30 C
Yangon

ငွေစက္ကူအသစ် နှစ်သောင်းတန် ထုတ်ဝေမှု နောက်ဆက်တွဲ ပြည်တွင်းပုဂ္ဂလိ က ဘဏ်များတွင် အပ်နှံထားသော ငွေများ ပြည်သူများ ပြန်လည်ထုတ်ယူနေကြပြီး စျေးနှုန်းအများစု မြင့်တက်နေ

Must read

ငွေစက္ကူအသစ် နှစ်သောင်းတန် ထုတ်ဝေမှု နောက်ဆက်တွဲ ပြည်တွင်းပုဂ္ဂလိ က ဘဏ်များတွင် အပ်နှံထားသော ငွေများ ပြည်သူများ ပြန်လည်ထုတ်ယူနေကြပြီး စျေးနှုန်းအများစု မြင့်တက်နေ

■ အခေါက်ရွှေ ၃၆ သိန်းခွဲ စျေးပေါက်သော်လည်း ရောင်းသူမရှိဖြစ်နေပြီး ဒေါ်လာစျေးမှာ ရောင်းစျေး ၃၄၅၀ ကျပ်နှင့် ဝယ်စျေး ၃၆၀၀ ကျော်အထိ စျေးခေါ်သော်လည်း ဝယ်ယူလိုသူများသာ များပြားနေ

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက်စစ်ကောင်စီက ဇူလိုင်လ ၂၃ ရက်နေ့တွင် ငွေစက္ကူအသစ် နှစ်သောင်းတန် ထုတ်ဝေမည်ဟု ကြေညာပြီး နောက် ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် ပြည်တွင်းပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသော ငွေကြေးများကို ရသည့် ပမာဏကို ပြည်သူများက ပြန်လည် ထုတ်ယူနေကြကြောင်း သိရှိရသည်။

“မနက်ကတည်းက သွားတန်းစီတာ ဘဏ်ထဲမှာ လူတွေအုပ်လိုက်ပဲ။ မစောင့်ချင်လို့ အခြားမြို့နယ်ခြားပြီး ဘဏ်သွားတော့လည်း လူတွေ အတော်များတယ်။ ငွေပြန်ထုတ်နေကြတာ။ အကန့်အသတ်ရှိလည်း ရသလာက် ပြန်ထုတ်နေကြတယ်။ ကိုယ်အပါအဝင် အားလုံးက ငွေထုတ်သူ အများစုက ရသလောက် ပြန်ထုတ်ပြီး ရတာ ဝယ်ကြမယ်ဆိုတာမျိုးတွေချည်းပဲ” ဟု ရန်ကုန်မြို့မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

ပြည်တွင်းပုဂ္ဂလိက ဘဏ်အသိုင်းအ၀ိုင်းကလည်း ယနေ့ ဘဏ်များမှ ငွေပြန်လည် ထုတ်ယူမှုများပြားကြောင်း အတည်ပြုပြောဆိုကြသည်။

“ငွေပြန်ထုတ်တာတော့ တော်တော်များတယ်။ နှစ်သောင်းတန်ထုတ်မယ့် ဂယက်ကြောင့်ပဲ။ စိုးရိမ်ပြီး ထုတ်ကြတာ” ဟု CB Bank မှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

ပြည်တွင်းစျေးကွက်တွင်လည်း ရွှေစျေးနှုန်း၊ ဒေါ်လာစျေးနှုန်း၊ အိမ်ခြံမြေစျေးနှုန်း၊ ကားစျေးနှုန်း၊ စားသောက်ကုန် စျေးနှုန်း၊ ဆေးဝါးစျေးနှုန်းများ တဟုန်ထိုးတက်နေပြီး ဝယ်သူသာရှိကာ ရောင်းသူနည်းပါးသော စျေးကွက်ဖြစ်ပေါ် နေသည်ဟု သိရှိရသည်။

ရန်ကုန်တိုင်းရွှေစျေးကွက်နှင့် မန္တလေးတိုင်းရွှေစျေးကွက်များတွင် စျေးကွက် ပေါ်ပေါ်တင် မဖွင့်နိုင်ဘဲ ရွှေစျေးနှုန်းမှာလည်း ပေါက်စျေးသာရှိပြီး အရောင်းအဝယ် မလုပ်ကြကြောင်း သိရှိရသည်။

“ရွှေစျေးက ကြားတာက အခေါက်ရွှေတစ်ကျပ်သား ၃၆ သိန်းကျော်တောင် စျေးဖွင့်နေတယ်။ အဖမ်းအဆီး ကြောက်တာရယ်၊ စျေးကွက်က လန့်နေတာကြောင့် အရောင်းအဝယ် မရှိဘူး။ နီးစပ်ရာ အချင်းချင်း ရင်းနှီးမှုနဲ့ လက်သိပ်ထိုးရောင်းတာမျိုးတော့ ရှိတယ်။ Public ကို ဘယ်သူမှ ပေါ်ပေါ်တင်တင် မရောင်းဘူး။ ရှေ့မှာလည်း ရွှေသမားတွေချည်းပဲ အဖမ်းခံထားရတာ ၅၀ ကျော်လောက်ရှိနေတယ်။ စစ်တပ်ကို လန့်လို့ ဘယ်သူမှ မလုပ်ရဲကြဘူး” ဟု ရန်ကုန်ရွှေကုန်သည်သမားတစ်ဦးက ဆိုသည်။

မန္တလေး ရွှေစျေးကွက်မှာလည်း အရောင်းအဝယ်မရှိဘဲ ပိတ်ထားပြီး စျေးနှုန်းကို ဖုန်းဆက် အချင်းချင်း သတင်းမေး ကြရုံသာရှိသည်ဟု သိရှိရသည်။

ဒေါ်လာစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာ ၃၄၀၀ မှ စတင်၍ ၃၆၀၀ ကျပ်အထိ စျေးနှုန်းအမျိုးမျိုး ပေါက်နေကြပြီး ကြိုက်ရောင်း ကြိုက်ဝယ်ဖြစ်နေသည်ဟု သိရှိရသည်။

“ဝယ်စျေးနဲ့ ရောင်းစျေး ခွာထားတယ်။ အသိမိတ်ဆွေဆိုရင် ဝယ်စျေး ၃၄၅၀ နဲ့ ရောင်းစျေး ၃၆၅၀ လုပ်ပေးပါတယ်။ စျေးအရမ်းခွာထားတာက အပြင်စျေးကွက်မှာအဲဒီလိုဖြစ်နေလို့ပါ။ ကျနော်တို့လည်း ပေါ်ပေါ်တင်တင် မလုပ်ရဲဘူး” ဟု ရန်ကုန်မှ ဒေါ်လာနှင့်ကျပ်ငွေလဲလှယ်ပေးသူ စီးပွားရေးသမားတစ်ဦးက ဆိုသည်။

ထိုင်းဘတ်ငွေနှင့် မြန်မာလဲလှယ်သည့်ငွေစျေးကွက်တွင် ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၉၉ ကျပ်ဝန်းကျင် ရှိနေပြီး အရောင်းစျေးနှင့်အဝယ်စျေး ခွာဟထားကြောင်း သိရှိရသည်။

“တစ်ဘတ်ကို ဝယ်စျေး ၉၄ ကျပ်၊ ရောင်းစျေးကတော့ ၉၉ ဝန်းကျင်လောက် စျေးဖွင့်ထားတယ်။ စျေးတော့ အတော်ဟထားတယ်” ဟု ငွေလဲဟွန်ဒီသမားတစ်ဦးက ဆိုသည်။

အိမ်ခြံမြေစျေးကွက်တွင်လည်း မြောက်ဒဂုံ၊ တောင်ဒဂုံနှင့်အရှေ့ဒဂုံရှိ မြေကွက်များတွင် လက်ရှိ ရှိရင်းစွဲ စျေးနှုန်းထက်ပို၍ အနည်းဆုံး ငွေကျပ်သိန်း ၃၀၀ ခွာ၍ စျေးနှုန်းမြှင့်တင်လာကြပြီး တောင်ဥက္ကလာပမြို့နယ်အတွင်း မြေကွက်များမှာ သိန်းထောင်ချီ စျေးခေါ်ယူလာကြောင်း သိရှိရသည်။

“အိမ်ခြံမြေကတော့ အခိုင်ဆုံးဆိုတော့ ဒီရက်ပိုင်းအတွင်း အဝယ်တွေ တအားကို လိုက်လာတယ်။ ခက်နေတာက အရောင်းနည်းနေတာ။ ရောင်းသူတွေကလည်း စျေးတွေကို မြှင့်ပြီး‌ ခေါ်တယ်။ တိုက်ခန်းနဲ့ကွန်ဒိုတွေဆိုရင်တော့ မြို့ထဲ၊ စမ်းချောင်း၊ တာမွေ၊ ကမာရွတ်ဘက်တွေ ပိုပြီး ဝယ်အားများလာတယ်။ စျေးနှုန်းကတော့ ပိုင်ရှင် စိတ်ကြိုက် စျေးကွက် ဖြစ်နေတယ်” ဟု ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေလေးရပ်ကွက်မှ အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article