33 C
Yangon

ဘီးလင်းတွင် စစ်သားများ လိုက်ပါလာသော ၁၂ ဘီးကားကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်ကိုင်းတွင်လည်း စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်

Must read

ဘီးလင်းတွင် စစ်သားများ လိုက်ပါလာသော ၁၂ ဘီးကားကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ်ကိုင်းတွင်လည်း စစ်ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ ဇူလိုင် ၁

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်သားများ လိုက်ပါလာသော ၁၂ ဘီးကား ၁ စီးကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ABSDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ဇွန်လ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်တွင် အလူးလေးကျေးရွာ အထပ်သားစက်ရုံ အနီး စစ်သားများ လိုက်ပါလာသော ၁၂ ဘီးကို ကာကွယ်ရေး တပ်ဖွဲ့များက မိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ၁၂ ဘီးကား ခါးလယ်ကျိုး၍ ပျက်စီးသွားကြောင်း သိရသည်။

မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သားများကလည်း စက်ကလေးများဖြင့် ပြန်လည် ပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို KNU ၊ ABSDF၊ KRF ၊ ဘီး လင်း – ပကဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းမှ ထွက်လာသော စစ်ကားတစ်စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း Moe Nyo Revolution Force-MNRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဇွန်လ ၂၈ ရက် ည ၈ နာရီခွဲခန့်က စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းမှ အကြမ်းဖက်စစ်သား ၁၆ ဦးခန့်လိုက်ပါလာပြီး မြင်းမူမြို့နယ်၊ ထီးဆောင်း တပ်စခန်းသို့ ထွက်လာသော ကန်တာကားတစ်စီးကို ကန်ဖျားဇရပ်အနီးအရောက် ပဒေသာမိုင်း ၁၀ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကားမှာ လမ်းပေါ်တွင် ထိုးရပ်သွားပြီး အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။

“ထီးဆောင်းတပ်ထဲကို အင်အားဖြည့်ဖို့ထွက်လာတာ၊ သတင်းကြိုရလို့ စောင့်ပြီးမိုင်းဆွဲခဲ့တာပါ၊ ကားက လမ်းပေါ်မှာထိုးရပ်သွားပြီး ထီးဆောင်းကတပ်ကနေ လက်နက်ကြီးလှမ်းထုတယ်၊ ၄ ချက်လောက်တော့ အနားမှာကျတယ်၊ ထီးဆောင်းတပ်ထဲက စစ်ကူတွေလည်း ထပ်ရောက်လာတော့ ပြန်ဆုတ်လာခဲ့တာ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေများတယ်လို့တော့ သိရတယ်၊ အတိအကျတော့မသိရဘူး” ဟု Moe Nyo Revolution Force-MNRF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို Moe Nyo Revolution Force-MNRF နှင့် Pentagram ငါးထောင့်ကြယ် အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article