38 C
Yangon

စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသည့်အတွက် ပြည်ပမှ သွင်းကုန်တင်သွင်းမှု အများစုကို ပိတ်ပင်မည်၊ စက်သုံးဆီနှင့်စားသုံးဆီ တင်သွင်းမှုကို အကြီးအကျယ်လျှော့ချပြီး ဒေါ်လာစီးထွက်မှုအားလုံးကို ထိန်းချုပ်

Must read

စစ်ကောင်စီတွင် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသည့်အတွက် ပြည်ပမှ သွင်းကုန်တင်သွင်းမှု အများစုကို ပိတ်ပင်မည်၊ စက်သုံးဆီနှင့်စားသုံးဆီ တင်သွင်းမှုကို အကြီးအကျယ်လျှော့ချပြီး ဒေါ်လာစီးထွက်မှုအားလုံးကို ထိန်းချုပ်

■ ပို့ကုန်ရငွေ ဒေါ်လာများ စစ်ကောင်စီဘဏ်များထံ မအပ်နှံသည့် လုပ်ငန်းရှင်များကို လုပ်ငန်းပိတ်သိမ်းပြီး နိုင်ငံခြားငွေ ဥပဒေဖြင့် အရေးယူမည်

ရန်ကုန်၊ ဇူလိုင် ၈

အကြမ်းဖက်စစ်ကောင်စီက စီးပွားရေးပိတ်ဆို့မှုများကြောင့် အမေရိကန်ဒေါ်လာ ပြတ်လပ်နေသည့်အတွက် သွင်းကုန်တင်သွင်းမှုအများစုကို ပိတ်ပင်မည်ဖြစ်ပြီး စက်သုံးဆီနှင့် စားသုံးဆီ တင်သွင်းမှုကိုလည်း အကြီးအကျယ်လျှော့ချမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။

အမေရိကန် အပါအဝင် အနောက်နိုင်ငံကြီးများက စီးပွားရေးပိတ်ဆို့မှုများ ချမှတ်ထားရာ ယခုနောက်ဆုံး ချမှတ်လိုက်သည့် MFTB မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ MICB မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှုဘဏ်တို့အပေါ် စီးပွားရေးပိတ်ဆို့မှုကြောင့် ဒေါ်လာ အဝင်အထွက် အလွန်ခက်ခဲနေပြီး ဒေါ်လာ ပြတ်လပ်လာကြောင်း၊ ထို့ကြောင့် လာမည့် ရက်အနည်းငယ်အတွင်း သွင်းကုန်များ တင်သွင်းမှုများကို လွယ်ကူမှု မရှိစေရန် တစ်နည်း အားဖြင့် ပိတ်ပင်သည့် အခြေအနေဖြစ်စေရန် တင်းကျပ်မည်ဖြစ်ကြောင်း၊ အခြားတစ်ဖက်တွင်လည်း ပို့ကုန်များ တင်ပို့မှုမှ ရရှိသည့် ဒေါ်လာငွေများကို မဖြစ်မနေ စစ်ကောင်စီဘဏ်များထံသို့ လွှဲပြောင်းအပ်နှံရန် ဆောင်ရွက်မည်ဖြစ်ပြီး ပို့ကုန်ရငွေများကို မအပ်နှံ သော ပို့ကုန်လုပ်ငန်းရှင်များကိုလည်း လုပ်ငန်းပိတ်သိမ်းမည့်အပြင် နိုင်ငံခြားငွေ စီမံခန့်ခွဲရေးဥပဒေဖြင့်ပါ အရေးယူမည်ဖြစ်ကြောင်း သိရှိရသည်။

“စစ်ကောင်စီက အမေရိကန်ဒေါ်လာ မပြတ်လပ်စေဖို့အတွက် သွင်းကုန်သမားတွေေ အကျပ်ကိုင်နေပြီ။ လိုင်စင်တွေ မပေးတော့ဘူး။ ပို့ကုန်သမားတွေဆီက ဒေါ်လာတွေကိုလည်း မတရားယူနေပြီ” ဟု ရန်ကုန်စီးပွားရေးသမားတစ်ဦးက ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ပို့ကုန်သွင်းကုန် ကုမ္ပဏီ ၁၈၃ ခုကို ရန်ကုန်ရှိ UMFCCI ရုံးခန်းသို့ ဖိတ်ခေါ်၍ ပို့ကုန်ရငွေ ဒေါ်လာများကို စစ်ကောင်စီဘဏ်များထံတွင် အပ်နှံရန် ဖိအားပေးမည်ဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီ ၁၈၃ ခုအနေဖြင့် အစည်းအဝေးတက်ရောက်ရာတွင် ကုမ္ပဏီနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချပေးနိုင်သူ ကိုယ်တိုင်တက်ရောက်ပေးရန်ဖြစ်ပြီး တက်ရောက်နိုင်ခြင်း မရှိပါက ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်လက်မှတ် ပိတ်သိမ်းသွားမည် ဖြစ်ကြောင်းနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာထားသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီက သွင်းကုန်လိုင်စင်များအားလုံး တင်းကျပ်လိုက်ပြီး သွင်းကုန်အတွက် အမေရိကန်ဒေါ်လာ သုံးစွဲမှုများအားလုံးကို စစ်ကောင်စီဗဟိုဘဏ်က ထိန်းချုပ်ပြီး မလွယ်ကူစေရန် စည်းမျဉ်း၊ စည်းကမ်းများ ထပ်တိုးချမှတ်လိုက်ကြောင်း သိရှိရသည်။

“ဗဟိုဘဏ်ကနေ သွင်းကုန်သမားတွေကို ဇူလိုင် ၃ ရက်နေ့မှာ ညွှန်ကြားချက်တစ်ရပ်ထုတ်တယ်။ အဲဒါက သွင်းကုန်ငွေလွှဲဖို့ကို လိုင်စင်ခွင့်ပြုပြီးမှ သွင်းကုန်တင်သွင်းမှု Trade လုပ်ရမယ်။ လိုင်စင်မရမီ တင်သွင်းလာတဲ့သွင်းကုန်တွေအတွက် ငွေလွှဲခွင့်မပြုဘူး။ နောက်တစ်ခါ သွင်းကုန်အတွက် ငွေကြိုလွှဲတာတွေ ခွင့်မပြုဘူး။ လိုင်စင် သက်တမ်း ၆ လကျော်တဲ့ သွင်းကုန်တွေအတွက် ပြည်ပ ငွေလွှဲခွင့်မပြုဘူး။ ဒါတွေကို ပုဂ္ဂလိကဘဏ်တွေက လိုက်နာရမယ်။ အားလုံးကို ဗဟိုဘဏ်က ထိန်းချုပ်လိုက်တာ” ဟု သွင်းကုန်သမားတစ်ဦးက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက သွင်းကုန်များအားလုံးကို ပိတ်ပင်သည့်ပုံစံမျိုးဆောင်ရွက်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် ပြည်ပမှ သွင်းကုန် စုစုပေါင်း ဒေါ်လာ ၁၈ ဘီလီယံဖိုး ဝန်းကျင် တင်သွင်းမှုကို အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ဝန်းကျင်အောက်သာ သွင်းကုန်များ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း၊ မရှိမဖြစ် သွင်းကုန်များကိုသာ တွက်ချက်၍ တင်သွင်းခွင့်ပြုမည်ဖြစ်ပြီး စက်သုံးဆီနှင့် စားသုံးဆီတင်သွင်းမှုကို ၅၀ ရာခိုင်နှုန်းကျော် လျှော့ချမည်ဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် စက်သုံးဆီသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် တင်သွင်းလျက်ရှိရာ စစ်ကောင်စီက စက်သုံးဆီကို ဒေါ်လာ ၁ ဘီလီယံဝန်းကျင်သာ တင်သွင်းတော့မည်ဖြစ်ကြောင်း၊ လိုအပ်ချက်အရ ထိုထက်ပို၍လည်း လျှော့ချတင်သွင်းမည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နှင့် UMFCCI စီးပွားရေးသမားများ တွေ့ဆုံနေကြစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article