက်ရှောင်နေခဲ့သည်။ ဥပမာ ထိုင်းစွမ်းအင် ကုမ္ပဏီများနှင့် စင်္ကာပူဘဏ္ဍာရေး ကုမ္ပဏီများဖြစ်သည်။

အမေရိကန်ပြည်ထောင်စုဘက်မှ ယင်းသို့ချုပ်တည်းထားမှုသည် ဒေသတွင်း အခြားနိုင်ငံများ၊ အထူးသဖြင့် ထိုင်းနိုင်ငံအား ချွေးသိပ်ရန်ရည်ရွယ်သည်။

ထိုင်းအစိုးရကိုယ်တိုင်မှာလည်း ၂၀၁၄ ခုနှစ် အာဏာသိမ်းမှုဖြင့် နိုင်ငံရေးအာဏာရရှိလာခြင်းဖြစ်ပြီး မြန်မာစစ်ကောင်စီကို ထောက်ခံ အားပေးနေဆဲ ဖြစ်ကာ ရင်းနှီးသော စီးပွားရေး အဆက်အသွယ်များကို ဆက်လက် ထိန်းသိမ်းထားသည်။

ဩစတြေလျ၊ အိန္ဒိယနှင့် ဂျပန်ကဲ့သို့ အင်ဒိုပစိဖိတ်ဒေသမှ အရေးကြီးသော အမေရိကန် မဟာမိတ်များက မြန်မာ့အရေးအပေါ် ၎င်းတို့၏ စိုးရိမ်မှုကို ထုတ်ဖော်ပြောဆိုကြသော်လည်း အလွန်အကျွံ ဖိအားပေးပါက စစ်ကောင်စီအပေါ် တရုတ်ဩဇာလွှမ်းမိုးမှု လွန်စွာ ကြီးထွားသွားမည်ကိုလည်း တစ်ဖက်က ပူပင်ကြောင့်ကြဖြစ်လျက် ရှိသည်။

အကျိုးဆက်အဖြစ် ၎င်းတို့သည် မြန်မာစစ်ကောင်စီနှင့် ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားကြပြီး အိန္ဒိယနိုင်ငံဆိုလျှင် စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးများပင် တိုးမြှင့်ဆောင်ရွက်ခဲ့ကာ အဆိုပါ မဟာမိတ်များအနေဖြင့် မြန်မာ့တော်လှန်ရေးအတွက် အကူအညီများပေးရန် ဖြစ်နိုင်ချေ မရှိလှပေ။

အမေရိကန်နှင့် မတူဘဲ တရုတ်နိုင်ငံကမူ မြန်မာ့အရှုပ်အထွေးကို အကောင်းအဆိုး ဒွန်တွဲသောအမြင်ဖြင့် ရှုမြင်သည်။ ဘေဂျင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရ မပြုတ်ကျမီအထိ မြန်မာနှင့်ဆက်ဆံရေး ကောင်းများရှိခဲ့သည်။

တရုတ်အမြင်အရ ကြည့်လျှင် မိုင်ပေါင်း ၁,၃၀၀ ရှည်လျားသည့် နယ်စပ် အိမ်နီးနားချင်း မြန်မာနိုင်ငံ၌ ပြည်တွင်းစစ် ဖြစ်ပွားခြင်းသည် ဒေသတွင်းတည်ငြိမ်ရေးနှင့် ဒေါ်လာ ဘီလီယံများစွာ တန်ဖိုးရှိသော မြန်မာနိုင်ငံအတွင်း ပိုးလမ်းမသစ်စီမံကိန်းအရ တရုတ်ရင်းနှီးမြှုပ်နှံမှုများ အတွက် သတင်းဆိုးတစ်ခုပင် ဖြစ်သည်။

တရုတ်သည် မြန်မာစစ်တပ်အား အဓိကလက်နက် ရောင်းချနေသော နိုင်ငံတစ်ခုဖြစ်ခဲ့သလို လက်ရှိလည်း အများဆုံးရောင်းချနေဆဲပင်။ သို့သော် စစ်တပ်ခေါင်းဆောင်မှုကို မည်သည့်အခါကမျှ ယုံကြည်မှု မကြီးမားခဲ့ဘဲ ၎င်းတို့ကို အလွန်အမင်း ခန့်မှန်းရခက်သည်ဟု တရုတ်က ရှုမြင်သည်။

ဘေဂျင်းသည် နယ်စပ်ဖြတ်ကျော် မြေအောက် လက်နက်မှောင်ခို ရောင်းဝယ်မှုကို မသိကျိုးကျွံ ခွင့်ပြုနေသည့်အပြင် မြန်မာတိုင်ရင်းသား လက်နက်ကိုင်အဖွဲ့အချို့ကိုလည်း ထောက်ပံ့ကူညီ လျက်ရှိသည်။

ဤအချက်နှင့် အခြားအကြောင်းရင်းများဖြင့် ဘေဂျင်းမှ ခေါင်းဆောင်များသည် အာဏာသိမ်းမှုအပြီးတွင် ၎င်းတို့၏လောင်းကြေးအတွက် အာမခံနိုင်မည့် လမ်းကြောင်းကို ရွေးချယ်လာသည်။

စစ်တပ်အား ရှုတ်ချခြင်း၊ အရပ်ဖက်အုပ်ချုပ်ရေးသို့ ပြန်သွားရန် အတိအလင်း တောင်းဆိုခြင်းများ မပြုလုပ်သော်လည်း တရုတ်သည် အမျိုးသား ညီညွတ်ရေးအစိုးရအတွက် နောက်ဖေးပေါက် လမ်းကြောင်း ဖွင့်ပေးထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအား မဖျက်သိမ်းရန်လည်း စစ်ကောင်စီကို ဖိအားပေးခဲ့သည်။

စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့အကြား တိုက်ပွဲများကြောင့် တရုတ်နယ်စပ်မြို့ တစ်မြို့အတွင်း အမြောက်ကျည်များ မတော်တဆ ကျရောက်သည့်အခါ နောက်ထပ် အလားတူ ဖြစ်ရပ်မျိုး ဖြစ်ပွားပါက “လိုအပ်သော တုံ့ပြန်မှု” ကိုဆောင်ရွက်ရလိမ့်မည်ဟု ဘေဂျင်းက စစ်တပ်ကို သတိပေးခဲ့သည်ဟု သတင်းရရှိသည်။ တရုတ်ခေါင်းဆောင်များသည် အာဏာရ စစ်ဗိုလ်ချုပ်ကြီးများကို ခပ်ခွာခွာထားပြီးလည်း ဆက်ဆံခဲ့ကြသည်။

၂၀၂၂ ခုနှစ်နွေရာသီအတွင်း ထိုစဉ်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ Wang Yi သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သည့်အခါ စစ်ခေါင်းဆောင်ဖြစ်သော မင်းအောင်လှိုင်နှင့် တွေ့ဆုံရန် ငြင်းပယ်ခဲ့ပြီး ၎င်းလုပ်ရပ်ကို သံတမန်ရေးအရ ကြီးကြီးမားမား ပမာမခန့်ပြုလုပ်ခြင်းဟု ထိုအချိန်ကရှုမြင်ခဲ့ကြသည်။

ဖွင့်တိုက်လာသော တရုတ်

===============

မြန်မာနိုင်ငံ၌ ရှုပ်ရှုပ်ထွေးထွေး ကစားနေကြသော အမေရိကန်နှင့် တရုတ်အကျိုးစီးပွား အခင်းအကျင်းက တိုင်းပြည်အား အမေရိကန်-တရုတ် ပြိုင်ဆိုင်မှု ဝဲဂယက်မှ အများအားဖြင့် လွတ်ကင်းခွင့်ပြုနေခဲ့သည်။ အနည်းဆုံး အခိုက်အတံ့ တစ်ခုအထိ လွတ်ကင်းနေသည်ဟု ဆိုနိုင်သည်။

မြေပြင်၌ စစ်မက် ဖြစ်ပွားနေသောအဖွဲ့များမှာ ၎င်းတို့၏ တိုက်ပွဲသည် ဒီမိုကရေစီနှင့် အာဏာရှင်စနစ်အကြား ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲ၏ တစ်စိတ်တစ်ဒေသအဖြစ် ရှုမြင်နိုင်ကြပြီး တော်လှန်ရေးအင်အားစုများက ယူကရိန်းကို နှုတ်အားဖြင့် ထောက်ခံမှုနှင့် စစ်အုပ်စုက ရုရှားအပေါ် ကရုဏာသက်နေမှုများကို ကြည့်၍ ၎င်းအမြင်မျိုး ရှိနေကြခြင်းမှာ အလွန်ထင်ရှားသည်။

သို့သော် ဝါရှင်တန်နှင့် ဘေဂျင်းအတွက်မူ ထိုသို့အလားတူ ရှုမြင်ခြင်းမျိုးမရှိပေ။ ၎င်းတို့အတွက် ပြည်တွင်းစစ်ဆိုသည့် ချိန်ခွင်လျှာညှိရန်နှင့် အာမခံချက်ရယူရန် လေ့ကျင့်ခန်းတစ်ခုသာ ဖြစ်ပြီး ကိုယ်စားပြုစစ်ပွဲမျိုး မဟုတ်ပေ။

၂၀၂၁ ခုနှစ်၊စက်တင်ဘာလတွင် ကမ္ဘာ့ကုလသမဂ္ဂ၌ မြန်မာ့ကိုယ်စားလှယ် နေရာရယူခြင်းအတွက် စစ်ကောင်စီအား အမေရိကန် ပြည်ထောင်စုနှင့် တရုတ်နှစ်နိုင်ငံ ပူးပေါင်း၍ ပိတ်ပင်ခဲ့ကြသည်။

သို့သော် လွန်ခဲ့သောနှစ်အတွင်း ဘေဂျင်းက ၎င်း၏ကနဦး သတိ ကြီးကြီးထားမှုကို စွန့်လွှတ်ပြီး စစ်ကောင်စီကို ထွေးပွေ့လက်ခံလာသည့်အခါ အခြေအနေများမှာ အဆိုးဘက်သို့ ဦးလှည့်လာသည်။

ဤမူဝါဒ အပြောင်းအလဲအတွက် တွန်းအားမှာ တခြားမဟုတ်။ “အမေရိကန်ပြည်ထောင်စု ကိုယ်တိုင်က ၎င်း၏လမ်းကြောင်းကို ပြောင်းလဲကာ ဝါရှင်တန်သည် ဒီမိုကရေစီ လိုလားသော တော်လှန်ရေးကို ယခုအခါ အပြည့်အဝ ထောက်ခံ၍ မိမိဩဇာခိုင်မာအောင် ဆောင်ရွက်နေပြီ” ဟု တရုတ်၏ ထင်မြင်ယူဆချက် ဖြစ်သည်။

ဆက်လက်ဖော်ပြပါမည်။

(Foreign Affairs မဂ္ဂဇင်းပါ Ye Myo Hein နှင့် Lucas Myers တို့၏ “ Is Myanmar the Frontline of a New Cold War?” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article