29 C
Yangon

မင်းအောင်လှိုင်သား အောင်ပြည့်စုံ၊ စစ်တိုင်းအောင်၊ အောင်လှိုင်ဦးတို့က ယုံ ကြည်ရသော လူများကို ၎င်းတို့ စီးပွားရေးလုပ်ငန်းများအတွက် အစားထိုး အမည်ခံ ခိုင်းပြီး ပိတ်ဆို့မှုများကို ကျော်လွှားရန် ကြိုးပမ်း

Must read

မင်းအောင်လှိုင်သား အောင်ပြည့်စုံ၊ စစ်တိုင်းအောင်၊ အောင်လှိုင်ဦးတို့က ယုံ ကြည်ရသော လူများကို ၎င်းတို့ စီးပွားရေးလုပ်ငန်းများအတွက် အစားထိုး အမည်ခံ ခိုင်းပြီး ပိတ်ဆို့မှုများကို ကျော်လွှားရန် ကြိုးပမ်း

ရန်ကုန်၊ ဇူလိုင် ၂၆

အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများက မြန်မာ အကြမ်းဖက် စစ်ကောင်စီမှ ဗိုလ်ချုပ်ကြီးများနှင့် ဆက် နွယ်သူများကို စီးပွားရေး ပိတ်ဆို့မှု များ ချမှတ်ထားရာ စီးပွားရေးပိတ်ဆို့ခံထားရသော မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ ၊ စစ်တိုင်းအောင်၊ အောင်လှိုင်ဦးတို့က ၎င်းတို့ကုမ္ပဏီများအတွက် ၎င်းတို့ ယုံကြည်ရသော လူပုဂ္ဂိုလ်များကို အစားထိုး အမည်ခံခိုင်းကာ စီးပွားရေး ပိတ်ဆို့မှုကို ကျော်လွှား လုပ်ငန်းလုပ်ကိုင် လည်ပတ်နေကြောင်း သိရှိရသည်။

အကြမ်းဖက် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံသည် Golden Myanmar Power ဆောက်လုပ်ရေးကုမ္ပဏီအသစ် ထူထောင်ပြီး ဝန်ကြီးဌာနများ၏ တင်ဒါများရယူ ဆောက်လုပ်နေကြောင်း၊ အောင်ပြည့်စုံ အသစ်ထူထောင် လိုက်သော Golden Myanmar Power ဆောက်လုပ်ရေးကုမ္ပဏီသည် ၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့တွင် တရားဝင် ထူထောင်ခြင်းဖြစ်ပြီး ကုမ္ပဏီ၏ ဒါရိုက်တာ အဖြစ် မင်းအောင်လှိုင်က သူ၏ ဝန်ထမ်းဖြစ်သော ဒေါ်ပပအောင်ကို ခန့်အပ်ထားကြောင်း၊ Golden Myanmar Power ကုမ္ပဏီသည် နေပြည် တော် ဇဗ္မူသီရိမြို့နယ်တွင် တည်ရှိကြောင်း သိရှိရသည်။

မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံက ကုမ္ပဏီများစွာ နာမည်အမျိုးမျိုးဖြင့် တည်ထောင်၍ စီးပွားရေးများ လုပ်ကိုင်လျက်ရှိရာ ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf စသည့် အမည်များစွာဖြင့် လုပ်ကိုင်လျက်ရှိရာမှ ယခုအခါ Golden Myanmar Power ဆောက်လုပ်ရေးကုမ္ပဏီအသစ်ကို ထပ်မံ ထူထောင်လိုက်ခြင်းဖြစ်သည်။

အောင်ပြည့်စုံသည် Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited အပါအဝင် ကုမ္ပဏီများစွာနှင့် လုပ်ငန်းများစွာကို ပိုင်ဆိုင်ထားပြီးဖြစ်သည်။

အလားတူ နန္ဒကျော်အေး ဆိုသူကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် နေထိုင်၍ အကြမ်းဖက် မင်းအောင်လှိုင်၏ သား အောင်ပြည့်စုံအတွက် နာမည်ခံ အလုပ်လုပ်ကိုင်ပေးမှုများရှိနေကြောင်း သိရှိရသည်။ ထို့ပြင် အောင်ပြည့်စုံ၏ လူယုံ မောင်မောင်နိုင်ကလည်း လက်ရှိတွင် စီးပွားရေးလုပ်ငန်းအများအပြားတွင် နာမည်ခံပေးရမှု ပိုမိုများပြား လာကြောင်း သိရှိရသည်။

လက်ရှိတွင် Golden Myanmar Power ကုမ္ပဏီက ကျန်းမာရေးဝန်ကြီးဌာန၏ တင်ဒါဖြစ်သော ရန်ကုန်ဆေးရုံကြီးဝင်းအတွင်းရှိ ဆေးရုံအုပ်ကြီးနေအိမ်၊ တွံတေးမြို့နယ်ဆေးရုံဝင်းအတွင်းရှိ ဆေးရုံအုပ်နေအိမ် အပါအဝင် တင်ဒါ ဆောက်လုပ်ခွင့်များစွာကို တည်ဆောက်နေကြောင်း သိရှိရသည်။

အောင်ပြည့်စုံပိုင် Sky One Construction သည် တပ်မတော်ဆေးရုံများ၊ စာသင်ခန်းများ၊ စစ်တက္ကသိုလ်ဆိုင်ရာ အဆောက်အအုံများ၊ လက်နက်သိုလှောင်ရုံနှင့်စက်ရုံ၊ တပ်ရင်းတပ်ဖွဲ့များ တိုးချဲ့ အဆင့်မြှင့်တင်ခြင်း အပါအဝင် စစ်တပ် တင်ဒါအားလုံးကို တစ်ဦးတည်း မူပိုင်ရရှိ လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီလည်းဖြစ်သည်။

ထို့ပြင် စီးပွားရေးပိတ်ဆို့ခံထားရသော စစ်တိုင်းအောင်က ၎င်း၏ လူယုံ ရဲဖုန်းလှိုင်ကို Suntac Engineering and Construction၊ Suntac Group of Companies ၏ မန်နေဂျင်းဒါရိုက်တာအဖြစ် လုပ်ကိုင်စေကြောင်း သိရှိရသည်။

ဥရောပသမဂ္ဂ၏ စီးပွားရေးပိတ်ဆို့ အရေးယူမှု ခံနေရသော စစ်တပ်အတွက် လက်နက်ပွဲစားလုပ်နေသူ MCM ဥက္ကဋ္ဌ အောင်လှိုင်ဦးမှာလည်း ၎င်း ယုံကြည်ရသော လူယုံကို အမည်ခံခိုင်း၍ စီးပွားရေးလုပ်ကိုင်စေခြင်း၊ ဘဏ်စာရင်းများ ဖွင့်လှစ်စေခြင်းများ လုပ်ကိုင်နေကြောင်း သိရှိရသည်။ အောင်လှိုင်ဦးသည် မင်းအောင်လှိုင်၏ လူယုံတစ်ဦးလည်းဖြစ်သည်။

“စီးပွားရေးပိတ်ဆို့ခံထားရတဲ့သူတွေက လူယုံတွေ နဲ့ သူတို့ ယုံကြည်စိတ်ချရတဲ့ အမျိုးမကင်းသူတွေကို နာမည် ခံခိုင်း၊ အမည်တွေပြောင်းလဲပြီး ဘဏ်စာရင်းတွေကို စင်ကာပူ၊ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတွေမှာ ဘဏ်အကောင့်တွေ ဖွင့်၊ ငွေတွေ လွှဲပြောင်း၊ ပြည်ပမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို နာမည်လွှဲပြောင်းတာတွေ လုပ်နေကြတယ်။ အဲဒီလိုနည်းလမ်းနဲ့ စီးပွားရေးပိတ်ဆို့မှုကို ကျော်လွှားနေကြတယ်။ ပိတ်ဆို့ခံထားရတဲ့ ဗိုလ်ချုပ်တွေနဲ့ မိသားစုတွေလည်း အဲဒီလိုတွေ အမည်ခံခိုင်းပြီး ပိုင်ဆိုင်မှု ရွှေ့ပြောင်းတာတွေ လုပ်နေကြတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများအပေါ် အလွန် ရက်စက်သော ပြစ်မှုများ ကျူးလွန်ပြီး သတ် ဖြတ်နေသဖြင့် အမေရိကန်၊ ဥရာပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံများက ပြင်းထန်သော စီးပွား ရေးပိတ်ဆို့မှုများကို ဆက်တိုက်ဆိုသလို ချမှတ်လျက်ရှိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article