30 C
Yangon

သရက်ချောင်း ရငဲရွာခံ စစ်ရှောင် လယ်သမား ၄ ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး ၁ ဦး အသက်အန္တရာယ် စိုးရိမ်နေရ

Must read

သရက်ချောင်း ရငဲရွာခံ စစ်ရှောင် လယ်သမား ၄ ဦး ဖမ်းဆီးနှိပ်စက်ခံရပြီး ၁ ဦး အသက်အန္တရာယ် စိုးရိမ်နေရ

ရန်ကုန်| ဇူလိုင် ၂၅

တနင်္သာရီတိုင်း ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်က ရငဲရွာခံ စစ်ရှောင် လယ်သမား လေးဦးကို စစ်ကောင်စီက ဖမ်းဆီး နှိပ်စက်ခဲ့ပြီး တစ်ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကာ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ရငဲရွာခံ စစ်ရှောင်လယ်သမား လေးဦးကို ဇူလိုင်လ ၂၁ရက်နေ့ နံနက်ပိုင်းက စားဝတ်နေရေး အခက်အခဲကြောင့် အလုပ်ရှာထွက်လာစဉ် စစ်ကောင်စီ တပ်သားများက တွေ့ရှိပြီးနောက် ရိုက်နှက် ဖမ်းဆီး ခံလိုက်ရသည်ဟု ဒေသခံများ ပြောဆိုသည်။

အမည်မဖော်လိုသည့် ရငဲရွာခံ စစ်ရှောင် တစ်ဦးက “ရငဲရွာမှာ အခု အချိန်အထိစစ်ရှောင်တွေ ရှိနေတယ်။ စားဝတ်နေရေး ကလည်း အရမ်း အခက်အခဲ ဖြစ်ကြပါတယ်။ သူတို့ကတော့ အလုပ်ရှာဖို့ ထွက်သွားချိန်မှာ ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ် ” ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးခံရသည့် ရငဲရွာခံ လေးဦးမှာ ဦးသန်းလှ၊ ဦးကျော်ဝင်း၊ ကိုဇေယျာဦးနှင့် ကိုမဲကျော်တို့ ဖြစ်ပြီး ယင်းတို့သည် စစ်ရှောင် လယ်သမားများ ဖြစ်ကာ ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းက အလုပ်ရှာရန် ထွက်လာစဉ် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် တိုးပြီး ဖမ်းဆီးခံရခြင်း ဖြစ်သည်။

စစ်ရှောင် အရေး ကူညီပေးနေသူ တစ်ဦးက “သူတို့ လေးဦးကို မနက်ပိုင်းမှာ ဖမ်းခံရပြီး ညနေပိုင်မှာ ရိုက်နှက် စစ်ဆေးပြီး ပြန်လွတ်ပေးလိုက်တယ်။ ဖမ်းဆီးထားစဉ်မှာလည်း အရမ်းကို နှိပ်စက်ခံရတယ်လို့ ပြောပါတယ်။ တစ်ဦးကတော့ အသက်ကြီးပိုင်း ဖြစ်လို့ ပြင်ထန် ဒဏ်ရာ ရပြီး ဆေးကုသမှု ခံယူနေရတယ် “ဟု ပြောသည်။

လက်ရှိတွင် စစ်ကောင်စီက ဖမ်းဆီး ရိုက်နှက်ခဲ့သည့် လေးဦး အနက် အသက် ၅၀ နှစ် အရွယ် ဦးကျော်ဝင်းမှာ ဒဏ်ရာ ပြင်းထန်ပြီး အသက် အန္တရာယ် စိုးရိမ်နေရကာ ဆေးကုသမှု ခံယူနေရကြောင်း ဒေသခံ စစ်ရှောင်များထံမှ သိရသည်။

ရငဲရွာခံ အများစုသည် လက်ရှိ အချိန်အထိ ရွာအဝင်လမ်းတွင် စစ်ကောင်စီက ပိတ်ဆို့တပ်စွဲထား၍ ရွာထဲသို့ ပြန်လည် ဝင်ရောက်နိုင်ခြင်း မရှိသေးသလို စားဝတ်နေရေး အခက်အခဲကြောင့် ဟင်းစာထွက်ရှာစဉ်တွင် လည်း စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းကို မကြာခဏ ခံနေရသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း သရက်ချောင်းမြို့နယ် ရငဲရွာဘက်သို့ စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ပြီး နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲကာ စစ်ကောင်စီဖက်က ကျေးရွာများသို့ ပစ်ခတ်မှုများ လုပ်သဖြင့် ကျေးရွာပေါင်း ၁၀ ကျော်မှာ ဒေသခံများမှ စစ်ရှောင်နေရာခြင်းဖြစ်သည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် ရငဲရွာ အနီး မြွေတောင်ပေါ်တွင်တပ်စွဲထားခြင်း ဖြစ်သည်။

ရငဲရွာတွင် စစ်ကောင်စီတပ်က တပ်စွဲထား သည်မှာ ၂ လ နီးပါး ရှိနေရာမှ ဒေသခံများကိုလည်း ရွာထဲ ပြန်ဝင်ခွင့် မပေး၍ ဝင်လာသူ ရှိခဲ့လျှင်လည်း သေနတ်နှင့် လိုက်လံ ပစ်ခတ် နှင်ထုတ်သဖြင့် ရွာခံများမှာ အနီးအနားရှိ ရွာများ၊ ဥယျာဥ်ခြံများ အတွင်း၌ ရွေ့ပြောင်း နေထိုင်ကြရသည်။

ထို့ပြင် မိုးတွင်းကာလ ဖြစ်သည့်အတွက် သက်ကြီးပိုင်းများနှင့် ကလေးငယ်များတို့မှာ နာမကျန်း ဖြစ်သူများ ရှိနေသလို ဆေးဝါးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အကူအညီလိုအပ်နေကြောင်း စစ်ရှောင် ကူညီနေသူများထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article