32 C
Yangon

စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု အမေရိကန်က မကြာမီ ကြေညာမည်ဟု ရိုက်တာက သတင်းဖော်ပြ

Must read

စစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှု အမေရိကန်က မကြာမီ ကြေညာမည်ဟု ရိုက်တာက သတင်းဖော်ပြ

■ ပြည်တွင်းဒေါ်လာနှင့် ရွှေစျေးကွက် ရပ်ဆိုင်းနေပြီး အမေရိကန်ဒေါ်လာစျေး မထင်မှတ်ထားနိုင်သော ပမာဏအထိ တက်နိုင်ဟုဆို

ရန်ကုန်၊ ဇွန် ၂၁

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ MFTB မြန်မာ့နိုင်ငံခြားကုန်သွယ် မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ် ရေးဘဏ် MICB တို့ကို အမေရိကန်ပြည်ထောင်စုက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုကို မကြာမီ ကြေညာဖြစ်ကြောင်း ရိုက်တာသတင်းဌာနက သတင်းရေးသားသည်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ အမေရိကန်သံးရုံး၏ ကြေညာချက်တွင် မြန်မာစစ် ကောင်စီအနေဖြင့် ၎င်းကျူးလွန်ထားသော အာဏာသိမ်းမှုနှင့် အကြမ်း ဖက်မှုအတွက် တာဝန်ခံစေရန် အမေရိကန်ပြည်ထောင်စုက နည်းလမ်းရှာ ဖွေနေပြီး ယင်းတို့ထဲတွင် စစ်ကောင်စီ၏ ဝင်ငွေရလမ်းကို ဖြတ်တောက်သည့် နည်းလမ်းပါဝင်ကြောင်း ထုတ်ပြန်ပြောဆိုထားသည်။

မြန်မာစစ်ကောင်စီလက်အောက်ခံ MFTB နှင့် MICB ကို စီးပွားရေးဒဏ် ခတ်ပိတ်ဆို့မှုကြောင့် ထိုင်းနိုင်ငံနှင့်အခြားသော နိုင်ငံများကို သက်ရောက်မှု မရှိစေရန် အတွက် ဘန်ကောက်ရှိ အမေရိကန်သံရုံးက ထိုင်းအစိုးရနှင့် အမြဲမပြတ် ညှိနှိုင်းပြောဆိုနေကြောင်း ရိုက်တာသတင်းက ဆိုသည်။

အမေရိကန်က MFTB နှင့် MICB အပေါ် စီးပွားရေးပိတ်ဆို့မှုသည် ယခု ရက်ပိုင်းအတွင်း ကြေညာဖြစ်ကြောင်း သိရှိရသည်။

မြန်မာ့စီးပွားရေးစျေးကွက်အတွင်းတွင် MFTB နှင့် MICB ကို ပိတ်ဆို့မည့် သတင်းကြောင့် ယနေ့ ဇွန်လ ၂၁ ရက်နေ့တွင် အမေရိကန်ဒေါ်လာနှင့် ရွှေစျေးကွက်မှာ လုံး၀ နီးပါး ရပ်ဆိုင်းနေကြောင်း သိရှိရသည်။

“ဒေါ်လာစျေးက ညှိလုပ်ကြတယ်။ တချို့တွေလည်း မဖြစ်မနေ လုပ်ရမယ့် ဟာမျိုးတွေက တစ်ဒေါ်လာကို ၃၀၅၀ လောက်နဲ့ ဖြတ်ပြီး တွက်ကြတယ်။ ပေါက်စျေးကတော့ မရှိဘူး။ အကုန်လုံး အခြေအနေကို စောင့်ကြည့်နေကြတာ။ လေယာဉ်လက်မှတ်လိုဟာမျိုးကျတော့လည်း အေဂျင်စီကိုလိုက်ပြီး သူ့ဟာသူ တွက်ချက်ရောင်းနေကြတာပဲ။ ငွေလဲနှုန်းအမှန်တော့ မရှိတော့ဘူး” ဟု လေယာဉ်လက်မှတ်ရောင်းဝယ်ရေး ခရီးသွားအေဂျင်စီတစ်ခုကပြောသည်။

ရန်ကုန်စီးပွားရေးသမားတစ်ဦးကမူ MFTB နှင့် MICB ကို ပိတ်ဆို့မည့် သတင်း သေချာနေပြီဟု သိရှိထားသောကြောင့် စီးပွားရေးသမားများက ရှိရင်းစွဲ ဒေါ်လာ များကို သိမ်းဆည်းလိုက်ကြပြီး ဒေါ်လာတန်ဖိုး မကြုံဖူးသည့် စျေးအထိ တက်နိုင်ကြောင်း၊ ယခင် ဒေါ်လာအစားထိုး FEC ပြန်ပေါ်လာနိုင်ကြောင်း ပြောဆိုသည်။

“သတင်းက သေချာသလောက်ရှိနေတော့ စောင့်ကြည့်နေကြတာပဲ။ Impact ကတော့ အတော်ကြီးမယ်။ ဒေါ်လာစျေးတွေလည်း ထင်မှတ်မထားတဲ့ စျေး တွေ ဖြစ်နိုင်တယ်လို့ ယူဆတယ်။ မိုးပြိုအများပဲဆိုတော့ စောင့်ကြည့်ပြီး ကိုယ့်မှာရှိနေတာတွေ တန်ဖိုး မလျော့သွားအောင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကြမယ့် သူများတယ်။ ကျပ်ငွေမကိုင်ဘဲ အိမ်၊ ရွှေ၊ ဒေါ်လာ၊ အဲဒီဘက်ကို ပြုံပြီး တိုးနေကြပြီ” ဟု ရန်ကုန်စီးပွားရေးသမားက ဆိုသည်။

ယနေ့ ရွှေစျေးကွက်တွင် ရွှေစျေးနှုန်း ဖွင့်သော်လည်း အရောင်းမရှိဘဲ အဝယ် သာများပြားနေကြောင်း သိရှိရသည်။

“ရွှေစျေးကတော့ ၃၁သိန်းခွဲကျော် ဝန်းကျင်မှာရှိတယ်။ အဝယ်တွေ တော်တော် တက်တယ်။ အရောင်းမရှိဘူး။ ဟိုသတင်းဒီသတင်းတွေကြောင့်ပဲ။ အဝယ် အတော်ကို များနေတယ်။ ဆိုင်တွေမှာလည်း ပစ္စည်းမရှိဘူးပဲ ပြောနေ ကြ တယ်” ဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article