29 C
Yangon

မြန်မာအကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူရေး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံ တင်ပြ တောင်းဆို

Must read

မြန်မာအကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူရေး သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံ တင်ပြ တောင်းဆို

ရန်ကုန်၊ ဇူလိုင် ၁

ပြည်သူများကို သတ်ဖြတ်နေသည့် မြန်မာအကြမ်းဖက်စစ်တပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အရေးယူရေး ကုလသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတင်ပြတောင်းဆိုလိုက်ကြောင်း သိရှိရသည်။

ဇွန်လ ၃၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ နှစ်စဉ်အစီရင်ခံစာ (Annual Report of the United Nations Security Council) ၂၀၂၂ ခုနှစ်ကို ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တင်သွင်း၍ အတည်ပြုသည့် မျက်နှာစုံညီအစည်းအဝေးတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အထက်ပါအတိုင်း ထပ်မံ တင်ပြ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ကိုယ်စားလှယ်များက ပါဝင်၍ မိန့်ခွန်းပြောကြားခဲ့ကြပြီး လုံခြုံရေးကောင်စီ၏ အားသာချက်များ၊ အားနည်းချက်များအပြင် လုံခြုံရေးကောင်စီအား ပြုပြင်ပြောင်းလဲရန် လိုအပ်နေခြင်း၊ အရေးပါသည့် ကုလသမဂ္ဂ အင်္ဂါတစ်ခုအနေဖြင့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးအတည်ပြုရာ တွင် ယခုထက်ပို၍ ပွင့်လင်းမြင်သာမှုရှိရေး၊ ထိရောက်မှုရှိရေးနှင့် ဗီတိုအာဏာအသုံးပြုခြင်းအပေါ် ရှု့မြင်ချက်တို့ကို ဆွေးနွေးကြကြောင်း သိရှိရသည်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရောင်စီက အရေးယူမှု မလုပ်နိုင်သေးသည့်အပေါ် ထောက်ပြခဲ့ပြီး မြန်မာ့အရေးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစတင်၍ လုံခြုံရေး ကောင်စီအနေဖြင့် ထုတ်ပြန်ချက် (၇) စောင်နှင့် ကောင်စီဥက္ကဋ္ဌထုတ်ပြန်ချက် (၁) စောင်ကို ထုတ်ပြန်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် လုံခြုံရေးကောင်စီအနေဖြင့် သမိုင်းဝင်သည့် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့ကြောင်း၊ မည်သို့ပင်ဆိုစေ မြန်မာနိုင်ငံတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် အခြေအနေအား ဤမျှသာ တုံ့ပြန်ခြင်းက စစ်အာဏာရှင်၏ အကြမ်းဖက်နှိပ်စက်ညှဉ်းပန်းမှုအား ခံစားနေရသည့် မြန်မာပြည်သူများ အတွက် စိတ်ပျက်ရစေကြောင်း ထောက်ပြ ပြောဆိုသည်။

ကုလသမဂ္ဂလုံခြုံကောင်စီအနေဖြင့် မတရားစစ်အာဏာသိမ်းမှု စတင်ခဲ့သည့် အစောပိုင်းကာလမှာပင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တရားလက်လွတ် ဖမ်းဆီးထိန်းချုပ်ခံထားရသူများအားလုံးကို ချက်ချင်းလွှတ်ပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ကြောင်း၊ သို့သော်လည်း ၎င်းတို့သည် စစ်တပ်၏ ဥပဒေမဲ့ တရားစီရင်မှုများဖြင့် ယနေ့တိုင် မတရားအကျဉ်းချခံနေကြရကြောင်း၊ တစ်ဖက်တွင်လည်း ကောင်စီအနေဖြင့် ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်မှုအား ရှုတ်ချခဲ့ပြီး ရပ်တန့်ရန် တောင်းဆိုခဲ့ကြောင်း၊ သို့သော် ယခု (၂) နှစ် ကျော်ကာလအတွင်း၌ ကောင်စီမှ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ပြီးတိုင် စစ်တပ်က သာ၍ အကြမ်းဖက်ရက်စက်သော ပြစ်မှုများကိုသာ စဉ်ဆက်မပြတ် ကျူးလွန်ခဲ့ကြောင်း သံအမတ်ကြီးက ပြောဆိုသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အဆို ၂၆၆၉ တွင် မြန်မာနိုင်ငံမှ အကြမ်းဖက်မှုအားလုံးကို ချက်ချင်း ရပ်တန့်ရန်နှင့် အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ်ကို အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် တောင်းဆိုထားကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံရေးကောင်စီမှ အတည်ပြုချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်အဆိုနှင့် ထုတ်ပြန်ချက်များကို ကြိုဆိုခဲ့ကြောင်း၊ သို့သော် လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုများအပေါ် စစ်တပ်အနေဖြင့် နားကန်းနေသူအလား လျစ်လျူရှုလျက်ရှိကြောင်း၊ ထို့နည်းတူ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် အကောင်အထည်ဖော်မှုမှာလည်း တိုးတက်မှုအလျဉ်းမရှိကြောင်း သံအမတ်ကြီးက ပြောသည်။

အမှန်အားဖြင့် မြေပြင်တွင် ဖြစ်ပေါ်နေသည့် အခြေအနေကသာ ပကတိဆိုးရွားမှု အတိုင်းအတာကို ပြသနိုင်ကြောင်း၊ စစ အာဏာရှင်အနေဖြင့် ယနေ့အထိ အပြစ်မဲ့ပြည်သူ (၃,၇၂၈) ဦးကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ကြောင်း၊ ထို့ပြင် ပြည်သူလူထုနေထိုင်ရာ မြို့နယ်များနှင့် ကျေးရွာများအပေါ် လေကြောင်း တိုက်ခိုက်မှုများနှင့် လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခြင်းကြောင့် လူဦးရေ ၁ ဒသမ ၅ သန်းကျော်သည် နေရပ်စွန့်ခွာသူများ ဖြစ်နေရကြောင်း၊ စစ်တပ်အနေဖြင့် ပြည်သူများကို ပစ်မှတ်ထား၍ သတ်ဖြတ်ခြင်း အတွက်လည်း ပြစ်ဒဏ်ကင်းလွတ်လျက်ရှိကြောင်း သံအမတ်ကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

စစ်တပ်ကျူးလွန်သည့် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများအနက် ယခုနှစ် ဧပြီလ (၁၁) ရက်နေ့ က ပဇီကြီးကျေးရွာရှိ ရွာသူရွာသားများ စုဝေးစဉ် ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်း ဗုံးကျဲ တိုက်ခိုက်မှုဖြစ်စဉ်သည် အဆိုးရွားဆုံးဖြစ်စဉ် တစ်ခုဖြစ်ကြောင်း၊ ယင်းဖြစ်စဉ်တွင် လူ ၂၀၀ ခန့် သေဆုံးခဲ့ပြီး ၆ လအရွယ် ကလေးငယ်ပင် ပါဝင်ကြောင်း၊ ယင်းလုပ်ရပ်များသည် သီးခြားဖြစ်စဉ်များ မဟုတ်ဘဲ စစ်တပ်မှ ပြည်သူများအပေါ် ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ်များ ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်များမှာ ကျယ်ကျယ်ပြန့်ပြန့်နှင့် စနစ်တကျ ပြုလုပ်သည့် တိုက်ခိုက်မှုများဖြစ်ကြောင်း၊ စစ်တပ်၏ လုပ်ရပ်များသည် လူသားမျိုးနွယ်စုများအပေါ် ကျူးလွန်သည့် ပြစ်မှုများနှင့် စစ်ရာဇဝတ်မှုများ ဖြစ်သည်ဟု ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား IIMM က ထောက်ပြထားကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသည်။

မြန်မာပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို ကာကွယ်ကယ်တင်ရန် လုံခြုံရေးကောင်စီ၏ ထိရောက်သော အရေးယူဆောင်ရွက်ချက်များ လိုအပ်သည်မှာ သိသာထင်ရှားကြောင်း၊ ထုတ်ပြန်ချက်များနှင့် ရှုတ်ချမှုများသည် လုံလောက်မှု မရှိကြောင်း၊

မိမိတို့အနေဖြင့် ကုလသမဂ္ဂနှင့် ဒေသတွင်းအဖွဲ့အစည်းများ၏ အနီးကပ် ပူးပေါင်းဆောင်ရွက်ခြင်း၏ အရေးပါမှုကို လေးစားတန်ဖိုးထားကြောင်း၊ သို့ဖြစ်ရာ အာဆီယံ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုသကဲ့သို့ အထူးကိုယ်စားလှယ်မှ မြန်မာပြဿနာအတွက် အဖြေရှာပေးရန် ကြိုးပမ်းဆောင်ရွက်ချက်ကိုလည်း ထောက်ခံအားပေးကြောင်း၊ မည်သို့ပင်ဆိုစေကာမူ အာဆီယံတစ်ခုတည်းဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း သံအမတ်ကြီးက ရှင်းလင်းပြောဆိုသည်။

အာဆီယံ၏ လုပ်ဆောင်ချက်များ အပါအဝင် အလုံးစုံသော ဆောင်ရွက်ချက်များအတွက် လုံခြုံရေးကောင်စီ၏ ပံ့ပိုးမှုနှင့် စည်းနှောင်မှုပါဝင်သည့် အရေးယူဆောင်ရွက်ချက်တို့ကို လိုအပ်ကြောင်း၊ မိမိတို့အနေဖြင့် ဆိုးရွားနေသည့် မြန်မာနိုင်ငံအခြေအနေအတွက် လုံခြုံရေးကောင်စီထံမှ အဖြေတစ်ခုကို ရိုးရှင်းစွာ ရှာဖွေနိုင်မည်ဟု မမျှော်မှန်းကြောင်း၊ သို့သော်လည်း မြန်မာပြည်သူများအနေဖြင့် ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်အတွက် လုံခြုံရေးကောင်စီထံမှ အကာအကွယ်ပေးနိုင်ရန် မျှော်လင့်လျက်ရှိသည့်အချက်မှာ ကျိုးကြောင်းဆီလျော်မှု ရှိကြောင်း၊ “အခြေအနေအား ပိုမိုဆိုးရွားမသွားစေသင့်” ဟူသော ပြောကြားချက်များကို မကြာခဏ ကြားရလေ့ရှိကြောင်း၊ မြန်မာနိုင်ငံ၌ အရပ်သားပြည်သူများအပေါ် ကျူးလွန်နေသည့် ရက်စက် ကြမ်းကြုတ်မှုများနှင့် စစ်ရာဇဝတ်မှုများကို ရပ်တန့်အောင် တုံ့ပြန်ဆောင်ရွက်ခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း၊ နိုင်ငံတကာပြစ်မှုများ ကျူးလွန်နေသူများအား အပြစ်ပေး အရေးယူခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း၊ စစ်တပ်၏ ပြစ်ဒဏ်ခတ်မှု ကင်းလွတ်နေခြင်းကို အဆုံးသတ်ခြင်းက အခြေအနေအား ပိုမိုဆိုးရွားစေမည် မဟုတ်ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုသည်။

အထက်ပါအတိုင်း ဆောင်ရွက်မှသာလျှင် ပြည်သူ့ဆန္ဒနှင့်ညီညွတ်သော အားလုံးအတွက် သင့်လျော်သည့် ကောင်းမွန်သောရပ်ဝန်းတစ်ခုကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မိမိအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီအား မြန်မာပြည်သူများ၏ မျှော်မှန်းချက်များနှင့် ရည်မှန်းချက်များအား အထူးအလေးပေး အာရုံထားရန်နှင့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (၂၆၆၉) အား လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်မှု အပေါ် စည်းနှောင်မှုပါဝင်သည့် နောက်ဆက်တွဲအရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်ရန် ထပ်လောင်းတောင်းဆိုလိုကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ၎င်း၏ မိန့်ခွန်းတွင် ပြောဆိုထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article