36 C
Yangon

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲ၍ ကျေးရွာ ၂ ရွာကို မီးတင်ရှို့

Must read

ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ကြောင်း ၃ ကြောင်းခွဲ၍ ကျေးရွာ ၂ ရွာကို မီးတင်ရှို့

ရန်ကုန်၊ ဇူလိုင် ၈

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီး ပူးပေါင်း အင်အား ၃၀၀ ခန့်က စစ်ကြောင်း ၃ ကြောင်းခွဲ၍ ကိုးမြို့ရွာနှင့် ဆူးပုတ်ကုန်းကျေးရွာ ၂ ရွာကို ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ် Infinity Group ထံမှ သိရှိရသည်။

ဇူလိုင် ၇ ရက်နေ့ နံနက် ၇ နာရီအချိန် တင်ကုတ်ကြီး ပျူစောထီးရွာမှ ထွက်လာသည့် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးစစ်ကြောင်းသည် ကိုးမြို့ရွာသို့ ဝင်ရောက်၍ မီးတင်ရှို့ခဲ့ကြောင်း၊ ထန်းကုန်းစံပြရွာဘက်မှ ထွက်လာသည့် အင်အား ၁၅၀ ခန့်ပါ ခမရ ၃၆၁ နှင့် ပျူစောထီးပူးပေါင်းအဖွဲ့က ဆူးပုတ်ကုန်းရွာကို မီးတင်ရှို့ခဲ့ကြောင်း ‌ဒေသပြည်သူများတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အခုရက်ပိုင်းမှာ ကန့်ဘလူနယ်ထဲမှာ ပြည်သူတွေ အတော်ကို ဒုက္ခရောက်နေကြတယ်။ စစ်တပ်က စစ်တပ်သီးသန့်ချည်း စစ်ကြောင်းထိုးသလို၊ ပျူစောထီးတွေနဲ့ပေါင်းပြီးလည်း စစ်ကြောင်းတွေ ထိုးနေတယ်။ နံနက်အစောပိုင်းတွေ၊ ညဉ့်နက်ပိုင်းတွေ စစ်ကြောင်းတွေ ဝင်လာတာ။ လူတွေလည်း ရွာတွေမှာ မနေရဲကြဘူး။ စစ်ကြောင်းနဲ့တိုးရင် အသတ်ခံရတယ်။ မိုးတွင်းကို စားနပ်ရိက္ခာ အဝတ်အထည် ဆေးဝါး အရမ်းလိုအပ်နေတယ်။ ပြေးနေကြရတာ ပြည်သူတွေအားလုံးက ” ဟု ကန့်ဘလူမြို့နယ်မှ စစ်ဘေးရှောင်ကူညီရေး လုပ်နေသူ ပရဟိတသမားတစ်ဦးက ပြောသည်။

ထိုသို့ အကြမ်းဖက်စစ်ကောင်စီမှ ထန်းကုန်းတိုက်နယ််ကို စစ်ကြောင်းထိုးဝင်ရောက်နေခြင်းကြောင့် ဒေသပြည်သူများ စစ်ဘေးရှောင်ပုန်းနေရပြီး ပြည်သူ ၄၀၀၀ ခန့် စစ်ဘေးရှောင်ပုန်းနေရကြောင်း ဒေသပြည်သူများက ပြောကြားသည်။

အကြမ်းဖက်စစ်တပ်သည် ထန်းကုန်းတိုက်နယ်ဒေသကို ထန်းကုန်းစံပြရွာဘက်မှ အင်အား ၁၅၀ ခန့်ပါစစ်ကြောင်း၊ တင်ကုတ်ကြီး ပျူစောထီးရွာဘက်မှ အင်အား ၅၀ ခန့်ပါစစ်ကြောင်းနှင့် ဇီးကုန်းမှ အင်အား ၆၀ ခန့်ပါ စစ်ကြောင်းတို့ကို အသုံးပြု စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခံနေရသည့် ပြည်သူ့ကျေးရွာများ မီးလောင်မှုမြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article