36 C
Yangon

ရသေ့တောင်မြို့နယ်တွင် စစ်တပ်နှင့် AA တပ်တော်တို့ စစ်ရေး တင်းမာမှု ဖြစ်ပွား

Must read

ရသေ့တောင်မြို့နယ်တွင် စစ်တပ်နှင့် AA တပ်တော်တို့ စစ်ရေး တင်းမာမှု ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင် ၁၅

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA စိုးမိုးထားသည့် နေရာကို စစ်တပ်က ခွင့်ပြုချက် မရှိဘဲ ဝင်ရောက်သောကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ဇူလိုင် ၁၄ ရက်နေ့က ရသေ့တောင်မြို့နယ်၊ ဦးဂါကျေးရွာကို အကြမ်းဖက် စစ်တပ်က ULA /AA ၏ ခွင့်ပြု ချက်မရှိဘဲ ယူနီဖောင်း အပြည့်အစုံဖြင့် ကျေးရွာအတွင်းသို့ ဝင်ရောက်လာသောကြောင့် နှစ်ဖက် စစ်ရေး တင်းမာမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုဖြစ်မည့် အခြေအနေအထိ ဖြစ်ပွားမှုရှိခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

“ဦးဂါတောင်ကျောင်းမှာ တွေ့ဖို့ စစ်ကောင်စီက ကျေးရွာသားတွေကိုပြောထားတယ်။ တွေ့ဆုံဖို့ကို AA ကို အသိပေး မထားဘူး။ မနေ့က စစ်ယူနီဖောင်းနဲ့ လာတယ်။ အဲ့ဒါကို AA က ခွင့်မပြုဘူး။ လာချင်ရင် စစ်ယူနီဖောင်းမပါဘဲ အရပ်သားအဝတ်နဲ့ လာဖို့ပြောတယ်။ အဲ့ဒါကို သူတို့က လက်မခံဘူး။ အဲ့ဒီမှာ တင်းမာကြတယ်။ ပစ်ခတ်မှု ဖြစ်ဖို့ ဖြစ်သွားတယ်။ နောက်ပိုင်း စစ်ကောင်စီက လက်လျှော့ပြီးတော့ ပြန်သွားကြတယ် ” ဟု​ ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ရသေ့တောင်မြို့နယ်က ဂူတောင်ရွာတွင်လည်း စစ်ကောင်စီက လုံခြုံရေးအကြောင်း ပြချက်ကာ ယူနီဖောင်းအပြည့် အစုံဖြင့် လာရောက်စည်းရုံးမှုများရှိခဲ့သဖြင့် နှစ်ဖက် စစ်ရေးတင်းမာ မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောကြားသည်။

“မနေ့က ဆိုရင် တိုက်ပွဲ ဖြစ်ပွားဖို့အထိ အနေအထား ရှိခဲ့တယ်။ အရမ်းတင်းမာခဲ့တယ်။ နှစ်ဖက်လုံးပဲ။ AA ကလည်း လက်နက်အပြည့်အစုံနဲ့။ စစ်ကောင်စီကလည်း အသိမပေးဘဲ စစ်ယူနီဖောင်းလာတယ်။ အဲ့ဒီမှာ တွေ့ကြတာပါ။ စစ်ကောင်စီဖက်ကတော့ ပြန်လှည့်သွားတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာ မနေ့ ကလို့ စစ်ယူဖောင်နဲ့ မလာတော့ဘူး။ အရပ်ဝတ်တွေနဲ့ ဦးဂါကျေးရွာနဲ့ နောက်တစ်ရွာကို လာတယ်။ သူတို့ အဓိက လာတာက စည်းရုံရေးလာတာဖြစ်တယ်။ အရပ်သားကားသုံးစီးနဲ့ လာတာ” ဟု အမည်မဖော် လိုသည့် ဒေသခံတစ်ဦးက ပြောဆိုသည်။

ယနေ့ ဇူလိုင် ၁၅ ရက်နေ့ နေ့လယ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်က အရပ်သား ကားများကို အသုံးပြုကာ စစ်ယူနီဖောင်းဖြင့် ဝင်ရောက်ခြင်းမပြုတော့ပဲ အရပ်ဝတ်ဖြင့် ကျေးရွာ အ တွင်းသို့ ဝင်ရောက်လာကာ ကျေးရွာသားများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရသေ့တောင်မြို့ နယ်၊ ဂူတောင်ရွာတွင် နေအိမ် ၁၀၂၀ ရှိပြီး လူဦးရေ ၅၁၈၃ ဦးရှိကာ ဂူတောင်တိုက်နယ် ဆေးရုံလည်း တည်ရှိသည့် ကျေးရွာကြီးတစ်ရွာလည်းဖြစ်ကြောင်း၊ ထို့အပြင် ဦးဂါ ကျေးရွာတွင်လည်း နေအိမ် ၅၂၈ အိမ်ရှိပြီး လူဦးရေ ၂၃၃၄ ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် နိုင်ဝင်ဘာ ၂၆ ရက်နေ့က စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော် AA တို့ နှစ်ဖက် နား လည်မှုဖြင့် အပစ်အခတ်ရပ်စဲထားပြီး လက်ရှိအချိန် ပစ်ခတ်မှု တစ်စုံတစ်ရာဖြစ်ပွားခြင်းမရှိသည်မှာ ၇ လ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

(Western News-WN သည် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ မိတ်ဖက်သတင်းဌာနဖြစ်သည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article