30 C
Yangon

ဂျပန်-အာဆီယံ တရားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် စစ်ကောင်စီ ကိုယ်စားလှယ်များ ရောက်ရှိနေခဲ့သော်လည်း လူရာသွင်းမခံရဘဲ တက်ရောက်ခွင့် ပိတ်ပင်ခံရ

Must read

ဂျပန်-အာဆီယံ တရားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်ရန် စစ်ကောင်စီ ကိုယ်စားလှယ်များ ရောက်ရှိနေခဲ့သော်လည်း လူရာသွင်းမခံရဘဲ တက်ရောက်ခွင့် ပိတ်ပင်ခံရ

ရန်ကုန်၊ ဇူလိုင် ၈

ယမန်နေ့က ပြီးစီးသွားပြီဖြစ်တဲ့ ၂ ရက်တာ ကျင်းပခဲ့တဲ့ အာဆီယံ-ဂျပန် တရားရေးဝန်ကြီးများ အထူးအစည်းအဝေး (AJSMJ) နဲ့ အာဆီယံ -G7 တရားရေးဝန်ကြီးများ အစည်းအဝေးတွေမှာ မြန်မာစစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေ တရားဝင် တက်ရောက်ခွင့် မရရှိခဲ့ဘူးလို့ သိရပါတယ်။

အစည်းအဝေး ပထမနေ့ အပြီးမှာပဲ မြန်မာစစ်အုပ်စု ကိုယ်စားလှယ်များ ထိုင်ရမဲ့နေရာမှာ မည်သူတဦးကိုမှ မတွေ့ရသလို၊ စားပွဲပေါ်မှာ မြန်မာနိုင်ငံကိုယ်စားပြု အလံထောင်ထားတာကိုလည်း မတွေ့ရဘူးလို့ ဂျပန်သတင်းစာတွေမှာ ဖော်ပြခဲ့ကြတာပါ။

ဘာကြောင့် မြန်မာစစ်အုပ်စုက နိုင်ငံကိုယ်စားပြုခွင့် ဆုံးရှုံးသွားရတာလဲ

============

မြန်မာစစ်အုပ်စုဟာ ဖေဖော်ဝါရီ ၂၀၂၁ တရားမဝင် အာဏာသိမ်းဖို့ စတင်ကြိုးပမ်းစဥ်ကပင် ၄င်းတို့မှာ Legitimacy လို့ခေါ်တဲ့ “တရားဝင်မှု” ဆိုတာကို ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။ ကုလသမဂ္ဂမှာ နိုင်ငံကိုယ်စားပြုခွင့်ကိုလည်း ဆက်လက်ဆုံးရှုံးခဲ့ပြီး၊ NLD အစိုးရက ခန့်အပ်ထားတဲ့ ပြည်သူကို မျက်နှာမူတဲ့ ဦးကျော်မိုးထွန်းကပဲ မြန်မာနိုင်ငံကို ကိုယ်စားပြုသူအဖြစ် ဆက်လက်ရပ်တည်ခွင့် ရရှိသွားတာပါ။

အာဆီယံမှာလည်း အလားတူပါပဲ။ ပြည်သူ့အစိုးရဖြစ်တဲ့ NLD အစိုးရလက်ထဲက အာဏာကို လုယူခဲ့တာကြောင့်၊ ဒါကို ဖြေရှင်းဖို့ အာဆီယံက အထူးအစည်းအဝေးတရပ် ခေါ်ယူကျင်းပခဲ့ပါတယ်။

မင်းအောင်လှိုင် ကိုယ်တိုင်တက်တဲ့ အဆိုပါ အစည်းအဝေးအတွင်း အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်လို့ အများသိတဲ့ သဘောတူညီချက်တွေကို လိုက်နာဖို့ သဘောတူခဲ့တယ်လို့ မင်းအောင်လှိုင်က ဆိုခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီအစည်းအဝေးအပြိး မြန်မာပြည် ပြန်အရောက်မှာတော့ မင်းအောင်လှိုင်က အဆိုပါ အာဆီယံ ဘုံသဘောတူညီချက်တွေဟာ မဖြစ်မနေ လိုက်နာရမဲ့ သဘောတူညီချက်မဟုတ်ဘဲ၊ ဆွေးနွေးဆဲအဆင့်သာ ဖြစ်ကြောင်း မျက်နှာပြောင်ပြောင်နဲ့ဘဲ ပြန်လည်ပြောဆိုခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ အာဆီယံက ၄င်းရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာစစ်ခေါင်းဆောင်တွေကို မဖိတ်ကြားရေး မူကို စတင်ဆွဲကိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အာဆီယံရဲ့ စုဖွဲ့မှုမှာ အားနည်းချက်တွေ ရှိတာကြောင့် ထိပ်သီး မြန်မာစစ်ခေါင်းဆောင်များအနေနဲ့ အာဆီယံအဆင့်မြင့် အစည်းအဝေးတွေကို တက်ရောက်ခွင့် မရှိတော့သော်လည်း၊ စစ်အုပ်စုရဲ့ အခြားအဆင့် အရာရှိတွေကတော့ အာဆီယံရဲ့ အမျိုးမျိုးသော ပလက်ဖောင်း များမှတဆင့် ဆက်စပ် အစည်းအဝေးတွေကို ဆက်လက်တက်ရောက်ခွင့် ရရှိနေဆဲ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုအချိန်မှာတော့ ဒီလိုယိုပေါက်တွေကတဆင့် ခိုးကြောင်ခိုးဝှက် တက်ရောက်နေတဲ့ မြန်မာစစ်အုပ်စုရဲ့ ကိုယ်စားလှယ်တွေကို အာဆီယံရဲ့ အစည်းအဝေး အားလုံးကနေ ဖယ်ထုတ်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုတွေ စတင်လို့ လာနေပြီပဲ ဖြစ်ပါတယ်။

ဒီလှုပ်ရှားမှုကို Defend Myanmar Democracy (DMD) ဆိုတဲ့အဖွဲ့က မိတ်ဖက် ဒီမိုကရက်တစ် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စတင်လှုံ့ဆောင် လုပ်ကိုင်လာတာ ဖြစ်ပါတယ်။ အဆိုပါအဖွဲ့မှာ ဦးဆောင်သူ တစ်ဦးအဖြစ် ပါဝင်နေတဲ့ ကိုရဲ က “မြန်မာစစ်အုပ်စုအတွက် တရားဝင်မှု ဆိုတာမျိုးကို ဘယ်နေရာ၊ ဘယ်အခမ်းအနား၊ ဘယ်ပလက်ဖောင်းမှာမှ မရှိစေရဘူး” ပြတ်ပြတ်သားသားပင် ပြောပါတယ်။

Defend Myanmar Democracy၊ GSCB၊ Progressive Voice နဲ့ GMSR (Japan) တို့ ဦးဆောင်ပြီး အရပ်ဘက်အဖွဲ့အစည်း အများအပြား ပါဝင်တဲ့ စုဖွဲ့မှုကနေ ဂျပန်နိုင်ငံ တရားရေးဝန်ကြီးကို လိပ်မူပြီး Open Letter တစောင်ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၄ ရက်နေ့က ပေးပို့ခဲ့ပါတယ်။

မြန်မာအရပ်ဘက် အဖွဲ့အစည်းပေါင်း ၄၀၀ ကျော် ပါဝင်ထောက်ခံ လက်မှတ်ထိုးထားတဲ့ စာထဲမှာတော့ အရေးကြီးဆုံး အချက်ဖြစ်တဲ့ “တရားမဝင်တဲ့ အကြမ်းဖက် စစ်အုပ်စုကို ဤအစည်းအဝေးမှ ဖယ်ထုတ်ပေးရန်” ဆိုတဲ့အချက်ကို အဓိကတောင်းဆိုခဲ့ကြပါတယ်။

“တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေး အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း”။ “နှစ် ၅၀ အလွန် ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု ကဏ္ဍသစ် ဖွင့်လှစ်ခြင်း” စတဲ့ ခေါင်းစဥ်တွေနဲ့ ကျင်းပခဲ့တဲ့ အဆိုပါ တရားဥပဒေ စိုးမိုးမှု မြှင့်တင်ရေး အစည်းအဝေးမှာ စစ်အုပ်စုရဲ့ အဖွဲ့ဝင်တွေကို တက်ရောက်စေခြင်းဟာ ဒီမိုကရေစီနဲ့ မြန်မာပြည်သူများအပေါ် စော်ကားမှု တစ်ရပ်သာ ဖြစ်စေလိမ့်မယ်လို့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

ဂျပန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို ၎င်းတို့ကျူးလွန်ထားတဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ရာဇဝတ်မှုများ အတွက် တာဝန်ခံမှု ရှိစေရေးနဲ့ မြန်မာပြည်သူများအတွက် တရားမျှတမှု၊ တာဝန်ယူမှုနဲ့ တာဝန်ခံမှုတို့ကို ဆောင်ကျဉ်းပေးနိုင်ရန်အတွက် အရေးပါတဲ့ အရေးယူ ဆောင်ရွက်ချက်များကို ဖော်ဆောင်နိုင်ရန်မှာ ဂျပန်အစိုးရကဲ့သို့ ဩဇာကြီးမားတဲ့ နိုင်ငံတကာ အသိုက်အဝန်းအပေါ်တွင် အများကြီး မူတည်နေတယ်လို့ အိတ်ဖွင့်ပေးစာထဲမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အရေးတကြီး လုပ်ဆောင်ချက်အနေနဲ့ မြန်မာစစ်အုပ်စုနဲ့ ၄င်းရဲ့ အဖွဲ့ဝင်တွေကို နိုင်ငံတကာ အသိအမှတ်ပြု၊ အစိုးရ အချင်းချင်းများအကြား ပြုလုပ်တဲ့ အစည်းအဝေးတွေ၊ ဖိုရမ်တွေကနေ အရေးယူ ဖယ်ထုတ်ပေးဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။

မြန်မာအရပ်ဘက် အဖွဲ့အစည်းပေါင်း ၄၀၀ ကျော် ပါဝင်ထောက်ခံထားတဲ့ အဆိုပါ အိတ်ဖွင့်ပေးစာကို ဂျပန်နိုင်ငံ တရားရေးဝန်ကြီး ကန်ဆိုင်တို ထံသာမက၊ နိုင်ငံခြားရေး ဝန်ကြီးအပါအဝင် အခြားသက်ဆိုင်တဲ့ အဖွဲ့အစည်း အသီးသီးထံ ပေးပို့ခဲ့တယ်လို့ အဆိုပါ ကမ်ပိန်းကို ဦးဆောင်သူတဦးက ဆိုပါတယ်။

ဒါ့အပြင် ဂျပန်နိုင်ငံရောက် GMSR (Japan) မှ တက်ကြွလှုပ်ရှားသူ များကလည်း အိတ်ဖွင့်ပေးစာကို ကိုယ်တိုင်ကိုယ်ကျ ပေးအပ်ခဲ့တဲ့အပြင်၊ ဆန္ဒပြ လှုပ်ရှားမှုတွေကိုပါ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလို စုပေါင်းအားနဲ့ ကြိုးစားအားထုတ်မှုတွေရဲ့ အကျိုးဆက်အဖြစ် အဆိုပါ ကျင်းပပြီးစီးခဲ့ပြီဖြစ်တဲ့ ဂျပန်-အာဆီယံ တရားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာစစ်အုပ်စု ကိုယ်စားလှယ်တွေ တရားဝင် တက်ရောက် ခွင့် မရရှိခဲ့ဘူး ဆိုတာကို ဒေသခံ သတင်းရင်းမြစ်များရဲ့ အတည်ပြုချက်များအရ သိရပါတယ်။

ဒေသခံ သတင်းများအရ မြန်မာစစ်အုပ်စု ကိုယ်စားလှယ်တွေဟာ အဆိုပါအစည်းအဝေး တက်ရောက်ဖို့အတွက် ဂျပန်နိုင်ငံကို ရောက်ရှိနှင့်နေပြီး ဖြစ်ပေမဲ့၊ အစည်အဝေးကို တက်ရောက်ခွင့် မရရှိခဲ့တာ ဖြစ်တယ်လို့ သိခဲ့ရတာပါ။

ဒါကို မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်မဲ့နေရာမှာ စားပွဲနဲ့ ထိုင်ခုံတွေ ပြင်ဆင်ထားပေမဲ့၊ အစည်းအဝေး စတင်ချိန်မှာ အဆိုပါနေရာမှာ လူရော၊ အလံရော ဘာကိုမှ တွေ့မနေခြင်းက သက်သေပြ နေပါတယ်။

မြန်မာစစ်အုပ်စု ထိုင်မဲ့နေရာမှာ ဘယ်သူမှ တက်ရောက်ခြင်း မရှိဘဲ၊ ခုံ အလွတ်ကြီး ဖြစ်နေပုံကို ရိုက်ကူးထားတဲ့ ဓတ်ပုံတွေကို ဂျပန်မီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။ ဒါပေမဲ့ ဒါနဲ့ပတ်သက်ပြီး ဂျပန်အစိုးရက ယခုအချိန် အထိ တစုံတရာ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

အခုလို အရှက်တကွဲ အစည်းအဝေး တက်ခွင့်မရတဲ့အပေါ် မြန်မာစစ်အုပ်စု ကိုယ်စားလှယ်များထံ ဆက်သွယ်မေးမြန်း ထားသော်လည်း အကြောင်းပြန်ကြားချက် တစုံတရာ မရခဲ့ကြောင်း ပြည်တွင်းမီဒီယာတခုက ပြောဆိုခဲ့ပါတယ်။

အထက်ပါ ကမ်ပိန်းကို ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ “ကိုရဲ” ကတော့ “ဒါဟာ ကျွန်တော်တို့ရဲ့ ပထမဆုံး ခြေလှမ်းပါ။ ပထမ ခြေလှမ်းမှာပဲ ငါးကြီးကြီး တစ်ကောင်မိလို့ ဝမ်းသာတယ် လို့ဆိုနိုင်ပါတယ်”။

ဆက်လက်ပြီးလည်း “စစ်အုပ်စုဟာ နိုင်ငံ့အာဏာကို လုယူထားတဲ့ တရားဝင်မှု မရှိတဲ့ အကြမ်းဖက် အဖွဲ့အစည်းဖြစ်တဲ့အပြင်၊ ကိုယ့်ပြည်သူတွေအပေါ် စစ်ရာဇဝတ်တွေ ပြန်လည် ကျူးလွန်နေတဲ့ အကြမ်းဖက် ရာဇဝတ်ဂိုဏ်းတခု ဖြစ်တယ်ဆိုတာကို ကမ္ဘာကသိအောင် မိတ်ဖက်အဖွဲ့အစည်း ပေါင်းစုံနဲ့ ပူးတွဲလုပ်ကိုင်သွားမှာ ဖြစ်ပါတယ်”

“ကမ္ဘာ့နိုင်ငံအချို့အနေနဲ့ စစ်ကောင်စီနဲ့ ဆက်လက် ဆက်သွယ်ဆက်ဆံ နေမယ်ဆိုရင် အဲဒီနိုင်ငံဟာ စစ်ကောင်စီရဲ့ များပြားလှတဲ့ စစ်ရာဇဝတ်မှုတွေမှာ ကြံရာပါအနေနဲ့ ပါဝင်ပတ်သက် အရေးယူခံရနိုင်တယ် ဆိုတာကို မိမိတို့အနေနဲ့ ရှင်းလင်းပြောကြားမှာ ဖြစ်ပြီး၊ မိမိတို့ရဲ့ “ အကြမ်းဖက် စစ်အုပ်စုကို တရားဝင်မှု ပေးနေတာတွေ ချက်ချင်းရပ်” ဆိုတဲ့ ဆောင်ပိုဒ်အတိုင်း မြန်မာစစ်အုပ်စုကို ကမ္ဘာ့နိုင်ငံရေး စင်မြင့်ကနေ အပြီးတိုင် ကန်ချ ဖယ်ရှားနိုင်ဖို့ ပြည်တွင်းပြည်ပ အဖွဲ့အစည်းပေါင်းစုံနဲ့ လက်တွဲကာ အရှိန်မြင့် လုပ်ကိုင်သွားမယ်” လို့လည်း ရှင်းလင်းပြောကြား သွားခဲ့ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article